လေးလကျော်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၁၀ ကျော်သာ ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၉၆၀ ကျော်ရှိ

လေးလကျော်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၁၀ ကျော်သာ ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၉၆၀ ကျော်ရှိ
Published 21 February 2019
ဇေယျာငြိမ်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်လေးလတွင် ပြည်ပကုန်သွယ်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာ လတူထက် ဒေါ်လာသန်း ၂၁ဝခန့်သာ ပိုမို ရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၉၆ဝကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ဖေဖော်ဝါရီ ၈ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ် လာ ၁၂ ဒသမ ၀၂၀ ဘီလျံကျော်ရရှိထား သည်။

သို့သော် ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၁၁ ဒသမ ၈၀၄ ဘီလျံ ကျော်အထိသာ ရရှိထားသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၆ ဒသမ ၈၁၀ သန်းအထိ ပိုမိုရရှိထားခြင်း ဖြစ်သည်။

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လေးလကျော်တွင် ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်ကဏ္ဍမှ ရရှိသောဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၃၀ ဘီလျံကျော်သာရရှိ ထားပြီး ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉၀ ဘီလျံကျော်အထိ တင်သွင်းထားသည်။

ထို့ကြောင့် သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် အမေရိကန်ဒေါ်လာ ၉၆၀ ဒသမ ၇၉၃သန်း ပိုများနေသောကြောင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၉၆၀ ဒသမ ၇၉၃သန်းအထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုတိုးတက်စေရေး ပို့ကုန်ကဏ္ဍတွင် အရေအတွက်သာမက အရည်သွေးတိုးမြှင့်ခြင်း ဆောင်ရွက်မှုအပြင် သွင်းကုန်ကဏ္ဍတွင် ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် အရင်းအနှီးကုန် ပစ္စည်းများကို ပိုမိုတင်သွင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်ပြုလုပ်သည့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ၂၄ ကြိမ်မြောက် အသင်းသားစုံညီ အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြား သည်။

“ကုန်သွယ်မှုတိုးတက်ရေးအတွက် ပို့ကုန်ပိုင်းမှာ အရေအတွက်အပြင် အရည်အသွေးကိုပါ တိုးချဲ့ခြင်းဖြစ်သလို သွင်းကုန်ပိုင်းမှာလည်း ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်မယ့် အရင်းအနှီးကုန် စည်များကိုလည်း ပိုမိုတင်သွင်းရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြေကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလို ငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိကကဏ္ဍအား အားပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေးအားပေးခြင်း၊ GSP ကဲ့သို့ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ရရှိပြီး လုပ်ငန်းရှင်များ ပို့ကုန်စျေးကွက်တိုးချဲ့ တင်ပို့နိုင်ရေးကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

                                                        

Most Read

Most Recent