Re -Export သကြားတင်ပို့နေသည့် ကုမ္ပဏီများအနက် ၄၉ ခုကို မတ် ၃၁ ရက်အထိ ဆောင်ရွက်ခွင့်ပြုထားပြီး ကျန်ကုမ္ပဏီ ၅၄ ခုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ခြောက်လပိတ်သိမ်း

Re -Export သကြားတင်ပို့နေသည့် ကုမ္ပဏီများအနက် ၄၉ ခုကို မတ် ၃၁ ရက်အထိ ဆောင်ရွက်ခွင့်ပြုထားပြီး ကျန်ကုမ္ပဏီ ၅၄ ခုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ခြောက်လပိတ်သိမ်း
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 14 March 2019
စည်သူအောင်

Re -Export စနစ်ဖြင့် သကြားတင်ပို့နေသည့် ကုမ္ပဏီများအနက် ၄၉ ခုကို မတ် ၃၁ ရက်အထိ အမှန်တင်ပို့လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားပြီး ကျန်ကုမ္ပဏီ ၅၄ ခုကို Re -Export ကတ်ရုပ်သိမ်းကာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ခြောက်လပိတ်သိမ်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ယာယီဆိုင်းငံ့ပိတ်သိမ်းသည့် ကုမ္ပဏီများစာရင်းပေးခြင်း အကြောင်းကြားစာအရ သိရသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ၂၀၁၉ ခုနှစ်မတ် ၈ ရက် ရည်ညွှန်းပါစာအရ Re -Export စနစ်ဖြင့် သကြားတင်ပို့ခွင့်ပြုထားသော ကုမ္ပဏီများသည် ပို့ကုန်လိုင်စင် သက်တမ်းသုံးလ၊ ပထမအကြိမ် သက်တမ်းတိုးနှစ်လ၊ ဒုတိယအကြိမ် သက်တမ်းတိုးတစ်လ သက်တမ်းတိုးမြှင့်ခဲ့ပြီး စုစုပေါင်းလိုင်စင်သက်တမ်းကာလ ခြောက်လအတွင်း ပြီးပြတ်အောင် တင်ပို့နိုင်ခြင်းမရှိသည့် ကုမ္ပဏီ ၁၀၃ ခုအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ပိတ်သိမ်းခြင်း၊ Re -Export ကတ်ရုပ်သိမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့် အရေးယူဆောင်ရွက်သွားရန် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မတ် ၁ ရက်တွင် ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် ၇ /၂၀၁၉ ဆုံးဖြတ်ချက်အရ ပို့ကုန်သွင်းကုန်လိုင်စင်သက်တမ်းသုံးလ၊ ပထမအကြိမ် သက်တမ်းတိုး နှစ်လ၊ ဒုတိယအကြိမ် သက်တမ်းတိုး တစ်လသက်တမ်းတိုးမြှင့်ခဲ့ပြီး စုစုပေါင်း လိုင်စင်သက်တမ်းကာလ ခြောက်လအတွင်း ပြီးပြတ်အောင် တင်ပို့နိုင်ခြင်းမရှိသည့် ကုမ္ပဏီ ၁၀၃ ခုအား Re -Export ကတ်ရုပ်သိမ်းခြင်းဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲကုမ္ပဏီ ၄၉ ခုအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် သုံးလပိတ်သိမ်းရန်နှင့် လုံးဝတင်ပို့ခြင်းမရှိသေးသည့် ကုမ္ပဏီ ၅၄ ခုအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ခြောက်လပိတ်သိမ်းပေးပါရန် အကြောင်းကြားခဲ့သည်။

ထို့ကြောင့် Re -Export စနစ်ဖြင့် သကြားတင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အထက်ဖော်ပြပါကုမ္ပဏီ ၁၀၃ ခုအနက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် သုံးလပိတ်သိမ်းမည့် သကြားဆောင်ရွက်ဆဲ ကုမ္ပဏီ ၄၉ ခုအား ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်မှ ဇွန် ၁၀ ရက်အထိ လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းပေးရန် ညွှန်ကြားချက်အရ ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်မှစတင်၍ ပိတ်သိမ်းထားကြောင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။

အခြားတစ်ဖက်တွင်လည်း အထက်ပါပိတ်သိမ်းခဲ့သည့် ကုမ္ပဏီများမှာ ပို့ကုန်အမှတ်တင်ပို့ရန် ဆောင်ရွက်နေစဉ် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း တင်ပြလာမှုများအရ ပို့ကုန်သွင်းကုန်လုပ်ငန်းညှိနှိုင်းမှုအဖွဲ့ (EICC) တွင် ဆွေးနွေးခဲ့ရာ ၎င်းကုမ္ပဏီများအား ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ အမှန်တင်ပို့လုပ်ငန်းများ ရှင်းလင်းဆောင်ရွက်ခွင့်ပြုသင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီးရုံးသို့ တင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် ခွင့်ပြုချက်အရ ၎င်းကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ပြန်လည် ဖွင့်လှစ်ပေးရန် အကြောင်းကြားလာမှုအပေါ် ၂၀၁၉ ခုနှစ် မတ် ၁၂ ရက် ညနေပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်သည်။

ထို့ကြောင့် ၎င်းကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လိုင်စင်များ ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ပြီဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်ကာလအတွင်း စာရင်းရှင်းလင်းခြင်း မပြုနိုင်သည့်ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ပြန်လည်စိစစ်ပေးပို့လာပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် ပိတ်သိမ်းနိုင်ရေး ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။