ချီလီတွင် ၆.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်၊ နှစ်ဦး သေဆုံး

ချီလီတွင် ၆.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်၊ နှစ်ဦး သေဆုံး
ဇန်နဝါရီ ၁၉ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ကိုကွမ်ဘိုဒေသ၌  လူများအပြင်ထွက်နေကြသည်ကို တွေ့ရစဉ် (Photo: Reuters)
ဇန်နဝါရီ ၁၉ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ကိုကွမ်ဘိုဒေသ၌ လူများအပြင်ထွက်နေကြသည်ကို တွေ့ရစဉ် (Photo: Reuters)
Published 20 January 2019
Ref: AFP

ချီလီနိုင်ငံ မြောက်-အလယ်ပိုင်းတွင် ဇန်နဝါရီ ၁၉ ရက်က ပြင်းအား ၆.၇ အဆင့် ရှိ အင်အားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု အမေရိကန်ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS) မှ ထုတ်ပြန်ခဲ့သည်။

ငလျင်သည် ကိုကွမ်ဘိုမြို့၏အနောက်တောင်ပိုင်း ၁၅ ကီလိုမီတာအကွာသို့ ဗဟိုပြု ပြီး မြေအောက်အနက် ၅၃ ကီလိုမီတာ ( ၃၃ မိုင်) တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု USGS ၏ အချက်အလက်များအရ သိရသည်။ ဂရင်းနစ်စံတော်ချိန် ၀၁း၃၂ အချိန်က လှုပ်ခတ်ခဲ့သောငလျင်ကို ဗယ်ပါရိုင်ဆို၊ အိုဟစ်ဂင်၊ မြို့တော် ဆန်တီယာဂို တို့နှင့် အတူ နိုင်ငံမြောက်ပိုင်းရှိ အတာကာမာ နှင့် ကိုကွမ်ဘိုတို့တွင် ခံစားခဲ့ကြရသည်။

နေအိမ် ထောင်ပေါင်းများစွာ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်းက ငလျင်၏ ပြင်းထန်မှုကိုပြသခြင်း ဖြစ်ကြောင်း အမျိုးသားအရေးပေါ်ဌာနမှ ရီကာဒိုတာရိုက ပြောကြားခဲ့သည်။

လူနှစ်ဦးသေဆုံး

ငလျင်ကြောင့် ကိုကွမ်ဘိုမြို့နေ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် နှလုံးခုန်ရပ်ကာ သေဆုံးသွားခဲ့သည်ဟု ရဲများက ပြောကြားခဲ့သည်။ နိုင်ငံထဲရှိ အဝေးပြေးကားလမ်းတို့တွင် မြေပြိုမှုအချို့လည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီလှိုင်း ဝင်ရောက်နိုင်ခြေမရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သော်လည်း ကိုကွမ်ဘိုနှင့် ကပ်ရပ်ရှိ ဆီရီနာ ဒေသနေ ပြည်သူများကို ကုန်းမြင့်ပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလက ၈.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီးနောက် ကိုကွမ်ဘိုသို့ ဆူနာမီလှိုင်း ဝင်ရောက် ရိုက်ခတ်ခဲ့ဖူးသည်။ ထိုစဉ်က သေဆုံးသူ တစ်ဒါဇင်ခန့်ရှိသည်။

ချီလီသည် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှုနှင့် အများဆုံးကြုံရသည့် နိုင်ငံများ စာရင်းတွင် ပါဝင်သည်။ ချီလီတွင် လှုပ်ခတ်ခဲ့သည့် အားအပြင်းဆုံးငလျင်မှာ ၁၉၆၀ ပြည့်နှစ်က လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၉.၅ အဆင့်ရှိသည့် ဗော်ဒီဗီယာငလျင်ဖြစ်သည်။            

 

 

Most Read

Most Recent