Nissan ဥက္ကဋ္ဌဟောင်း ဂိုဆင်က ထွက်မပြေးဟု ကတိပေးပြီး အာမခံပေးရန် တောင်းဆို

Nissan ဥက္ကဋ္ဌဟောင်း ဂိုဆင်က ထွက်မပြေးဟု ကတိပေးပြီး အာမခံပေးရန် တောင်းဆို
၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် နယူးယောက်ကားပြပွဲ၌ Nissan ဥက္ကဋ္ဌ ဂိုဆင်က စကားပြောနေစဉ် (Photo: AP)
၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် နယူးယောက်ကားပြပွဲ၌ Nissan ဥက္ကဋ္ဌ ဂိုဆင်က စကားပြောနေစဉ် (Photo: AP)
Published 21 January 2019
Ref: AFP

Nissan ၏ ဥက္ကဋ္ဌဟောင်း ကားလို့စ်ဂိုဆင်က အီလက်ထရောနစ် ခြေရာခံ ခြေကျင်း ဝတ်တပ်ဆင်ရန် ကတိပေးပြီး အာမခံပေးရန်  တောင်းဆိုခဲ့သည်။ အသက် ၆၄ နှစ်အရွယ် ဂိုဆင်သည် သူ၏ နိုင်ငံကူးလက်မှတ်ကိုလည်း စွန့်လွှတ်မည်ဟု ကတိပေးပြီး အစိုးရ ရှေ့နေများက သဘောတူခွင့်ပြုထားသော လုံခြုံရေးများအတွက် အခကြေးငွေပေးရန်လည်း ကတိပေးခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ဖမ်းဆီးခံခဲ့ရသော ဂိုဆင်သည် ဇန်နဝါရီ ၂၁ ရက်တွင် အာမခံအတွက် တရားရုံးတွင် လာရောက်ကြားနာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဂိုဆင်၏ အာမခံတောင်းဆိုမှုကို တိုကျိုတရားရုံးက ပယ်ချထားသည်။

“တရားရုံးက ကျွန်တော့်ရဲ့အာမခံ လျှောက်ထားမှုကို စဉ်းစားနေတုန်းမှာ ကျွန်တော်ဟာ ဂျပန်မှာ နေထိုင်မှာဖြစ်ပြီး တရားရုံးက ချမှတ်တဲ့ အာမခံစည်းများ အားလုံးကို လေးစားလိုက်နာမယ်လို့ အလေးထားပြောချင်ပါတယ်”ဟု ဂိုဆင်က ကိုယ်စားလှယ်နှင့် မိသားစုမှတစ်ဆင့် အေပီကို မျှဝေခဲ့သော ကြေညာချက်၌ ပြောကြားခဲ့သည်။ ဂိုဆင် သည် Nissan Motor ကုမ္ပဏီမှ ဝင်ငွေများကို လျှော့ပေါ့တင်ပြခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ  အစီရင်ခံမှုများ၌ လိမ်လည်ခဲ့ကြောင်း တရားစွဲဆို ခံထားရသည်။ ထို့ပြင် ဂိုဆင်သည် Nissan  ၏ ရင်းနှီးမြှုပ်နှံမှုများအား ဆုံးရှုံးစေမှုတွင် ယုံကြည်မှု ဖောက်ဖျက်မှုဖြင့်လည်း စွဲဆိုခံထားရသည်။ ဂိုဆင်က အာမခံရရန်အတွက် ကမ်းလှမ်းမှုများတွင် တိုကျို၌ နေထိုင်ရန်အတွက် တိုက်ခန်းတစ်ခုကို ၎င်းကိုယ်ပိုင်ငွေဖြင့် ငှားရမ်းရန် ကမ်းလှမ်းမှုလည်း ပါဝင်ခဲ့သည်။ အာမခံလျှောက်ထားမှုအတွက် စောင့်ကြည့်ရေးကိရိယာ ဝတ်ဆင်ရန် ဂိုဆင်၏ ကမ်းလှမ်းမှုသည် ဂျပန်အတွက် စံတစ်ခု မဟုတ်ဘဲ ယင်းကဲ့သို့ ဝတ်ဆင်မှုကို အမေရိကန်တွင်သာ ဆောင်ရွက်လေ့ရှိသည်။

ဂျပန်တွင် တရားစွဲဆို ခံရသူများသည် ရုံးတင်စစ်ဆေးမှု မတိုင်ခင်အထိ ထိန်းသိမ်းခံရလေ့ရှိပြီး ယင်းကဲ့သို့ ထိန်းသိမ်းခံရမှုကို “ဓားစာခံ တရားမျှတမှု”ဟု ဝေဖန်ကြလေ့ ရှိသည်။ ဂိုဆင်သည် ထွက်ပြေးနိုင်ခြေ ရှိကြောင်း တိုကျိုအစိုးရရှေ့နေများက အခိုင်အမာ ပြောကြားထားသည်။

ဂိုဆင်၏ ရှေ့နေများ အပါအဝင် တရားရေးရာ ကျွမ်းကျင်သူများက စစ်ဆေးမှုများအတွက် ပြင်ဆင်မှုများသည် ရှုပ်ထွေးပြီး ဂိုဆင်သည် ခြောက်လထက်ပို၍ ထိန်းသိမ်းခံရနိုင်ကြောင်း ပြောကြားထားသည်။ ဂိုဆင်ကို တိုကျို ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားပြီး သံရုံး တာဝန်ရှိသူများ၊ ရှေ့နေများကသာ သွားရောက်တွေ့ဆုံလေ့ ရှိသည်။ ဂိုဆင်သည် မမျှမတပြုမူ ဆက်ဆံခံရပြီး ခင်ပွန်းသည်၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ဇနီးဖြစ်သူ ကာရိုဂိုဆင်က ပြောကြားထားသည်။ ဘရာဇီးဖွား၊ ပြင်သစ်နွယ် ဂိုဆင်သည်  အမေရိကန်တွင် လုပ်ငန်းအတွေ့အကြုံရှိသူ တစ်ဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ပြင်သစ်ကုမ္ပဏီ Renault  သို့ Nissan က စေလွှတ်ခဲ့သည်။ Nissan သည် Renault တွင် ရှယ်ယာ ၄၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်းထားသည်။ ဂိုဆင်သည် ဒေဝါလီခံရလုနီးနီး Nissan အား ကမ္ဘာ့အကြီးဆုံးနှင့် အအောင်မြင်ဆုံး ကားကုမ္ပဏီတစ်ခုအဖြစ် အသွင်ပြောင်းလဲပေးခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဦးဆောင်ခဲ့သည်။ ဂိုဆင်သည် ကုမ္ပဏီငွေကြေးများကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း Nissan ၏ အမှုဆောင်ချုပ် ဟီရိုတိုဆာအီကာဝါက ရှုတ်ချထားသည်။                     

Most Read

Most Recent