အောင်လအန်ဆန်၊ ထီရယ်လ်ထန်တို့အား အွန်လိုင်းမှတစ်ဆင့် စာနယ်ဇင်းတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဟဆဲဂါ၀ါကို ပထမအချီတွင် အနိုင်ယူရန် ပြင်ဆင်နေသည်ဟု အောင်လအန်ဆန် ပြောကြား

အောင်လအန်ဆန်၊ ထီရယ်လ်ထန်တို့အား အွန်လိုင်းမှတစ်ဆင့် စာနယ်ဇင်းတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဟဆဲဂါ၀ါကို ပထမအချီတွင် အနိုင်ယူရန် ပြင်ဆင်နေသည်ဟု အောင်လအန်ဆန် ပြောကြား
Photos: EMG
Photos: EMG
Published 15 February 2019

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က မတ် ၃၁ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည့် ချန်ပီယံကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါကို ပထမအချီမှာပင် အနိုင်ယူရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၌ ကျင်းပနေသည့် ONE Championship ပွဲများကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် Vero ၏ စီစဉ်ပေးမှုဖြင့် အောင်လအန်ဆန်၊ ထီရယ်လ်ထန်တို့အား အွန်လိုင်းမှတစ်ဆင့် စာနယ်ဇင်းတွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက Rose Garden  ဟိုတယ်၌ ကျင်းပခဲ့ပြီး အောင်လအန်ဆန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမှုတွင် အောင်လအန်ဆန်က ''ဟဆဲဂါ၀ါနဲ့ အရင်က ထိုးဖူးပါတယ်။ ဒါကြောင့် သူ့အကြောင်း ကောင်းကောင်းသိပါတယ်။ ပထမပွဲတွေ့ဆုံတဲ့ပွဲမှာ ငါးချီ ထိုးသတ်ခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ ပွဲသိမ်းစောအောင် လေ့ကျင့်နေပါတယ်။ ပထမအချီနဲ့ ပွဲသိမ်းနိုင်အောင် လေ့ကျင့်နေပါတယ်။ အကောင်းဆုံးပွဲဖြစ်လာမယ်လို့လည်း ထင်ပါတယ်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် အရင်ကထက် လေ့ကျင့်မှုတွေ ပိုပြီးပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ အခုပွဲက ပြိုင်ဘက်ဟဆဲဂါ၀ါရဲ့ နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ထိုးသတ်ရမှာဖြစ်ပေမယ့် အပြောင်းအလဲအများကြီးမရှိနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ အရင်တုန်းကလည်း ပြည်ပနိုင်ငံတွေမှာ သွားရောက်ထိုးသတ်ခဲ့ဖူးပါတယ်။ ကျွန်တော် ဘယ်နိုင်ငံမှာပဲထိုးထိုး မြန်မာပရိသတ်တွေရဲ့ အားပေးမှုက အမြဲရှိမယ်လို့ ထင်ပါတယ်။  ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်'' ဟု ပြောကြားသည်။  

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် မတ် (၃၁) ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အောင်လအန်ဆန်နှင့် ဟဆဲဂါ၀ါသည် ပြီးခဲ့သည့်နှစ်က ထိုးသတ်ခဲ့ဖူးပြီး အောင်လအန်ဆန်က နောက်ဆုံးအချီတွင် ဟဆဲဂါ၀ါကို လက်သီးချက်ဖြင့် အလဲထိုး အနိုင်ရခဲ့သည်။

MMA ပြိုင်ပွဲတွင် ပထမဆုံးထိုးသတ်မည့် ချင်းတိုင်းရင်းသား ထီရယ်လ်ထန်က မတ် (၈) ရက်တွင် မြန်မာနိုင်ငံ၌ လာရောက် ထိုးသတ်ရမည့်ပွဲအတွက် မစောင့်နိုင်တော့ကြောင်း ပြောကြားသည်။

ထီရယ်လ်ထန်က ''ပထမဆုံးထိုးသတ်ရမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။   နှစ်ချီအတွင်း အနိုင်ရမယ်လို့ ယုံကြည် ပါတယ်။ ပရိသတ်တွေ တစ်ခဲနက်လာရောက် အားပေးဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးထိုးသတ်ရမယ့်ပွဲအတွက် မစောင့်နိုင်တော့ပါဘူး။ ပရိသတ်တွေနဲ့ တွေ့ချင်နေပြီး ပထမဆုံးပွဲကို ရင်ဆိုင်ချင်ပါတယ်'' ဟု ပြောကြားသည်။ ယင်းပွဲကို မြန်မာနာမည်ကြီး ကစားသမား အောင်လအန်ဆန်လည်း လာရောက်ကြည့်ရှုမည်ဖြစ်ပြီး ထီရယ်လ်ထန်နှင့်  အနီးကပ်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent