ထီရယ်လ်ထန်နှင့်တွေ့ဆုံခြင်း

ထီရယ်လ်ထန်နှင့်တွေ့ဆုံခြင်း
Photo : Kaung Htet Aung
Photo : Kaung Htet Aung
Published 8 March 2019

One Championship မှာ ပါဝင်ဖြစ်ခဲ့ပုံ

ကိုအောင်လအန်ဆန်ဆီ စရောက်တဲ့အချိန်ကတည်းက ကျွန်တော် One Championship မှာ ပါဝင်ထိုးသတ်ချင်ခဲ့တာပါ။ သူ့ဆီကို အဲဒီအစီအစဉ်ကြောင့် ပြောင်းဖြစ်ခဲ့တာပါ။ အဲဒီမှာ ကိုအောင်လ က ကျွန်တော့်ကို One Championship မှာ ပါဝင်ခွင့်ရအောင် ကူညီခဲ့ပါတယ်။ ကျွန်တော်ကလည်း ပြိုင်ပွဲဝင်ပြိုင်ဖို့ အတွက် အဆင်သင့်ဖြစ်နေခဲ့တာကြောင့် ဒီပွဲမှာ ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။

ထီရယ်ထန်ရဲ့ အားသာချက်

ကျွန်တော်က အထိုးခံရတာလည်း မကြောက်ဘူး။ Stand Fight ကစားဖို့ လည်း အဆင်သင့်ရှိတယ်။ Ground Fight ဆိုလည်း ကျွန်တော်ကျွမ်းကျင်တဲ့ အပိုင်းပဲ။ နောက်တစ်ချက်က ကျွန်တော် က နပန်းသမားတစ်ယောက်ပါ။ အမေရိကမှာဆိုလည်း ချန်ပီယံဖြစ်ခဲ့တယ်။ ပြိုင်ဘက်က ဦးနှောက်သုံးပြီး ကစားတတ်ပေမယ့် ကျွန်တော် မကြောက်ဘူး။ ကျွန်တော့် ရဲ့ နပန်းနဲ့တွေ့ရင် သူရှုံးမှာ။ 

မြန်မာနိုင်ငံနဲ့ ဝေးကွာမှု

ဒါက (၁၅)နှစ်ကြာမှ ကျွန်တော့်ရဲ့ ပထမဦးဆုံး အိမ်ပြန်ခရီးဖြစ်ပါတယ်။ 

အောင်လအန်ဆန်ဆီက ဘာတွေရထားသလဲ

သူက ကျွန်တော့်ကို ဝေမျှပေးတာက မကြောက်ဖို့နဲ့ ပြိုင်ပွဲအချိန်မှာ ပြိုင်ဘက်ကို နာအောင်ထိုးဖို့ ပြောပါတယ်။ ပြီးရင်သူ မြန်မာနိုင်ငံမှာယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေအကြောင်းကို ပြောပြပါတယ်။ သူနဲ့ လေ့ကျင့်ပြီးတိုင်း ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို တစ်ခုချင်းစီ ပြင်ပေးခဲ့ပါတယ်။

အောင်လအန်ဆန်ဆီကရတဲ့ စိတ်အား တက်ကြွမှု

အရမ်းပဲ စိတ်အားတက်ကြွရပါတယ်။ ကိုအောင်လက ကမ္ဘာ့ချန်ပီယံတစ်ဦးပါ။ သူက ကျွန်တော်နဲ့ အနီးကပ်ရှိနေမယ်ဆိုတော့ အားရှိပါတယ်။ ကျွန်တော် အနိုင်ရဖို့အတွက် အကောင်းဆုံးအားပေးမှု ဖြစ်လာမှာပါ။

ကိုယ်ခံပညာရပ်နဲ့ပတ်သက်ရင် အကျွမ်းကျင်ဆုံးတစ်ခု၊ ဒါမှမဟုတ် ပြိုင်ဘက်အတွက် အန္တရာယ်အရှိဆုံး တိုက်ကွက်တစ်ခု

Mix Martial Arts  ဖြစ်တဲ့အတွက် အကုန်လုံးကိုကျွမ်းကျင်ဖို့ ကြိုးစားရပါတယ်။ ကျွန်တော်က ဗမာလက်ဝှေ့ကိုလည်း ထိုးတတ်ပါတယ်။ ချင်းရိုးရာနပန်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပါတယ်။ အကျွမ်းဆုံးတော့ မရှိပါဘူး။ ဒါပေမဲ့ အားလုံးကို ကျွန်တော် ကျွမ်းကျင်ပါတယ်။ ကျွန်တော့်ရဲ့ တိုက်ကွက်တွေအကုန်လုံးက ပြိုင်ဘက်အတွက် အန္တရာယ်အရှိဆုံးဖြစ်လာမှာပါ။

မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ ချင်းပြည်နယ်မှာရှိတဲ့ ပရိသတ်တွေကို အသိပေးချင်တာက . . .

ကျွန်တော့်ကို လာအားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အနိုင်ရအောင် ကြိုးစားမှာပါ။ မြန်မာနိုင်ငံမှာလာပြိုင်ရတဲ့ပွဲစဉ်ဖြစ်တဲ့အတွက် အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားပြီးယှဉ်ပြိုင်သွားမယ်။ ပြိုင်ဘက်ကို ဒုတိယအချီမှာ အလဲထိုးမယ်။

REIGN OF VALOR ပြိုင်ပွဲကို ယနေ့ (မတ်လ ၈ ရက်)တွင် ရန်ကုန်မြို့၌ ကျင်းပမည်

One Championship ၏ REIGN OF VALOR ပြိုင်ပွဲကို ယနေ့ (မတ်လ ၈ ရက်)ညနေ ၆:၀၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင် ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ အဆို ပါပွဲစဉ်တွင် တွဲဆိုင်း (၁၄)ဆိုင်း ပါဝင်ထိုးသတ်သွားမည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် ဝယ်လ်တာဝိတ် လက်ရှိကမ္ဘာ့ချန်ပီယံ ဆွီဒင်နိုင်ငံသား ဇီဘာစတန်ကို ကာဇက်စတန်နိုင်ငံသား ကင်ချီဂင်က စိန်ခေါ်ထိုးသတ်သွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံကိုယ်စားပြုပြီး ဖိုးသော်၊ ထီရယ်လ်ထန်၊ အန်တိုနီယာတို့က ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent