၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန်လေးသန်းအထိ တင်ပို့နိုင်ရေးနှင့် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရရှိရန် မျှော်မှန်းထား

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန်လေးသန်းအထိ တင်ပို့နိုင်ရေးနှင့် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရရှိရန် မျှော်မှန်းထား
ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 13 February 2019
နီလာ

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုကို နှစ်စဉ်တိုးတက်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် လေးသန်းအထိ တင်ပို့နိုင်ရေးနှင့် ဝင်ငွေဒေါ်လာ ၁ ဒသမ ၅ ဘီလျံရရှိရေး မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီလဆန်းအထိ ဆန်နှင့် ဆန်ကွဲတန်ချိန်  ၅၉၀၀၀၀ ခန့် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

သို့သော်လည်း တရုတ်နယ်စပ်စျေးကွက်နှင့် အီးယူစျေးကွက်၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် စိန်ခေါ်မှုများစွာ ရှိနေကာ ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်တစ်သန်းကျော် အထိ လျော့ကျနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်ကြသည်။

ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့ နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာလအကုန် အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၈၀ ခန့်ရရှိိထားသော်လည်း ယခင်နှစ်ကာလတူထက် တန်ချိန် ရှစ်သိန်းကျော်အထိ လျော့ကျသဖြင့် ဝင်ငွေဒေါ်လာ သန်း ၂၁၀ ကျော်အထိ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၇၁၇ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၅၇၈ ဒသမ ၈၀၇ သန်းရရှိထားပြီး ယခင်နှစ် ကာလတူတွင်မူတွင် တန်ချိန်၂ ဒသမ ၅၄၂ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၇၈၉ ဒသမ ၇၈၀ သန်းအထိ ရရှိထားသည်။

“လက်ရှိဒီနှစ်ကတော့ မနှစ်ကလောက် မပို့နိုင်ဘူး။ ဒါကတော့ သေချာတယ်။ အဓိကတော့ ဝယ်လိုအား ကျနေတာ ကမ္ဘာ့ဆန်စပါး စျေးကွက်မှာရော ဝယ်လိုအား ကျတဲ့အတွက် ဖြစ်တာ” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားထားသည်။

ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်လုံးရှည် အမျိုးအစား (၁၆ မီလီမီတာအထက်) ဆန်များကို ဇန်နဝါ ၈ ရက်ကစတင်ကာ သုံးနှစ်အထိ အခွန်ပြန်လည် ကောက်ခံသွားမည် ဖြစ်သဖြင့် အရည်အသွေးမြင့် စျေးကွက်တစ်ခုဖြစ်သည့် အီးယူသို့ ဆန်တင်ပို့မှာလည်း အထိုက်အလျောက် လျော့ကျလာမည် ဖြစ်သည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသော တရုတ်စျေးကွက်နှင့် အီးယူစျေးကွက်သို့ ဆန်တင်ပို့မှုသည် ယင်နှစ်များထက် လျော့ကျလာမည် ဖြစ်သဖြင့် ပြည်ပဆန်တင်ပို့မှုမှာလည်း လျော့ကျလာနိုင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ပါဝင်မည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော် ရရှိထားသည်။၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၄ ရက်အထိ ပို့ကုန်ကဏ္ဍမှ ဒေါ်လာ၃ ဒသမ ၅ ဘီလျံကျော် ရရှိထားသည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်အတွင်း ပို့ကုန်ကဏ္ဍမှ ရငွေတန်ဖိုးမှာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၅၉ သန်းကျော် ပိုမိုရရှိထားသည်။

 

Most Read

Most Recent