ပြင်ပပေါက်စျေးထက် အမြတ်ပေးဝယ်ယူနေသည်ဟု ဝေဖန်မှုများရှိနေသော်လည်း ဗဟိုဘဏ်အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားငွေဝယ်ယူမှုမှ ကျပ်ဘီလျံများစွာအမြတ်ရရှိခဲ့ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

ပြင်ပပေါက်စျေးထက် အမြတ်ပေးဝယ်ယူနေသည်ဟု ဝေဖန်မှုများရှိနေသော်လည်း ဗဟိုဘဏ်အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားငွေဝယ်ယူမှုမှ ကျပ်ဘီလျံများစွာအမြတ်ရရှိခဲ့ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
ရန်ကုန်မြို့ရှိ ဗဟိုဘဏ်ရုံးခွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ဗဟိုဘဏ်ရုံးခွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 7 February 2019
ဇေယျာငြိမ်း

ပြင်ပပေါက်စျေးထက် အမြတ်ပေးဝယ်ယူနေသည်ဟု ဝေဖန်မှုများရှိနေသော်လည်း ဗဟိုအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံခြားငွေဝယ်ယူမှုမှ ကျပ်ဘီလျံများစွာ အမြတ်ရရှိခဲ့ကြောင်း ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။

“တကယ်လုပ်နေတဲ့ဖြစ်စဉ်ကို မသိဘဲ ကျွန်တော်တို့ကို ၃၀ နဲ့ပေးဝယ်ခဲ့တယ်။ ၄၀ ပေးဝယ်ခဲ့တယ် ဘယ်လောက်တောင် နစ်နာသွားပြီဆိုပြီးတော့ ကျွန်တော်တို့ကို တွက်ချက်ပြီးရေးနေကြတာ ကြားပါတယ်။ ကျွန်တော်တို့ကလည်း တွက်ချက်ပြီးပြန်ပြရမယ်ဆိုရင် ဥပမာဆိုရင် ၂၀၁၈ ခုနှစ်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ဝယ်တာတွေရောင်းတာတွေမှာ ရှုံးလားမရှုံးပါဘူး။ အမြတ်ငွေ ဘီလျံနဲ့ချီရှိပါတယ်။ ဘယ်လောက်မြတ်တယ်ဆိုတာကိုတော့ ပြောလို့မရဘူးပေါ့။ ၂၀၁၈ ခုနှစ်အတွင်းမှာ ဝယ်တာတွေရောင်းတာတွေကို စာရင်းပိတ်ကြည့်ပါတယ်။ ကျွန်တော်တို့က ဘီလျံနဲ့ချီ မြတ်ပါတယ်”ဟု ဦးဘိုဘိုငယ်က ပြောကြားသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ အရောင်းဝယ်ပြုလုပ်ရာတွင် ပြီးခဲ့သည့် နေ့ည နေက အပိတ်စျေးနှုန်းဖြင့်သာ မနက် ၉ နာရီတွင် စျေးနှုန်းဖွင့်ပေးခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါစျေးနှုန်းနှင့် အများဆုံး သုံးကျပ်ဝန်းကျင်သာ ကွာဟမှုရှိခဲ့ကြောင်း သိရသည်။

“ဝယ်တဲ့ဟာက မနေ့ကညနေစျေးနဲ့ နှစ်ကျပ်လောက် သုံးကျပ်လောက်ပိုတာလည်း ရှိတယ်။ လျော့တာလည်းရှိတယ်။ အဲဒီအချိန်တုန်းကဆို သုံးကျပ်ခွဲပိုပါတယ်။ သုံးကျပ်ခွဲ ထက်လျော့ပြီးရတာလည်း ရှိတယ်။ သုံးကျပ်ခွဲပိုတယ်ဆိုတာ အများဆုံးစျေးပါ။ အဲဒီအောက်မှာ ရောင်းတဲ့ဟာလည်းရှိတယ်။ ပျမ်းမျှအားဖြင့် မနေ့ကညနေစျေးလောက်ကို သွားကပ်တယ်။ ၁၅၇၀ နဲ့ ဝယ်တယ်ဆိုပါတော့ အများဆုံးက ၁၅၇၃ ကျပ်လောက်ပဲဖြစ်မယ်။ ၁၅၆၅ နဲ့ ရောင်းတာလည်းရှိတယ်။ ၁၅၆၀ နဲ့ ရောင်းတဲ့သူလည်းရှိတယ်။ ခင်ဗျားတို့အမြင်မှာ ကြည့်တဲ့အခါမှာ ဒီလောက်အများကြီးကို ဒီစျေးနဲ့ဝယ်တယ်လို့ ဖြစ်တယ်။ မနက် ၉ နာရီမှာ ဝယ်ပြီးတဲ့အချိန်မှာ ညနေ ၁ နာရီ ၂ နာရီ ၃ နာရီမှာ စျေးကကျသွားရော အဲဒီနေ့က ပြန်ကြည့်ရင်သိပါတယ်။ တရုတ်ယွမ်ရဲ့စျေးကို ကြည့်လိုက်ပါ” ဟု ဦးဘိုဘိုငယ်က ပြောကြားသည်။

ဇန်နဝါရီလအတွင်း ရုံးဖွင့်ရက် ၂၁ ရက်အတွင်း ဗဟိုဘဏ်မှ လေလံစျေးကွက်မှ တစ်ဆင့်ဝယ်ယူမှု ဒေါ်လာ ၅၉၉၉၉၅၀၀ ရှိပြီး ရောင်းချမှု ဒေါ်လာ ၁၀၀၀ သာရှိခဲ့သည်။ ဒီဇင်ဘာလအတွင်း လေလံစျေးကွက်မှတစ်ဆင့် ဒေါ်လာ ၅၄၂၄၈၈၀၀ ကို ဝယ်ယူခဲ့ပြီး ဒေါ်လာ ၃၈၃၀၀၀၀ ရောင်းချခဲ့သည်။ နိုဝင်ဘာလတွင် ဒေါ်လာ ၁၃၉၈၆၀၀ ဝယ်ယူခဲ့ပြီး ဒေါ်လာ ၂၉၀၀ သာ ပြန်လည်ရောင်းချခဲ့သည်။ အောက်တိုဘာလတွင် လေလံစျေးကွက်မှတစ်ဆင့် ဒေါ်လာပြန်လည်ဝယ်ယူမှု မရှိဘဲ ဒေါ်လာ  ၃၈၄၂၀၀ ကို ရောင်းချခဲ့သည်။ ပြင်ပစျေးကွက်တွင် စံချိန်တင်နိုင်ငံခြား ငွေလဲနှုန်းဖြစ်ပေါ်ခဲ့သည့်  စက်တင်ဘာလတွင်မူ ဒေါ်လာ ၄၀၇၀၀၀၀ ဒေါ်လာ ထုတ်ရောင်းခဲ့ပြီး ဒေါ်လာ ၉၄၀၀၀၀ ကို ပြန်လည်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ လအလိုက်ကြည့်ပါက ငါးလအတွင်း ဇန်နဝါရီလတွင် အများဆုံးဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အတွင်း ပြင်ပစျေးကွက်၌ ဒေါ်လာစျေး အတက်အကျကွာဟမှု ကျပ် ၃၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဗဟိုဘဏ်ကလည်း ယင်းရက်များအတွင်း ရည်ညွှန်းငွေလဲနှုန်းလည်း အတက်အကျ ၂၈ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြင်ပစျေးကွက်တွင် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အတွင်းဖြစ်ပေါ်ခဲ့သည့် ဒေါ်လာစျေးများမှာ ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀ ရှိရာမှ ဇန်နဝါရီ ၁၀ ရက်တွင် ၁၅၂၆ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၅၄၅ ကျပ် အထိပြန်တက်ကာ ဇန်နဝါရီ ၁၉ ရက်တွင် ကျပ် ၁၅၃၀၊ ဇန်နဝါရီ ၂၁ ရက်တွင် ၁၅၃၅ ကျပ်၊ ဇန်နဝါရီ ၂၂ ရက်တွင် ၁၅၃၇ ကျပ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ၁၅၂၉ ကျပ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ၁၅၂၅ ကျပ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ၁၅၁၄ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်က သတ်မှတ်ထားသောရက်အလိုက် ရည်ညွှန်းငွေလဲနှုန်းမှာ ဇန်နဝါရီ  ၂ ရက်တွင် ၁၅၄၆ ကျပ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ၁၅၃၄ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၂၂၊ ဇန်နဝါရီ ၁၈ ရက်တွင် ၁၅၃၈ ကျပ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၁၅၄၄ ကျပ်၊ ဇန်နဝါရီ ၂၂ ရက်တွင် ၁၅၃၈ ကျပ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ၁၅၃၃ ကျပ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ၁၅၁၈ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ယခင်ကထက် ကွာဟချက်နည်း ပါးလာသော်လည်း အချို့ရက်များတွင် ကွာဟချက် ၁၀ ကျပ် ဝန်းကျင်အထိ ရှိနေဆဲဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံး ကွာခြားချက်သည် ၃၂၇ ကျပ်၊ ၂၄ ရာခိုင်နှုန်း ကျော်အထိဖြစ်ပေါ်ခဲ့ပြီး ဇွန်လမှ ဒီဇင်ဘာလအထိ အတက်အကျများစွာဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလဆန်း၌ ဒေါ်လာစျေး ကျပ် ၁၅၁၀ အထိပြန်ကျနေချိန်တွင် နိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၁၅၇၀ နှုန်းဖြင့် နှစ် ရက်အတွင်း ဒေါ်လာ ၃၄ သန်းဖိုးဝယ်ယူခဲ့ပြီး စျေးကွက်အတွင်း ဒေါ်လာစျေး ပြန်လည်မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ ကျပ် ၁၅၁၀-၁၅၇၇ ကျပ် ဖြစ်သည်။

                                                 

Most Read

Most Recent