ဂျပန်မှ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား အသက် ၁၁၃ နှစ်အရွယ်တွင် ကွယ်လွန်

ဂျပန်မှ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား အသက် ၁၁၃ နှစ်အရွယ်တွင် ကွယ်လွန်
Published 20 January 2019
Ref: AFP

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား မီဆာဇိုနိုနာကာသည် ဇန်နဝါရီ ၂၀ ရက်က အသက် ၁၁၃ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ နိုနာကာသည် ရိုက်ညီနောင်၏ ပထမဆုံး လေယာဉ်စတင်ပျံသန်းပြီးနှစ် နှစ် အကြာဖြစ်သော ၁၉၀၅ ခုနှစ် ဇူလိုင်လက မွေးဖွားခဲ့သူဖြစ်သည်။

ယမန်နှစ်က စပန်နီယာ့ဖရန်စစ်စကို နျူနက်ဇ်အိုလီဗီရာ ကွယ်လွန်ခဲ့ပြီးနောက် နိုနာကာမှာ ကမ္ဘာ့အသက် အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်မှတ်တမ်းတွင် တရားဝင်အသိအမှတ်ပြုခံခဲ့ရသည်။

“အဘိုးဟာမနေ့က ပုံမှန်အတိုင်းပဲရှိနေခဲ့ပြီးမှ မိသားစုဝင်တွေကို တစ်စုံတစ်ရာအလုပ်မများစေဘဲ ကွယ်လွန်သွားခဲ့တာပါ ဟု မြေးဖြစ်သူ ယူကိုက ပြောခဲ့သည်။

ညီအစ်ကိုခြောက်ဦး၊ ညီမတစ်ဦးရှိသော နိုနာကာသည် ၁၉၃၁ ခုနှစ်က လက်ထပ်ခဲ့ပြီး ကလေးငါးဦး၏ ဖခင် ဖြစ်လာခဲ့သည်။

နိုနာကာသည် နေရပ်တွင် ရေပူစမ်း တည်းခိုခန်း လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး အလုပ်မှ အနားယူခဲ့ပြီးနောက်တွင်မူ ရုပ်မြင်သံကြားမှ တစ်ဆင့် ဆူမိုနပန်းပွဲများ ကြည့်ရခြင်း မုန့်အချိုစားရခြင်းများကို နှစ်သက်ခဲ့သူဖြစ်သည်ဟု သိရသည်။

ကမ္ဘာပေါ် တွင် လူ့သက်တမ်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်သော ဂျပန်နိုင်ငံထဲတွင် ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဟု သတ်မှတ်ခံရသူ အများအပြား ထွက်ပေါ်ခဲ့သည်။

       

Most Read

Most Recent