ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် လေးသိန်း တရားဝင် (Quota) ဖြင့် တင်ပို့နိုင်ရန် ဆွေးနွေးနိုင်ခဲ့ပြီး မြန်မာဘက်မှ ရောင်းသူနှင့် တရုတ်ဘက်မှ ဝယ်ယူသူအကြား စာချုပ်ဖြင့် တရားဝင်လိုင်စင် လျှောက်ထား၍ အခွန်ဆောင်ကာ ရောင်းဝယ်နိုင်မည်ဟု ဆို

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် လေးသိန်း တရားဝင် (Quota) ဖြင့် တင်ပို့နိုင်ရန် ဆွေးနွေးနိုင်ခဲ့ပြီး မြန်မာဘက်မှ ရောင်းသူနှင့် တရုတ်ဘက်မှ ဝယ်ယူသူအကြား စာချုပ်ဖြင့် တရားဝင်လိုင်စင် လျှောက်ထား၍ အခွန်ဆောင်ကာ ရောင်းဝယ်နိုင်မည်ဟု ဆို
ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတစ်ခုမြင်ကွင်းကို တွေ့ရစဉ်
ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတစ်ခုမြင်ကွင်းကို တွေ့ရစဉ်
Published 26 February 2019
  ဇေယျာငြိမ်း

၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် လေးသိန်း တရားဝင် (Quota) ဖြင့် တင်ပို့ရန်အတွက် ဆွေးနွေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ရောင်းသူနှင့် တရုတ်နိုင်ငံမှ ဝယ်ယူသူ ကုန်သည်များအကြား စာချုပ်ဖြင့် တရားဝင်လိုင်စင် လျှောက်ထား၍ အခွန်ပေးဆောင်ကာ ရောင်းဝယ်နိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်မှ  ၂၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တွင် ပြုလုပ်သော The 2th China Myanmar Economic Corridor Forum သို့ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့လည်း တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တက်ရောက်ခဲ့စဉ် ၂၀၁၉ ခုနှစ်တွင် ဆန်တန်ချိန် လေးသိန်းအထိ တရားဝင် (Quota) ဖြင့် တင်ပို့ခွင့် ရရှိရေးကို  ညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ဆန်စပါးအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးမှုများအရ မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်ကွဲများအား မြန်မာဘက်မှ ရောင်းသူနှင့် တရုတ်နိုင်ငံဘက်မှ  ကုန်ဝယ်သူတို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး တရားဝင်လိုင်စင် လျှောက်ထား၍ အခွန်ပေးဆောင်ပြီး ရောင်းဝယ်နိုင်ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ခရီးစဉ်အတွင်း ကူမင်းမြို့အခြေစိုက် ကုမ္ပဏီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်၊ ဆန်ကွဲများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းဖလှယ်နိုင်ရေး အလွတ်သဘောတူညီမှု (MOU) အား မတ်လအတွင်း ရေးထိုးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင်မူ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် (Quota) ဖြင့် ဆန်တင်ပို့မှုကို တန်ချိန် တစ်သိန်းသာ ခွင့်ပြုပေးထားခဲ့ပြီး ယခုဆွေးနွေး ညှိနှိုင်းမှုတွင်မူ တန်ချိန် လေးသိန်းအထိ တိုးမြှင့်ခွင့်ပြုရန် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် အဓိက အခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံမှ မူဆယ်နယ်စပ်အထိ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင်ကုန်စည်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။

ယင်းကြောင့် တရုတ်နိုင်ငံဘက်က ၎င်းတို့နိုင်ငံအတွင်း တရားမဝင် ကုန်စည်ဖမ်းဆီးရေး စီမံချက်များ လုပ်ဆောင်နေသည့်အချိန် ကာလများ၌ တရုတ်ကုန်သည်များက မြန်မာဘက်မှ ဆန်ဝယ်ယူခြင်းကို ရပ်တန့်ထားခြင်းကို မကြာခဏ ကြုံတွေ့နေရသည်။

လက်ရှိအချိန်တွင်လည်း တရုတ်နိုင်ငံအတွင်း တရားမဝင် ဖမ်းဆီးမှုစီမံချက်များ ဆောင်ရွက်နေသဖြင့် မြန်မာဘက်မှ ဆန်ဝယ်ယူမှုကို ရပ်တန့်ထားခြင်းကြောင့် နယ်စပ်မှ ဆန်တင်ပို့မှုသည် ယခင်နှစ်ထက် ထက်ဝက်ခန့်အထိ လျော့ကျနေခဲ့သည်။

“နယ်စပ်ကတော့ အခုအထူးသဖြင့်ပေါ့။ တရုတ်ဘက်က ဆန်နဲ့ ဆန်ကွဲကို ဝယ်ယူတဲ့အပိုင်းမှာ သူတို့ဘက်က တရားဝင်ကုန်သွယ်မှုကို အများကြီးကန့်သတ်တဲ့ အပိုင်းတွေရှိတယ်။ တရားဝင် ကုန်သွယ်မှုကို တွန်းအားပေးလာတဲ့အခါမှာ ကျွန်တော်တို့ဆီက သွားနေတဲ့ အရင်တုန်းထဲက တစ်သက်လုံး မှီခိုလာတာ Informal Trade ကို မှီခိုနေတဲ့သဘော ဖြစ်နေတယ်။ ကျွန်တော်တို့ နိုင်ငံဘက်က တရားဝင်သွားပေမဲ့ ဟိုဘက်က တရုတ်နိုင်ငံဘက်ကို ကုန်သွယ်တဲ့အခါမှာ တရားမဝင်ကုန်သွယ်မှု ဖြစ်နေတယ်။ ဒီတရားမဝင် ကုန်သွယ်မှုကို တရားဝင် ကုန်သွယ်မှုဖြစ်အောင် သူတို့ကုန်သည်တွေကို လုပ်နေတဲ့အခါကျတော့ ဒီဘက်က ဆန်ကို သူတို့မဝယ်နိုင်တော့တဲ့ သဘောဖြစ်နေတယ်။ လက်ရှိတော့ ဒီအကန့်အသတ် အခက်အခဲကတော့ ရှိနေဦးမှာပဲ “ဟု ဦးနေလင်းဇင်က သုံးသပ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့် EU အဖွဲ့ဝင်နိုင်ငံများ အာဖရိကနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေခြင်း ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့်  ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာလအကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့မှုမှ ဒေါ်လာသန်း ၅၈၀ ခန့် ရရှိထားသော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန် ရှစ်သိန်းကျော်အထိ လျော့ကျသဖြင့် ဝင်ငွေ ဒေါ်လာသန်း ၂၁၀ ကျော်အထိ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။                                        

Most Read

Most Recent