ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့် ရခိုင်ပြည်နယ်အနေဖြင့် ငါး၊ ပုစွန်ထုတ်လုပ်မှုကဏ္ဍ၌ သမားရိုးကျနည်းလမ်းကိုသာ အသုံးပြုနေသဖြင့် တခြားကမ်းရိုးတန်းရှိသည့် ဧရာဝတီနှင့် တနင်္သာရီတို့ထက် ထုတ်လုပ်မှုရာခိုင်နှုန်း ၈၀ ကျော် လျော့ကျ

ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့် ရခိုင်ပြည်နယ်အနေဖြင့် ငါး၊ ပုစွန်ထုတ်လုပ်မှုကဏ္ဍ၌ သမားရိုးကျနည်းလမ်းကိုသာ အသုံးပြုနေသဖြင့် တခြားကမ်းရိုးတန်းရှိသည့် ဧရာဝတီနှင့် တနင်္သာရီတို့ထက် ထုတ်လုပ်မှုရာခိုင်နှုန်း ၈၀ ကျော် လျော့ကျ
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းစစ်တမ်း သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည့် ဇယားပုံ
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းစစ်တမ်း သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည့် ဇယားပုံ
Published 25 February 2019
ဇေယျာငြိမ်း

ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့် ရခိုင်ပြည်နယ်အနေဖြင့် ငါး၊ ပုစွန်ထုတ်လုပ်မှုကဏ္ဍ၌ သမားရိုးကျနည်း လမ်းကိုသာ အသုံးပြုနေသဖြင့် တခြားကမ်းရိုးတန်းရှိသည့် ဧရာဝတီနှင့် တနင်္သာရီတို့ထက် ထုတ်လုပ်မှုတွင် ရာခိုင်နှုန်း ၈၀ ကျော် လျော့ကျနေကြောင်း ဖေေဖော်ဝါရီ ၂၂ ရက် ကထုတ်ပြန်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း စစ်တမ်းသုတေသနစာတမ်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ငါးအမျိုးအစားများစွာရှိပြီး ကမ်းရိုးတန်းတစ်လျှောက် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ထူထောင်ရန် အခွင့်အလမ်းများစွားရှိသည့်အပြင် မွေးမြူသည့် နည်းလမ်းအပေါ်မူတည်၍ ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပပို့ရန်အတွက် ပြည့်မီနိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ဒေသခံများမှာ ငါးဖမ်းခြင်း မွေးမြူခြင်းများကို သမားရိုုးကျနည်းလမ်းများကိုသာ အသုံးပြုနေဆဲဖြစ်သဖြင့် ရခိုင်ပြည်နယ်နည်းတူ ကမ်းရိုးတန်းရှိသည့် ဧရာဝတီ နှင့် တနင်္သာရီတိုင်းဒေသကြီးများထက် အထွက်နှုန်းလျော့ကျနေကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ငါး၊ ပုစွန်ထုတ်လုပ်မှု နှိုင်းယှဉ်ချက်အရ ဧရာဝတီတိုင်းတွင် ပိဿာချိန် ၁ ဒသမ ၂ သန်း ကျော်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပိဿာချိန် တစ်သန်းကျော်၊ ရန်ကုန်တိုင်းတွင် ပိဿာချိန် ၃ ဒသမ ၃၈ သိန်းကျော်၊ ပဲခူးတိုင်းတွင် ပိဿာချိန် ၂ ဒသမ ၉ သိန်းခန့်၊ မွန်ပြည်နယ်တွင် ပိဿာချိန် ၁ ဒသမ ၇ သိန်းကျော်၊ ရခိုင်ပြည်နယ်တွင် ၁ ဒသမ ၇ သိန်းခန့်သာရှိကြောင်း ဖော်ပြထားသည်။

အထက်ဖော်ပြပါစာရင်းများအရ ရခိုင်ပြည်နယ်၏ ငါး၊ ပုစွန်ထုတ်လုပ်မှုအားမှာ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့နှင့် နှိုင်းယှဉ်ပါက ပိဿာချိန် ကိုးသိန်းမှ ၁၀ သိန်းအကြား လျော့ကျနေပြီး ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်းအထိ လျော့ကျနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၏ ရေလုပ်ငန်းကဏ္ဍတွင် အခြေခံအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ကြောင်း၊ ယင်းတို့မှာ ကုန်တွင်းရေလုပ်ငန်း၊ ပင်လယ်ရေလုပ်ငန်းနှင့် ငါးပုစွန်မွေးမြူရေးလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်သည် ၄၄၃ မိုင်ရှည်လျားသော ကမ်းရိုးတန်း၊ ကမ်းလွန်ကျွန်းများနှင့် မြစ်များတွင် မွေးမြူရန် ငါး၊ ပုစွန်များရှိသော်လည်း ရခိုင်ပြည်နယ်၏ ငါး၊ ပုစွန်ထုတ်လုပ်မှုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် အဆင့် ၆ နေရာတွင်သာရှိနေကြောင်း အဆိုပါ သုတေသနစာတမ်း၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ရိုးရာနည်းဖြင့်သာ ဆောင်ရွက်နေပြီး အထွက်နှုန်းများ လျော့ကျမှုရှိနေသည့်အတွက် ယင်းကဏ္ဍနှစ်ခု၌ ဒေသခံများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများကို အဓိကဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

“အဓိက ဒီပြည်နယ်အနေနဲ့ လိုအပ်နေတဲ့ ကဏ္ဍဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပိုအလေးသာလာမှာပါ။ ရခိုင်ပြည်နယ်မှာ မြေတွေရှိတယ်။ သဘာဝအခြေခံကောင်းတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာတွေလိုသလဲဆိုတော့ နည်းပညာတွေ၊ အရင်းအနှီးတွေ လိုနေတယ်။ အဲဒီလိုအပ်ချက်တွေအပေါ်မှာ စိတ်ဝင်စားတဲ့နိုင်ငံတွေက ဒေသခံတောင်သူတွေနဲ့ အကျိုးတူပူးပေါင်းပြီးတော့  ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်နိုင်ရန် နောက်ပြီးမွေးမြူရေးနဲ့ရေလုပ်ငန်းဆိုရင်လည်း အလားတူပါပဲ။ ကျွန်တော်တို့ဆီမှာက ရေလုပ်ငန်းမှာ ငါးမွေးမြူရေး၊ ပုစွန်မွေးမြူရေးလုပ်တယ်ဆိုရင် ရိုးရာနည်းနဲ့ပဲ လုပ်ကြတာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ အထွက်နှုန်းကျတာမျိုးတွေ ရှိတယ်။ နိုင်ငံတကာက နည်းပညာတွေနဲ့ ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ ဝင်လာမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးရှိလာမယ်။ အစိုးရကနေ အဓိကဖိတ်ခေါ်တဲ့ ကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍကို အဓိကဦးတည်ပြီး ဖိတ်ခေါ်ပါတယ်” ဟု ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာထူးမင်းသိမ်းက ဖေဖော်ဝါရီ ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ပြောကြားသည်။                  

Most Read

Most Recent