တနသာင်္ရီတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် တိုင်းဒေသကြီးလွှတ်တော် သဘောတူ

တနသာင်္ရီတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် တိုင်းဒေသကြီးလွှတ်တော် သဘောတူ
Published 22 March 2019
ဖြိုးဇင် (ထားဝယ်)

တနသာင်္ရီတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား လစ်လပ်လျှက်ရှိသော တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတ၏ အဆိုပြုမှုကို တိုင်းဒေသကြီး လွှတ်တော်က ကန့်ကွက်သူမရှိဘဲ သဘောတူခဲ့့သည်။ 

မတ် ၂၂ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် တနသာင်္ရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) တွင် လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦး ရှိသည့်အနက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အမှုဖွင့် ဖမ်းဆီးထားမှုကြောင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် မှလွဲ၍ ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်ခဲ့သဖြင့် အစည်းအဝေး အထမြောက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ 

53788219_589490048128016_8902218507291197440_n.jpg

နိုင်ငံတော်သမ္မတ က အဆိုပြုထားသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် အားတွေ့ရစဉ်

 

ထို့နောက် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို ့မတ် ၁၈ ရက်က ပေးပို့ခဲ့သည့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုပြုစာအား တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြုချက် ရယူရာတွင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်သူ မရှိသဖြင့် ဦးမြင့်မောင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် လွှတ်တော်က အတည်ပြုခဲ့သည်။