ချက်ရေး ပြုတ်ရေးဖြင့် အမျိုးသမီးအများစု အလုပ်ရှုပ်နေကြပြီး ကျောင်းနေအရွယ် ကလေးငယ်များမှာ ကျောင်းသွားရန် ပြင်ဆင်နေကြသည်။ လူကြီးအများစု မီးပုံနံဘေးတွင် စိတ်မသက်မသာဖြစ်နေသည့် ပုံစံဖြင့် မနက်ခင်း၏ အအေးဒဏ်ကို အန်တုနေကြသည်။
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားကျေးရွာ စစ်ရှောင်စခန်းတွင် ပျော်ရွှင်ဖွယ်မကောင်းသည့် စစ်အနိဋ္ဌာရုံ မြင်ကွင်းများကို မြင်တွေ့နေရပြီး ရခိုင်ပြည်နယ် အတွင်းရှိ စစ်အနိဋ္ဌာရုံ မြင်ကွင်းများသည် တပ်မတော်နှင့်ရခိုင် လက်နက်ကိုင်အဖွဲ့(AA) တို့အကြား တိုက်ပွဲများ၏ ဂယက်ပင်ဖြစ်သည်။
တောင်မင်းကုလားကျေးရွာ စစ်ဘေးရှောင်စခန်းတွင် ကျောက်တော် မြို့နယ်အတွင်းရှိ ပညာရွာ၊ စွယ်ရွာ၊ ပါချေရွာနှင့်တဲရွာတို့ရှိ အိမ်ထောင်စု ၁၃၃ စုမှ ဒေသခံလူဦး ရေ ၆၂၇ ယောက် ခိုလှုံနေပြီး ၎င်းတို့မှာ ဒီဇင်ဘာ ၂၂ ရက်တွင်ပင် အဆိုပါ စစ်ရှောင်စခန်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ပညာရွာမှ ဦးကျော်သိန်းက ပြောသည်။
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်တွင် ဒီဇင်ဘာ တတိယပတ်အတွင်း တပ်မတော်နှင့်ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဆိုပါတိုက်ပွဲအတွင်း ၎င်းတို့ရွာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကြောက်ရွံ့ကာ ယခုကဲ့သို့ နေရပ်စွန့်ခွာထွက် ပြေးခဲ့ရခြင်းဖြစ်သည်ဟု ဦးကျော်သိန်းက ပြောသည်။
“ကျွန်တော်တို့ဆီကို လက်နက်ကြီး ကျည်ကျတယ်။ ရွာနဲ့အနီးကပ် ပေတစ်ရာ တစ်လုံးကျတယ်။ ပေသုံးဆယ် တစ်လုံးကျတယ်။ အဲ့ဒါ မခံနိုင်ဘူး။ မိန်းမနဲ့ကလေးတွေက ငိုလို့ယိုလို့ လန့်နေကြတယ်။ အဲ့ဒါနဲ့ ဒီမှာရှောင်ရတယ်။ ပညာရွာမှာ စက်လှေနဲ့ လာကြတယ်။ ကျွန်တော်တို့ ပစ္စည်း ဘာတစ်ခုမှ မယူနိုင်ခဲ့ဘူး။ လက်နက်ကြီးကျည်ကျလို့ ကျွန်တော့် နွားနှစ်ကောင် သေတယ်။ အစ်ကိုကြီး နွားတစ်ကောင် သေတယ်။ ရှာလို့ မရတာက ရှစ်ကောင်ရှိသေးတယ်။ ဝက်လည်း သေတယ်”ဟု ဦးကျော်သိန်းက ပြောပြသည်။
၎င်းတို့အနေဖြင့် စစ်ဘေးရှောင်စခန်းသို့ စတင်ရောက်ရှိသည့်အချိန်တွင် နေထိုင်ရေးနှင့်ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး လက်ရှိတွင်လည်း မြေပြင်ပေါ်တွင်သာ နေထိုင်နေရသည့်အတွက် ကျန်းမာရေး ချွတ်ယွင်းမှုများ ရှိလာသည်ဟု ဦးကျော်သိန်းက ပြောသည်။
“တိုက်ပွဲတွေက ကျွန်တော်တို့နဲ့လည်း မသက်ဆိုင်ဘူး။ အဲ့ဒါကို ရပ်ပေးပါလို့လည်း တားလို့မရဘူး။ ဒီလိုဖြစ်နေတယ်။ ရေရှည်မှာဘယ်လို ဖြစ်မလဲဆိုတာ ကျွန်တော်တို့ ခန့်မှန်းလို့တောင်မရဘူး”ဟု ဦး ကျော်သိန်းက စိတ်ပျက်စွာ ညည်းညူသည်။
တောင်မင်းကုလား စစ်ဘေးရှောင်စခန်းသည် ကျောက်တော်မြို့နယ်၊၀ါးတောင်ကျေးရွာနှင့် မလှမ်းမကမ်းတွင်ရှိနေပြီး ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ၀ါးတောင်ကျေးရွာရှိ ၀ါးတောင် စစ်ရှောင်စခန်းတွင်လည်း ယိုးချောင်းအထက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးဒုက္ခ သည်များအဖြစ် လာရောက်ခိုလှုံနေကြသည်။
ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းရှိ စရိုင်းကိုင်း ကျေးရွာ၊ သိန်းချောင်းကျေးရွာ၊ တဲဝကျေးရွာ၊ ကင်ဘိကျေးရွာ၊ လေကွိကျေးရွာ၊ ပညာကြီးကျေးရွာနှင့်ခမောင်းကျေးရွာများရှိ အိမ်ထောင်စု ၂၄၀ ကျော်မှ ဒေသခံ လူဦးရေ ၁၃၀၀ ကျော်တို့သည် ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ ၀ါးတောင် စစ်ရှောင်စခန်းတွင် ရောက်ရှိနေကြခြင်းဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင်စခန်းရှိ ကျေးရွာများမှ ဒေသခံအများစုမှာ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာခြင်း မဟုတ်ဘဲ ကျေးရွာများသို့ ရိက္ခာဖြတ်တောက်ခြင်း ခံရသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲကြောင့် ထွက်ပြေးလာခဲ့ခြင်းသာဖြစ်ကာ လတ်တလောတွင် စားနပ်ရိက္ခာအတွက် အဆင်ပြေသေးသည်ဟု ဇန်နဝါရီ ၉ ရက်တွင် စစ်ရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။
“တပ်မတော်ဘက်က ညွှန်ကြားချက်အရလို့ ပြောတယ်။ အဲ့ဒါ ရဲတပ်ဖွဲ့က အိမ်တစ်အိမ်က ဆန်နှစ်ပြည်ထက် ပိုမယူရဘူးဆိုပြီး တားမြစ်တယ်။ ဒါပေမယ့် ကျောက်တော်မြို့ကနေ စက်လှေနဲ့ရွာကို ရိက္ခာသယ်ရတယ်။ အဲ့ဒီ စက်လှေဆီဖိုးက တစ်သောင်းကျော်လောက် ကုန်တယ်။ အဲ့ဒီလောက် အကုန်အကျ ခံပြီး ဆန်နှစ်ပြည်ပဲ သယ်ရမယ်ဆိုတော့ ဘယ်လိုအဆင်ပြေမလဲ” ဟု ၀ါးတောင်စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယိုးချောင်းအထက်ပိုင်းရှိ ကျေးရွာများမှာ ယိုးချောင်းအတိုင်း စက်လှေဖြင့် ကျောက်တော်မြို့သို့ ၎င်းတို့၏ စားနပ်ရိက္ခာအတွက် လာရောက် သယ်ဆောင်ရခြင်းဖြစ်ပြီး ယိုးချောင်းအထက်ပိုင်း တောင်ကြားများတွင် အခြေချသည့် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူ၍မရဘဲ ထင်းခုတ်၊ ၀ါးခုတ်ခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းကြသည်။
“သောက်ရေနဲ့ နေရေးထိုင်ရေး အခက်အခဲရှိတယ်။ ကိုယ့်နေရာပြန်နိုင်မယ့် အခြေအနေက အတိအကျလည်း ကျွန်တော်တို့ မပြောနိုင်သေးဘူး။ AA လက်နက်ကိုင်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲအေးချမ်းတယ်။ ငြိမ်သက်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ ပြန်နိုင်မှာပါ။ ဒီလို ဆက်တိုက်ဖြစ်နေမယ်ဆိုလို့ ရှိရင် ပြန်နိုင်မယ့်အခြေအနေမရှိ ဘူး။ ဒီမှာဆက်နေရင်လည်း အခက်အခဲတော့ ရှိဦးမှာပါ”ဟု စရိုင်းကိုင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းလှကျော်က ပြောသည်။
ထို့အတူ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာတွင်းလည်း စစ်ဘေးရှောင်စခန်းတစ်ခု ဖွင့်လှစ်ထားပြီး အဆိုပါကျေးရွာတွင်လည်း ၀ါးတောင်စစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံနေသည့် ကျေးရွာများမှ ဒေသခံများကိုပင် လူစုခွဲကာ လာရောက်နေရာချထားခြင်းဖြစ်သည်။
အထက်မြတ်လှဲကျေးရွာ စစ်ဘေးရှောင်စခန်းတွင် ဇန်နဝါရီ ၉ ရက် စာရင်းဇယားအရ အိမ်ခြေ ၈၁ အိမ်မှ လူဦးရေ ၄၀၅ ဦးတို့ လာရောက်ခိုလှုံနေပြီး တောင်မင်းကုလား စစ်ရှောင်စခန်းနှင့်အထက် မြတ်လှဲစစ်ရှောင်စခန်းတို့သည် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနှင့် အနည်းငယ်ဝေးသည့်အတွက် လူမှုကူညီရေး အဖွဲ့များ အနည်းငယ်မျှသာ လာရောက်ကူညီမှုရှိသည်ဟု စစ်ရှောင်စခန်းတာဝန်ခံများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များတွင် တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများ၊ မျိုးနွယ်စုများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၄၄၇၀ ဦးရှိပြီး ၎င်းတို့အတွက် ဆန်ရိက္ခာ ငွေကျပ် လေးရာ့နှစ်သိန်းသုံးသောင်း၊ အိမ်ထောင်စု ၉၇၀ အတွက် မြက်ဖျာနှင့်စောင်တန်ဖိုး ငွေကျပ် ကိုးဆယ့်ကိုးသိန်းကိုးသောင်း တစ်ထောင်ကို ထောက်ပံ့ပေးထားသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်းစုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ Facebook Account တွင် ဇန်နဝါရီ ၁၂ ရက်က ဖော်ပြထားသည်။
ပြည်ထောင်စု အစိုးရအနေဖြင့် ပြည်ထောင်စု၏ မိသားစုဝင် ဖြစ်သော ရခိုင်တိုင်းရင်းသားများ၊ မျိုးနွယ်စုများ၊ ဒေသခံပြည်သူများ၏ ဘေးဒုက္ခခံစားရမှုများ၊ စိုးရိမ်ပူပန်မှုများကို မည်သည့်အခါမျှ ပေါ့ပေါ့တန်တန် မထား၊ မေတ္တာတရားဖြင့် အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ Facebook Account တွင် ဖော်ပြခဲ့သည်။
သို့သော်လည်း ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ပုဏ္ဏားကျွန်း၊ မောင်တောမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ UN ၊ INGO ၊ NGO အဖွဲ့အစည်းများအနေဖြင့် ခရီးသွားလာခွင့်နှင့် လုပ်ငန်း ဆောင်ရွက်ခွင့်မပြုရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီက ဇန်နဝါရီ ၁၀ ရက်တွင် ညွှန်ကြားစာထုတ်ပြန်ခဲ့ပြီး အဆိုပါညွှန်ကြားစာမိတ္တူကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီဌာန ပြည်နယ်ဝန်ကြီး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး စသည့်တာဝန်ရှိသူများထံသို့ ပေးပို့ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲဖြစ်စဉ်များနှင့် ရရှိသတင်းများအပေါ် မူတည်၍ ထိုငါးမြို့နယ်အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများအား လုံခြုံရေး အခြေအနေအရ လတ်တလောတွင် မြို့ပေါ်၌သာ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ခရီးသွားလာခွင့်ပြုရန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ရခိုုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြားတိုက်ပွဲများ ပိုမိုဖြစ်ပွား လာနိုင်သည့် အနေအထားရှိနေပြီး ထိုသို့ ထပ်မံဖြစ်ပွားလာမည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များလည်း ပိုမိုထပ်တိုး လာဖွယ်ရှိနေကာ စစ်ဘေးရှောင်များအတွက် ပိုမိုစိုးရိမ်ဖွယ်ရာ အနေအထားဖြစ်လာသည်။
တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများသည် ဒီဇင်ဘာလအတွင်း ကြိုကြား အနေအထား ဖြစ်ပွားနေရာမှ AA အဖွဲ့က ဇန်နဝါရီ လေးရက်တွင် နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်နှင့် AA အကြား စစ်ရေးတင်းမာမှု ပိုမိုကြီးထွားလာခဲ့သည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားမှု၊ စစ်ရေးတင်းမာမှု၏ အကျိုးဆက်အဖြစ် ရသေ့တောင်၊ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် စစ်ရှောင်စခန်းများ ဖွင့်လှစ်ကာ စစ်ဘေးဒုက္ခသည်များကို ကူညီစောင့်ရှောက်ထားရပြီး လုံခြုံရေးအခြေအနေအရ လူမှုရေးအဖွဲ့အစည်းများ၏ ကူညီမှုနယ် မြေကန့့်သတ်ခံရခြင်းသည်လည်း စစ်ဘေးဒုက္ခသည်များအတွက် တစ်ပူပေါ်နှစ်ပူဆင့် အနေအထား ဖြစ်ခဲ့ ရသည်။
နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ပြေလည်အောင် မဖြေရှင်းနိုင်သည့် အကျိုးဆက်ဖြစ်သည့်အပြင် NCA လက်မှတ်ရေးထိုးပြီးနောက် ရှေ့ဆက်မည့် နိုင်ငံရေး အခင်းအကျင်းတွင် အခြားသော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တန်းတူရည်တူ ရပ်တည်ဆွေးနွေးနိုင်ရေး ကြိုးပမ်းလာသည့် AA အဖွဲ့၏ ရည်ရွယ်ချက်ကြောင့်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမို ဖြစ်ပွားလာနိုင်သည်။
ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသော ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) သည် ရခိုင်ပြည်နယ်အတွင်း အခြေချစခန်းမရှိသည့်အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်မရသည့် အခြေအနေမှာ AA အဖွဲ့ အပေါ် သက်ရောက်မှုဖြစ်နေသည့် အတွက်ကြောင့်လည်း AA သည် ရခိုင်ပြည်နယ်တွင် စခန်းတစ်ခု အခြေစိုက်နိုင်ရေး ကြိုးပမ်းနေသည်ဟု သုံးသပ်၍ရသည်။
ထို့ပြင် AA အဖွဲ့သည် ၂၀၂၀ ရကတ လမ်းစဉ်ကို အကောင်အထည်ဖော်မည် ဟူ၍လည်းကောင်း၊ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ် သည့် “၀” လက်နက်ကိုင်အဖွဲ့ (UWSA) ကဲ့သို့လည်းကောင်း ရပ်တည်လိုသည်ဟု တရားဝင် ထုတ်ဖော်ပြောထားသည်။
ထိုသို့သော အခြေအနေများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်သည့်အခြေအနေကို မီးမောင်းထိုးပြနေခြင်းဖြစ်သည့်အတွက် လတ်တလော ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော စစ်ဘေးရှောင်များ၏ အိမ်ပြန်ချိန်မှာလည်း ပိုမိုဝေ၀ါးနေခဲ့ရသည်။
တောင်မင်းကုလား စစ်ရှောင်းစခန်းတွင်ဖြစ်သည်။“ဒီမှာ ပျော်ရွှင်မှုမရှိပါ။ ရွာကိုပဲလွမ်းတယ်” ဟု အသက် (၁၂) နှစ်အရွယ်ရှိ ခိုင်ခိုင်စိုးက တိုးညှင်းစွာပြောသည်။အိမ်ပြန်လိုသော သူမအနေဖြင့် နောက်ထပ် မေးမြန်းမှုများကို ဖြေဆိုနိုင်ခြင်းမရှိ။ ဝမ်းနည်းမှု၊ သတိရမှုများဖြင့် ရှိုက်ကာငိုကြွေးခဲ့သည်။