ကျူးကျော်အိမ်ရာအတွက် မတည်နိုင်သေးသော ရန်ကုန်တိုင်းအစိုးရ၏ သုံးနှစ်ပြည့်ကတိ

ကျူးကျော်အိမ်ရာအတွက် မတည်နိုင်သေးသော ရန်ကုန်တိုင်းအစိုးရ၏ သုံးနှစ်ပြည့်ကတိ
 ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း ကျူးကျော်နေထိုင်နေကြသူများကို တွေ့ရစဉ်
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း ကျူးကျော်နေထိုင်နေကြသူများကို တွေ့ရစဉ်
Published 31 March 2019
ဖြိုးဝေ

(၁)

ဘူဒိုဇာအစိုးရမဖြစ်လိုတဲ့အတွက် ကျူးကျော်ပြဿနာဖြေရှင်းဖို့ ကြိုးစားနေပြီး  ဒီလိုကျူးကျော်ဖြစ်ရတာဟာ အစိုးရမှာ တာဝန်ရှိလို့ မြေရအောင် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စကားဟာ နာမည်ကျော်ပါတယ်။

မြေရအောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တဲ့အပြင် ကျူးကျော်တွေကို တိုက်ခန်းပေးမယ်ဆိုတဲ့စကားကလည်း ရန်ကုန်တိုင်းက ကျူးကျော်မိသားစု ငါးသိန်းလောက်အတွက် နတ်ဗိမ္မာန်ရတော့မလိုမျိုး ခံစားခဲ့ရ၊ ရန်ကုန်တိုင်းအစိုးရထုတ်ပေးတဲ့ ကျူးစလစ်နဲ့ လူဖြစ်ရကျိုးနပ်ပြီ မှတ်ယူကြပေမဲ့ ရန်ကုန်တိုင်း အစိုးရသက်တမ်းသုံးနှစ်ပြည့်တဲ့အချိန်အထိတော့ မတည်နိုင်သေးတဲ့ ကတိအဆင့်ပါ။

တစ်ဖက်မှာလည်း ကျူးကျော်အိမ်ရာ မက်လုံးနဲ့ ပိုပိုပြီးများလာတဲ့ ရွှေ့ပြောင်းလုပ်သားပြဿနာကို ရင်စည်းခံနေရတဲ့ ရန်ကုန်မှာ တန်ဖိုးနည်းအိမ်ရာ ဆောက်မယ်ဆိုရင် အစိုးရက မြေတန်ဖိုးသုညအထိ ချပေးမယ်လို့ ပြောနေပေမဲ့လည်း လက်တွေ့တော့ စွမ်းဆောင်ပြနိုင်ခြင်း နတ္ထိပါ။

ရွေးကောက်ပွဲ ကတိကဝတ်တွေကို မတည်သေးခဲ့သလို ရန်ကုန်တိုင်းလွှတ်တော်ကနေ ကျူးကျော်တွေအတွက် နေစရာတွေ၊ အိမ်ရာတွေ ဖန်တီးပေးမယ်ဆိုတဲ့ အစိုးရရဲ့ ကတိစကားကြောင့် ဘီလျံပေါင်းများစွာ ခွင့်ပြုခဲ့ပေမဲ့လည်း အကောင်အထည်ဖော်မယ်ပြောခဲ့တာက ကတိထားခဲ့တာတခြား၊ လက်တွေ့မှာ အကောင်အထည်ဖော်နေတာက တခြားနဲ့ ခုတ်ရာတလွှဲ ရှရာတခြား ဖြစ်နေဆဲ ကျူးကျော်အိမ်ရာစီမံကိန်းဟာ ရန်ကုန်ပြည်သူတွေအတွက်တော့ ရန်ကုန်တိုင်းအစိုးရရဲ့ မတည်သေးသော ကတိဖြစ်နေသလို ကျူးကျော်အိမ်ရာစီမံကိန်းအတွက် လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအတွက်လည်း အကောင်အထည်မဖော်ပြနိုင်တဲ့ အစိုးရရဲ့ ကတိကဝတ်အတွက် ရန်ကုန်အစိုးရရဲ့ ကျူးကျော်စီမံကိန်းဟာ ဘယ်တော့များမှ အကောင်အထည်ပြမလဲ။ ဘယ်တော့များမှ လွှတ်တော်ကို လာရှင်းပြမလဲဆိုတာ စိတ်မောစွာစောင့်ကြည့်နေရတဲ့ အခြေအနေပါ။

ရွေးကောက်ပွဲကြေညာစာတမ်း ကတိကဝတ်လည်း မတည်နိုင်၊ လွှတ်တော်တွင်းမှာ ပြောသွားသလိုလည်း မဖြစ်လာနဲ့ ရန်ကုန်အစိုးရရဲ့ ကျူးအိမ်ရာမက်လုံးဟာ သုံးနှစ်ပြည့်လာတာတောင် ဘာတစ်ခုမှ ထူးခြား မလာတာ ဘယ်သူ့အားနည်းချက်လဲဆိုတာနဲ့ ဘယ်တော့မှ မတည်တော့မယ့် ကတိလားလို့လည်း မေးစရာဖြစ်လာနေပါတယ်။

(၂)

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ကျူးကျော်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မေးခွန်းမေးခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဖြေဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကျူးကျော်တွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေမှုတွေကို ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဖြေဆိုခဲ့ရာမှာ ကျူးကျော်တွေကို လေ့လာမယ်ဆိုရင် စီးပွားဖြစ်ကျူးကျော်နဲ့ အမှန်အကန်ကျူးကျော်သူ နှစ်မျိုးတွေ့ရပြီး အစစ်အမှန်ကျူးကျော်တွေကို ရန်ကုန်တိုင်းအစိုးရက စာရင်းကောက်သွားမယ်။ အမှန်တကယ် ကျူးကျော်သူတွေကို ဦးစားပေးပြီး ထောက်ပံ့ကူညီသွားမယ်လို့ ဖြေခဲ့ပြီး စီးပွားဖြစ် ကျူးကျော်တွေကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဖြေခဲ့ပါတယ်။

အစစ်အမှန်ကျူးကျော်တွေကို ကူညီသွားမယ်လို့ ဖြေခဲ့ရာမှာဆိုရင် အိမ်ရာတွေ အကောင်အထည်ဖော်ရင် သူတို့ကို ဦးစားပေးမယ်။ ခန့်မှန်းစာရင်းအရ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုမှာ ကျူးကျော်အိမ်ထောင်စု ၁၁၆၉၇၅ စုရှိပြီးတော့ လူဦးရေ ၄၄၁၆၄၆ ဦး ရှိတယ်လို့ ဖြေခဲ့ပါတယ်။

ကျူးမိသားစုဝင် လေးသိန်းကျော်ငါးသိန်းနဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရအဖွဲ့က လုပ်ဆောင်မှုအဖြစ် တိုက်ခန်း ၂၂၀၈ ခန်း ဆောက်လုပ်ထားပြီးတာနဲ့ ယုဇန အပိုင်း ၁၊ ၂ အပါအဝင် မြို့နယ်လေးမြို့နယ်မှာ အခန်း ၈၀၀၀ တည်ဆောက်ဖို့  လျာထားတယ်လို့ ဆိုပါတယ်။ ကျန်စစ်သား အိမ်ရာမှာ အခန်း ၁၂၆၀၊ အောင်ချမ်းသာအိမ်ရာမှာ အခန်း ၃၄၀၀၊ ဒဂုံဆိပ်ကမ်းမှာ အခန်း ၁၀၄၀၊ ဒဂုံ (အရှေ့ပိုင်း) မှာ အခန်း ၂၃၀၀ တည်ဆောက်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာ ရပ်ကွက်အသစ်တစ်ခု ဖော်ထုတ်ဖို့ လျာထားပြီး ထန်းတစ်ပင်မြို့နယ်က ကွင်းအမှတ် ၃၁၄ မြေ ဧက ၅၃၄ ဧကရှိတယ်လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဖြေဆိုခဲ့ပါတယ်။ အဲဒီနေရာအတွက် လျာထားဧကဟာ (၂၀_၃၀) ပေ အကွက်ပေါင်း ၁၅၀၀၀ လျာထားပြီး အရန်မြေအဖြစ် လှိုင်သာယာကနေ တွံတေးဘက်သွားတဲ့အခြမ်းမှာ မြေဧက ၁၀၀၀၀ လျာထားပြီးဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

ဒီလို ဖြေဆိုခဲ့ပေမယ့် ကျူးကျော်တွေအတွက်တော့ ဘာတစ်ခုမျှ ဒီနေ့အထိ ဖြစ်မလာသေးပါဘူး။ ရန်ကုန်တိုင်းအစိုးရက လုပ်မယ်ဆိုတဲ့ အခန်း ၈၀၀၀ ဟာလည်း အဓိကအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအတွက် အခန်းအရေအတွက် အနည်းငယ်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။

မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ရောင်းချတဲ့အခန်းတွေကိုကြည့်မယ်ဆိုရင်လည်း CHID မှာ တိုက်ခန်းရဲ့ ရာခိုင်နှုန်း ၃၀ လောက် သွင်းထားတဲ့သူတွေကိုတောင် လုံလောက်အောင်ရောင်းချမပေး နိုင်သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချပေးတယ်ဆိုတဲ့ တိုက်ခန်းတွေမှာလည်း ကျူးကျော်တွေအတွက် မဟုတ်ခဲ့ဘဲ ရန်ကုန်သန်းခေါင်စာရင်း ၆၆/ ၆ ရှိမှ ဝယ်ခွင့်ရမယ်ဆိုတဲ့အချက်နဲ့တင် ကျူးကျော်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေဟာ ဝယ်ယူနိုင်စွမ်းရှိရင်တောင် ဝယ်ယူခွင့်မရခဲ့တဲ့ အခြေအနေပါ။

ရန်ကုန်တိုင်းအစိုးရကိုယ်စား ဗိုလ်မှူးကြီးတင်အောင်ထွန်းဖြေဆိုခဲ့တဲ့ ထန်းတစ်ပင်မြို့နယ်က ကွင်းအမှတ် ၃၁၄ မြေဧက ၅၃၄ ဧက (မြေကွက်ပေါင်း ၁၅၀၀၀ ) နဲ့ လှိုင်သာယာကနေ တွံတေးဘက်သွားတဲ့အခြမ်းက လျာထားမြေဧက ၁၀၀၀၀ ဟာ လက်ရှိအခြေအနေမှာ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို ပြည်သူတွေအားလုံး သိရှိမှုမရှိသေးသလို ဒီမြေနေရာတွေဟာ ကျူးအိမ်ရာ မြေကွက်စီမံကိန်းကနေ ဘယ်စီမံကိန်းဖြစ်သွားပြီလဲဆိုတာ ရန်ကုန်တိုင်းအစိုးရက ရှင်းလင်းပြောကြားမှု လုံးဝမရှိသေးတာပါပဲ။ ပိုပြီးဆိုးတာက လက်ရှိအခြေအနေမှာ ကျူးကျော်အိမ်ထောင်စုပေါင်းဟာ နှစ်သိန်းနီးပါး ဖြစ်လာနေပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ခန့်မှန်းပါတယ်။ ဘာကြောင့်လဲဆို ကျန်တဲ့မြို့တွေထက် အလုပ်အကိုင်အခွင့်အလမ်းပေါတဲ့ ရန်ကုန်မြို့ဆီကို ရွှေ့ပြောင်းလုပ်သားတွေ အဆက်မပြတ်စီးဝင်လာမှု၊ နေစရိတ်ကြီးမြင့်မှုနဲ့ အရင်တုန်းက မရှိခဲ့တဲ့နေရာတွေမှာ ကျူးကျော်တွေ လာပြီးနေနေတာကြောင့် အိမ်ထောင်စုပေါင်း နှစ်သိန်းလောက် ဖြစ်လာနေပြီလို့ သုံးသပ်ကြတာပါ။ အိမ်ထောင်စုနှစ်သိန်းလောက်သာ တကယ်ဖြစ်လာပြီဆိုရင် ရှေ့က ကျူးမိသားစုတွေအတွက်တောင် ပေးထားတဲ့ကတိ မတည်သေးတဲ့ ရန်ကုန်တိုင်းအစိုးရအတွက်တော့ ပိုအခက်ကြုံဖို့ ရှိပါတယ်။

(၃)

ရှေ့မှာရှိနေတဲ့ ကျူးကျော်တွေအတွက်တောင် ပေးထားတဲ့ ကတိမတည်သေးချိန်မှာ  ရန်ကုန်တိုင်းအစိုးရက ပြည်သူတွေနဲ့ လွှတ်တော်ကို စနစ်တကျရှင်းပြမှုမရှိဘဲ တရုတ် CCCC နဲ့ လုပ်ဆောင်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ကျူးကျော်တွေ ထပ်တိုးလာမယ့် အခြေအနေကိုလည်း ဖန်တီးနေပြီဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်မှာပါမယ့် စက်မှုဇုန်ကနေ အလုပ်အကိုင်အခွင့်အလမ်းနှစ်သန်းလို့ ကြွေးကြော်ထားပေမယ့် ဒီစက်ရုံတွေမှာ လာလုပ်မယ့်၊ ရန်ကုန်မြို့သစ်စတင်ချိန်မှာ ပါဝင်လာမယ့် လုပ်သားတွေအတွက်အိမ်ရာတွေ ဖန်တီးပေးဖို့ စနစ်တကျ ချမပြနိုင်တာကြောင့် ရန်ကုန်မှာ စက်မှုဇုန်တစ်ခုအသစ် တည်ထောင်တိုင်း ကျူးကျော်တွေပိုပိုများလာတဲ့ အစဉ်အလာအတိုင်း ရန်ကုန်မြို့သစ်ဟာ ကျုးကျော်တွေသိန်းပေါင်းများစွာ တိုးလာတာကို ရင်ဆိုင်ရနိုင်တဲ့ အခြေအနေကလည်း ရှိနေပြန်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဟာ အစိုးရက တစ်ဧကကို ကျပ်သိန်း ၁၀၀ သတ်မှတ်ပြီး မူလပိုင်ဆိုင်သူတွေကို ကျပ်သိန်း ၃၀၀ ဒါမှမဟုတ် ၈၀၊ ၂၀ ပြန်ပေးမှာဖြစ်ပြီး မြို့မြေဖြစ် လာချိန်မှာ အနည်းဆုံးအဖြစ် တစ်ဧကကို ကျပ်သိန်း ၃၀၀၀ ကနေ စတင်ရောင်းချနိုင် ဖွယ်ရှိပါတယ်။

ဒီလို တစ်ဧက ကျပ်သိန်း ၃၀၀၀ နဲ့သာ ရောင်းလာရင် ကျူးကျော်တွေဟာ ရန်ကုန်မြို့သစ်မှာ အနားတောင် ကပ်နိုင်ဖို့မရှိပါဘူး။ နောက်တစ်ချက်အနေနဲ့ဆိုရင်လည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ကျူးအိမ်ရာတွေနဲ့ အိမ်ရာစီမံကိန်းတွေအတွက်ဆိုပြီး ကျပ် ၆၄ ဘီလျံကို ရန်ကုန်တိုင်းအစိုးရကိုအ သုံးပြုခွင့်ပေးထားတာပါ။

ဒီလို ကျပ် ၆၄ ဘီလျံကို ရန်ကုန်တိုင်းအစိုးရက ရန်ကုန်တိုင်းလွှတ်တော်ဆီ တောင်းခံစဉ်အချိန်မှာ ရည်ရွယ်ချက်ငါးချက်ပါပါတယ်။

အဲဒီရည်ရွယ်ချက်ငါးချက်က

၁။ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ အိမ်ရာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခြေခံလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။

၂။ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်နိုင်စေရန် ပြင်ဆင်ပေးခြင်း။

၃။ ဝန်ထမ်းအိမ်ရာများ၊ ပင်စင်စားအိမ်ရာများ တည်ဆောက်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း။

၄။ ရန်ကုန်မြို့တော်တွင် ကျူးကျော်များ တိုးတက်များပြားလာခြင်းအား အထိုက်အလျှောက် လျော့နည်းစေရန် ကျုးကျော် ၂၇၀၀၀ ခန့် နေရာချထားနိုင်ရန် ရည်ရွယ်ထားခြင်း။

၅။ ကုမ္ပဏီထူထောင်ရခြင်းမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြှင့်အိမ်ရာများ၊ စျေးများ၊ လေယာဉ်ကွင်း၊ ပင်လယ်ရေနက်ဆိပ်ကမ်းများအပါအဝင် မဟာရန်ကုန်မြို့သစ် ဖော်ထုတ်ရေး၊ ဆောက်လုပ်ရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားခြင်း။

ဆိုတဲ့ အချက်တွေနဲ့ တောင်းခံလာတဲ့အတွက် ရန်ကုန်တိုင်းလွှတ်တော်က ကျပ် ၆၄ ဘီလျံ ခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီ ၆၄ ဘီလျံ ကို ရန်ကုန်တိုင်းအစိုးရက Yangon Metropolitan Development အများပိုင်ကုမ္ပဏီမှာ ကျပ် ၅၄ ဘီလျံနဲ့ New Yangon Development ကုမ္ပဏီမှာ ကျပ် ၁၀ ဘီလျံမြှုပ်နှံခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီကုမ္ပဏီနှစ်ခုဟာ အိမ်ရာစီမံကိန်းတွေလုပ်နေတယ်ဆိုပေမယ့် ကျူးကျော်တွေအတွက် အိမ်ရာစီမံကိန်းလုပ်နေတာကို တိတိပပ ပြည်သူတွေ သိခွင့်မရပါဘူး။

Yangon Metropolitan Development အများပိုင်ကုမ္ပဏီဟာ ပြည်တော်သစ်အိမ်ရာစီမံကိန်း၊ ငွေပင်လယ်ဇုန်၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာတွေအတွက် လုပ်ဆောင်နေတာကို အဓိကတွေ့ရပြီး ရန်ကုန်တိုင်းအတွင်းက ကျူးကျော်နေထိုင်သူတွေအတွက် ပြန်လည်နေရာချထားရေး အိမ်ရာဆောက်လုပ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း Berjaya Land Berhad နဲ့ လက်မှတ်ရေးထိုးခဲ့တာ တွေ့ရပေမယ့် လက်ရှိအချိန်မှာတော့  Berjaya Land Berhad နဲ့ လုပ်ငန်းလုပ်ဆောင်မှု ပျောက်နေတာ တွေ့ရပါတယ်။

Berjaya Land Berhad နဲ့ ကျုးကျော်အိမ်ရာစီမံကိန်းအတွက် လုပ်ဆောင်နေတာ ပျောက်နေပေမယ့် ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ Facebook ကနေ  တွံတေးမြို့နယ်အတွင်းမှာ ပြည်သူ့ဘဝမြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် Berjaya Myanmar ကုမ္ပဏီက ဆောင်ရွယ်မယ့် မြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးဦးကျော်လင်းနဲ့အတူ ဦးဖြိုးမင်းသိန်းက သွားရောက်ကြည့်ရှုတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီလို သွားရောက်ကြည့်ရှုရာမှာဆိုရင် Berjaya Myanmar ကုမ္ပဏီက တာဝန်ရှိသူလို့ ယူဆနိုင်သူက ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ သက်ဆိုင်မှု မရှိတဲ့ စစ်အာဏာရှင် ဦးနေဝင်းရဲ့မြေး ဦးကျော်နေဝင်းပါဝင်နေတာကြောင့် Berjaya Myanmar ကုမ္ပဏီဟာ မလေးရှား Berjaya Land Berhad နဲ့ ဦးကျော်နေဝင်းတို့ ပူးပေါင်းထားတယ်လို့ ယူဆမှုတွေရှိခဲ့သလို Berjaya Myanmar ကုမ္ပဏီဟာ ဦးကျော်နေဝင်းကုမ္ပဏီလားလို့ ဦးဖြိုးမင်းသိန်းရဲ့ Facebook မှာ မေးမြန်း သူတွေ ရှိခဲ့ပါတယ်။

တွံတေးမြို့နယ်အတွင်းမှာ ပြည်သူ့ဘဝမြှင့် တင်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးအတွက် Berjaya Myanmar ကုမ္ပဏီက ဆောင်ရွယ်မယ့် မြေနေရာဆိုရာမှာ တွံတေးမြို့နယ်ဟာ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပါဝင်မယ့် မြို့နယ်လည်းဖြစ်လို့ ဒီမြေနေရာဟာ ဘာလုပ်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။

အခြားတစ်ဖက်မှာဆိုရင်လည်း ကျုးကျော်တွေအတွက် အိမ်ရာမဟုတ်တော့ဘဲ၊ ကျုးကျော်တွေဝယ်နိုင်မယ့် အိမ်ရာမျိုး၊ အငှားအိမ်ရာမျိုး မဟုတ်တော့ဘဲ စီမံကိန်းတစ်ခုလုံး ပြောင်းသွားပြီလား တွေးစရာပါ။ ဘယ်လိုတွေးစရာဖြစ်ဖြစ် Yangon Metropolitan Development အများပိုင်ကုမ္ပဏီဟာ Berjaya Land Berhad နဲ့ ကျုးကျော်အိမ်ရာစီမံကိန်းအတွက် လုပ်ဆောင်နေတာ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာနဲ့ Berjaya Myanmar ကုမ္ပဏီဟာ ဦးကျော်နေဝင်းကုမ္ပဏီလား။ ဦးကျော်နေဝင်းရဲ့ ကုမ္ပဏီနဲ့ မလေးရှား Berjaya တို့ ပူးပေါင်းထားတာလားဆိုတာကို ပြည်သူသိဖို့ ရှင်းပြဖို့လိုအပ် ပါတယ်။ ဒါမှလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောထားတဲ့ ကျူးကျော်အိမ်ရာစီမံကိန်းကို မျှော်လင့်နေတဲ့ ပြည်သူတွေဟာ ငါတို့အတွက် အိမ်ရာလုပ်နေတာ ဘယ်လိုအဆင့်ရောက်နေပြီဆိုတာကို သိရှိကြမှာဖြစ်သလို ရန်ကုန်တိုင်းလွှတ်တော်ကလည်း ငါတို့လွှတ်တော်က ခွင့်ပြုလိုက်တဲ့ ပြည်သူ့ဘဏ္ဍာတွေဟာ အဟောသိကံမဖြစ်ဘဲ တကယ်ကို စီမံကိန်းတွေ လုပ်နေတယ်လို့ သိရှိနိုင်မှာဖြစ်ပါတယ်။

(၄)

ဘူဒိုဇာအစိုးရမဖြစ်လိုဘူး။ ကျူးကျော်တွေအတွက် အိမ်ရာတည်ဆောက်ပေးမယ်ဆိုတဲ့ မစားရဝခမန်းစကားတွေနဲ့ ပြည်သူကို အိပ်မက်ပေးခဲ့တာ အခုဆိုရင် သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။

ဒီလိုမျိုး သုံးနှစ်ပြည့်လာပြီဖြစ်ပေမယ့် ကျူးအိမ်ရာဟာ အကောင်အထည်ဖော်နိုင်မှု မရှိသေးသလို ဖန်တီးပေးမယ်ဆိုတဲ့ မြေကွက်တွေကလည်း ဘယ်ရောက်ကုန်ပြီဆိုတာကို ပြည်သူတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေလည်း သိရှိမှု မရှိသေးပါဘူး။

တစ်ဖက်မှာလည်း အိမ်ရာစီမံကိန်းအတွက် Yangon Metropolitan Development အများပိုင်ကုမ္ပဏီမှာ ကျပ် ၅၄ ဘီလျံနဲ့ New Yangon Development ကုမ္ပဏီမှာ ကျပ် ၁၀ ဘီလျံ မြှုပ်နှံထားတယ်ဆိုပေမဲ့ ဒီကုမ္ပဏီနှစ်ခုလုပ်ဆောင်နေမှုဟာ ကျူးတွေအတွက် လုပ်နေတာလား။ သူဌေးတွေအတွက် လုပ်နေတာလားဆိုတာကို ပြည်သူတွေက ကွဲကွဲပြားပြားသိရှိမှု မရှိသေးသလို တစ်ဖက်မှာလည်း ဒီကုမ္ပဏီနှစ်ခုက သုံးနေတဲ့ ကျပ် ၆၄ ဘီလျံဟာ လွှတ်တော်က ခွင့်ပြုပေးခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲလုပ်ဆောင်နေသလားလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ရှုမြင်စရာဖြစ်နေပါတယ်။

ဒါ့အပြင် New Yangon Development ကုမ္ပဏီဆိုရင် ၂၀၁၄ ခုနှစ် ဧပြီ ၃၀ အထိ ဝင်ငွေမရသေးဘဲ ကျပ် ၉၂ သန်းကျော်ကို အသုံးစရိတ်အဖြစ် သုံးစွဲထားပါတယ်။ ဒီလိုသုံးစွဲထားမှုတွေအတွက် ပြင်ပစာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ထားတာ မရှိသေးဘူးလို့ စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုး ရန်ကုန်တိုင်းအစိုးရက ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ အဖွဲ့အစည်းတွေဆီ ကျပ် ၁၃၄  ဘီလျံ ရင်းနှီးမြှုပ်နှံမှုတွေဟာ စွန့်စားမှုတွေနဲ့ ဆောင်ရွက်ရတာဖြစ်လို့ မမျှော်မှန်းနိုင်တဲ့ ပြဿနာတွေဖြစ်ရင် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေတွေ ဆုံးရှုံးနိုင်တာကြောင့် နိုင်ငံတော်ဘက်က အကာအကွယ်တွေ လုပ်ထားဖို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရက ကျပ် ၁၃၄ ဘီ လျံသုံးပြီး အဖွဲ့အစည်းလေးခုမှာ ရင်းနှီးမြှုပ်နှံခဲ့ရာမှာဆိုရင်  New Yangon Development ကုမ္ပဏီကလွဲပြီး ကျန်တဲ့ကုမ္ပဏီသုံးခုဟာ ကုမ္ပဏီတွေဆီ ရှယ်ယာဝင်ထားတာပါ။ ဒီလိုမျိုး ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီတွေမှာ ကျုးအိမ်ရာစီမံကိန်းအတွက် ထင်ထင်ရှားရှားလုပ်မပြနိုင်တဲ့အပြင် ပိုဆိုးနိုင်တာက ရန်ကုန်တိုင်းအစိုးရလွှဲပြောင်းရယူထားတဲ့ နိုင်ငံပိုင်မရမ်းကုန်းဗီလာကမြေ ၁၁ ဒသမ ၈၉ ဧကနဲ့ အဆောက်အအုံခြောက်လုံးကို ကုမ္ပဏီပိုင်ငွေတွေနဲ့ ပေးချေထားတာ၊ ဆူးလေဘုရားလမ်းက နိုင်ငံပိုင်အဆောက်အအုံကို ကုမ္ပဏီက ပြင်ဆင်ဆောင်ရွက်ထားတာကြောင့် နောင်အချိန်မှာ ပိုင်ဆိုင်မှုရှုပ်ထွေးလာနိုင်တဲ့ အခြေအနေပါ။ နိုင်ငံပိုင်မြေတွေ အဆောက်အအုံတွေကို ကုမ္ပဏီက ပိုင်ဆိုင်မှုပြလိုက်ပြီဆိုတာနဲ့ နစ်နာရနိုင်တာ နိုင်ငံဖြစ်ပါတယ်။ ဒီလိုမျိုးအရှုပ်အထွေးတွေနဲ့ပတ်သက်ပြီး ဘာကြောင့်ဘယ်လိုဖြစ်ရတယ် ဆိုတာကို ရန်ကုန်တိုင်းအစိုးရက လပေါင်းများစွာကြာတဲ့အထိ ရန်ကုန်တိုင်းလွှတ်တော်ကို လာရောက်ရှင်းပြမှု မရှိတာဟာ အ့ံသြစရာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာဆိုရင် NLD ပါတီက မြို့ပြဖွံ့ဖြိုးရေးကဏ္ဍမှာဆိုရင် “သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေးအကြောင်းများကြောင့်လည်းကောင်း၊ လယ်ယာမြေသိမ်းဆည်းခံရသည့်အတွက်လည်းကောင်း မြို့ပြသို့ပြောင်းရွှေ့လာသည့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ ပြန်လည်နေရာချထားရေးအတွက်  စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်မည်” ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။ ဒီလို ကြွေးကြော်ခဲ့ပေမယ့် ကျုးကျော်တွေအတွက် အိမ်ရာတည်ဆောက်ပေးမယ်ဆိုပေမယ့် သုံးနှစ်ပြည့်တဲ့အချိန်အထိတော့ ရန်ကုန်တိုင်းအစိုးရဟာ ပေးထားတဲ့ကတိ မတည်နိုင်သေးတဲ့အပြင် ချထားတဲ့ဘတ်ဂျက်တွေကို ဘယ်လိုသုံးနေလဲဆိုတာကိုတောင် လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းထုတ်နေတဲ့ကြားက တိတိပပဖြေနိုင်တာ မတွေ့ရပါဘူး။

ဒီလိုမျိုး တိတိပပ မဖြေနိုင်တာဟာ အမှန်တကယ်စေတနာထားပြီး လုပ်နေလျက်နဲ့ နှောင့်နှေးနေတာဆိုရင် ပြဿနာမဖြစ်နိုင်ပေမယ့် ရွေးကောက်ပွဲလာတော့မယ့် ၂၀၂၀ ပြည့်နှစ်နဲ့ချိန်လုပ်နေတာ၊ ချပေးထားတဲ့ ဘတ်ဂျက်တွေကို မူရင်းရည်ရွယ်ချက်အတိုင်း မသုံးဘဲ တလွဲသုံးနေတာဆိုရင်တော့ ပြဿနာရှိလာနိုင်ပါတယ်။ သေချာတာကတော့ ကျုးကျော်တွေအတွက် အိမ်ရာတည်ဆောက်ပေးမယ်လို့ ရန်ကုန်တိုင်းအစိုးရက ကတိပေးထားပြီး သုံးနှစ်ပြည့်တဲ့အထိ ကတိမတည်သေးတာနဲ့ ချပေးထားတဲ့ ဘတ်ဂျက်တွေ ဘယ်လိုသုံးနေလဲဆိုတာကို လွှတ်တော်က စာရင်းစစ်ချုပ်အစီရင်ခံစာဖတ်ပြီး မေးခွန်းထုတ်ထားတာတွေ လာမဖြေသေးတာဟာ ဘာကြောင့်လဲဆိုတာကို အားလုံးက စိတ်ဝင်တစားစောင့်မျှော်နေသလို ပေးထားတဲ့ကတိအတိုင်း တည်ဖို့လည်း ပြည်သူတွေက စောင့်ကြည့်နေတယ်ဆိုတာ ရန်ကုန်တိုင်းအစိုးရ သတိပြုမိစေလိုပါတယ်။

 

 

 

Most Read

Most Recent