သရုပ်ဆောင်စမိုင်းလ်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်စမိုင်းလ်နှင့် တွေ့ဆုံခြင်း
Published 13 February 2019
စုမှူးနိုင်

တစ်ချိန်က မြန်မာပရိသတ်တွေ ရင်ထဲမှာ နေရာတစ်ခု ရယူနိုင်ခဲ့ပြီး ပရိသတ်တွေဆီကနေ အချိန်ကာလ အတော်ကြာအောင် ခွဲခွာသွားခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ သရုပ်ဆောင်စမိုင်းလ်ပါ။ နိုင်ငံခြားမှာနေထိုင်ပြီး မြန်မာပြည်ကို ပြန်လာချိန်မှာတော့ သူ့ကိုပရိသတ်တွေက မှတ်မိကြပေမဲ့ အကြောင်းအကြောင်းကြောင့် အနုပညာအလုပ်တွေကို ပြန်မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာပြည်ကိုပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားအတွက် အကောင်းဆုံးကြိုးစားခဲ့သူ စမိုင်းလ်က ၂၀၁၇ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာလည်း သူရဲ့ လှပတဲ့ခန္ဓာကိုယ်ပြန်ရအောင်ကြိုးစားရတာတွေကို ပရိသတ်တွေကို ဝေမျှထားတဲ့ Sharing Is Caring စာအုပ်ကိုဖြန့်ချိခဲ့တာကြောင့် ပရိသတ်စိတ်ဝင်စားနေတဲ့ သူ့ရဲ့ စာအုပ်အကြောင်းနဲ့ သူ့ရဲ့ အနုပညာ အလုပ်တွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်  .  .  .

 

မေး - Sharing Is Caring စာအုပ်လေး ထုတ်ဖြစ်ခဲ့တဲ့ အကြောင်းလေးကိုသိပါရစေ။

ဖြေ -  ဒီ Sharing Is Caring စာအုပ်လေးကို စမိုင်းလ်ထုတ်ဖြစ်ခဲ့တာက ကိုယ်တိုင် ခန္ဓာကိုယ် ဝနေတဲ့အချိန်တွေမှာ နိုင်ငံခြားမှာနေတုန်းက ဘာမှသိပ်ပြဿနာမရှိခဲ့ပေမဲ့ မြန်မာနိုင်ငံကိုပြန်ရောက်လာချိန်မှာ တော့ Body Shaming လုပ်တာခံရတယ်။ အဲဒီအတွက် စမိုင်းလ်ကြိုးစားပြီး ၀ိတ်ပြန်ချတယ်။ ပိန်သွားတဲ့အခါမှာ ပရိသတ်တွေက ကိုယ့်ကို ဘယ်ပိန်အောင်လုပ်လိုက်လဲဆိုတာကို မေးကြတယ်။ အဲဒီလိုမေးတာများလာတဲ့အခါ စာအုပ်ထုတ်မယ်လို့ စဉ်းစားပြီး ရေးဖြစ်ခဲ့တာပါ။ အမှန်အတိုင်းပြောရရင် စမိုင်းလ်က စာရေးရတာ အရမ်းပျင်းတယ်။ သိပ်လည်းမရေးတတ်ဘူး။ ဒါပေမဲ့ ဒီစာအုပ် မှာတော့ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို ပြောပြချင်တဲ့အတိုင်းပဲ ရေးထားတယ်။ ပထမဆုံး စာမျက်နှာကို ဖတ်လိုက်ကတည်းက စမိုင်းလ်ရဲ့ စေတနာကို ပရိ သတ်တွေမြင်ရမှာပါ။

မေး -  Body Shaming လုပ်ခံရတဲ့အချိန်မှာ ဘယ်လိုခံစားခဲ့ရလဲ။

ဖြေ -  Body Shaming လုပ်ခံရတုန်းကဆို ကိုယ်က တစ်ကယ်ပဲ လူတောမတိုးရဲတော့ဘူးလား။ ကိုယ်တကယ်ပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီလား။ တစ်လောကလုံးမှာ ကိုယ်က အဝဆုံးလား၊ ကိုယ်က ရုပ်အဆိုးဆုံးလား ဆိုတာမျိုးခံစားရတဲ့အထိကို စိတ် ဓာတ်တွေကျခဲ့ရတယ်။ ဒါကြောင့်မို့ အား လုံးကိုပြောချင်တာက တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေးမမလေး ပြောဆိုဆက်ဆံကြစေချင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ တွေ့တိုင်း ဝလာတယ်၊ ဝတယ် ဆိုတဲ့အကြောင်း အရာတွေချည်းပဲ ပြောနေတာမျိုး မလုပ်စေ ချင်ဘူး။ စမိုင်းလ်တုန်းကဆိုရင် နင်ဝလာတယ်နော် ကြည့်လုပ်ဦး ယောကျာ်းပြစ်သွားဦးမယ် ဆိုတာမျိုးအထိ ပြောလာကြတယ်။ အဲဒီလိုအချိန်တုန်းက အရမ်းစိတ်ဓာတ်ကျခဲ့ ရတဲ့အချိန်တွေလည်းရှိခဲ့တယ်။

မေး - ကိုယ်က ပေါင် ၂၀၀ ကျော်လောက်ထိ ၀ိတ်တက်သွားချိန်မှာရော ဝတ်စားနေထိုင်မှုနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျခဲ့ရတာတွေရှိလား။

ဖြေ-  ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နိုင်ငံခြားမှာနေခဲ့တုန်းက ပေါင် ၂၀၀ ကျော်ထိ ဝသွားလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်သွားခဲ့တာမျိုး၊ စိတ်ဓာတ်ကျခဲ့ရတာမျိုးမရှိခဲ့ဘူး။ ဒါပေမဲ့ အဲဒီလောက်ထိမဝတော့ပဲ မြန်မာပြည်ကို ပြန်ရောက်လာချိန်မှာတော့ အရမ်းကို Body Shaming လုပ်ခံရတာတွေ  Cyber Bullying လုပ်ခံရတာတွေအများကြီး ကြုံခဲ့ရတယ်။ ကိုယ့်ဓာတ်ပုံလေး ဖေ့စ်ဘုတ် မှာ တင်လိုက်ရင်ကို ဖက်တီးမကြီး၊ဝက်မကြီး၊ အဲဒီလောက်ဝနေတာ မရှက်ဘူးလားစသည်ဖြင့် ရေးခံရတယ်။ အဲဒီလိုတွေကြောင့်လည်း ၀ိတ်ချဖို့အတွက် ပိုပြီးခွန်အား စိုက်မိခဲ့တာပေါ့။ အဲဒီလိုတွေကိုယ်တိုင်က ကြုံခဲ့ရတာ ဖြစ်လို့ Body Shaming လုပ်ခံရတာတွေ  Cyber Bullying လုပ်ခံရတာတွေကိုလည်း ရေးထားတယ်။ 

မေး -  စာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာလေးတွေကိုလည်း နည်းနည်းလောက် မိတ်ဆက်ပေးပါဦး။

ဖြေ -  ဒီစာအုပ်ထဲမှာတော့ စမိုင်းကလေး  မမွေးခင်တုန်းက ခန္ဓာကိုယ်ရယ်၊ ကလေးမွေးပြီးနောက်ပိုင်း ဝလာတဲ့ အကြောင်းတွေရယ်နဲ့ မြန်မာပြည်ကိုပြန်ရောက်လာချိန်မှာ ဒီလိုဝနေတဲ့ ခန္ဓာကိုယ်ကြောင့် ကြုံရတဲ့ အခက်အခဲတွေ ခံစားခဲ့ရတာတွေနဲ့ ပိန်အောင် ဘယ်လိုတွေဝိတ်ချခဲ့ရလဲဆိုတာတွေကို ကိုယ့်ရဲ့ ဖြတ်သန်းကြိုးစားခဲ့တာတွေနဲ့အတူ ရေးထားတာပါ။ ၀ိတ်ချဖို့အတွက် လေ့ကျင့်ခန်းလုပ်တာအပြင် ၀ိတ်ချတဲ့ အချိန်မှာ ကြုံရတတ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ၊ ဝတ်ချတဲ့နေရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ အစားအသောက်နဲ့ အစီအစဉ်တွေကိုလည်း ရေးထားတယ်။ ၀ိတ်ချဖို့အတွက် အားကစားလုပ်တာထက် အစားအသောက် ထိန်းသိမ်းဖို့ကပိုပြီး အရေးကြီးတဲ့အတွက်ပါ။

မေး -  ဝနေတဲ့သူ တစ်ယောက်အတွက် ၀ိတ်ကျအောင် ကြိုးစားတဲ့နေရာမှာ အလိုအပ်ဆုံးက ဘာဖြစ်မလဲ။

ဖြေ - ၀ နေတဲ့သူတစ်ယောက်အတွက် ၀ိတ်ကျအောင် ပိန်အောင်ကြိုးစားတဲ့နေရာမှာ အရေးအကြီးဆုံးကတော့ စိတ်ဓာတ်ခိုင်မာဖို့ပါပဲ။ တချို့က GYM ကစားတယ်၊ အစားလျော့တယ်။ ဒါပေမဲ့ ထင်သလောက် မပိန်တဲ့အခါ ဘာမှမထူးဘူးဆိုပြီး  ဆက်မလုပ်တော့တာတွေရှိတယ်။ စမိုင်းလ်ကိုယ်တိုင်လည်း အဲဒီလိုတွေ ဖြစ်ခဲ့ကြုံခဲ့တယ်။ ဒါကြောင့် အကြံပေးချင်တာက ပိန်ဖို့အတွက် ရည်မှန်းချက်တစ်ခုခုထားပါ။ ပြီးရင်ဝိတ်စချနေတဲ့အချိန်တွေမှာ ခဏတိုင်း ၀ိတ်မချိန်ဖို့လည်း အကြံပေးချင်ပါတယ်။

မေး - စမိုင်းလ်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း မိတ်ဆက်ပေးပါဦး။

ဖြေ - ၂၀၁၇ ခုနှစ်ထဲမှာတော့ စမိုင်းလ် ရုပ်ရှင်ကားကြီးနှစ်ကား ရိုက်ကူးထားပါတယ်။ တစ်ကားကတော့ Body Shaming လုပ်ခံရ တာတွေနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ‘ဂယက်တွေပါဟယ်’ ဆိုတဲ့ဇာတ်ကားပါ။ နောက်တစ်ကားကတော့ ‘မသိဘူး ချစ်တယ်’  ဆိုတဲ့ဇာတ်ကားလေးပါ။ အဲဒီ ဇာတ်ကားလေးကတော့ အိမ်ထောင်ရှင်တွေမှာ ဖြစ်တတ်တဲ့ သံသယစိတ်လေးတွေကနေ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကို ဟာသဇာတ်ကားအဖြစ် ရိုက်ကူးထားတာပါ။ အဲဒီ ဇာတ်ကားနှစ်ကားလုံးကိုတော့ ဒီနှစ်ထဲမှာ ရုံတင်ခွင့်ရရှိနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ အဲဒီဇာတ်ကားနှစ်ကား ရုံတင်ရက်ရ ပြီးတဲ့အချိန်မှာမှ နောက်ထပ်ဇာတ်ကားတွေ ဆက်ပြီး ရိုက်ကူးသွားဖို့ စီစဉ်မှာပါ။

မေး - သမီးလေးကို ဂျာနယ်ကာဗာ ဓာတ်ပုံတွေ ရိုက်နေပြီဆိုတော့ သူ့ရဲ့ အနုပညာနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ပေးသွားဖို့ရှိမလဲ။

ဖြေ - သူကလည်း အနုပညာကိုဝါသနာပါတယ်။ အခုတော့ ကိုဂျွန်လွင်ဆီမှာ မော်ဒယ် သင်တန်းတက်နေပါတယ်။ အစ်မတို့ကတော့ သူဝါသနာပါတဲ့ လမ်းကြောင်းမှာ လျှောက်လှမ်းနိုင်အောင်လို့ပဲ ပံ့ပိုးပေးသွားမှာပါ။

မေး -  ဝနေတဲ့သူတွေဘက်ကနေ စမိုင်းလ်ပြောချင်တဲ့ စကားက။

ဖြေ - ၀ သောသူကို ကြင်နာပါလို့။                  

 

 

Most Read

Most Recent