မြစ်တစ်ဖက်ကမ်းက စီမံကိန်းတွေကြောင့် ရန်ကုန်မြို့ အိမ်ခြံမြေစျေးကွက် အသက်ဝင်လာတော့မလား

မြစ်တစ်ဖက်ကမ်းက စီမံကိန်းတွေကြောင့် ရန်ကုန်မြို့ အိမ်ခြံမြေစျေးကွက် အသက်ဝင်လာတော့မလား
Published 13 January 2019
နီလာ

ကာလအတန်ကြာ အေးစက်နေခဲ့သည့် မြန်မာနိုင်ငံ၏အိမ်ခြံမြေစျေးကွက် အထူးသဖြင့် ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက်တွင် ၂၀၁၉ ခုနှစ်အတွင်း အလားအလာကောင်းများ မြင်လာရပြီဟု အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ခဲ့ကြသည်။ အိမ်ခြံမြေစျေးကွက်အလားအလာကောင်းများဟု ဆိုရာတွင် အတက်စျေးကို ဆိုလိုခြင်းမဟုတ်ဘဲ လက်ရှိစျေးနှုန်းများဖြင့်ပင် အရောင်းအဝယ် သွက်လာနိုင်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အလားတူ ရန်ကုန်မြို့တစ်ဖက်ကမ်း၌ အကောင်အထည် ဖော်တော့မည့် ဒလတံတား စီမံကိန်း၊ သန်လျင်တံတားအမှတ်(၃)စီမံ ကိန်းများကြောင့်လက်ရှိ အချိန်တွင် အိမ်ခြံမြေစျေးကွက် အနည်းငယ် လှုပ်ခတ်လာကြောင်း ရန်ကုန် တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌဦးစိုင်းခွန်နောင်က ပြောကြားသည်။

လက်ရှိမှာ အရောင်းအဝယ်က နည်းနည်းလေးပြန်ဖြစ်နေတယ်။ အရောင်းအဝယ်စျေးကွက်က အေးနေရာက နည်းနည်း ပြန်ဖြစ်လာတာပေါ့။ ဒါပေမဲ့ အရမ်းကြီးတော့ မမြိုင်ဘူးပေါ့။ အရင်ထက်စာရင်သာ နဲနဲပိုဖြစ်လာတယ် ဟု ဦးစိုင်းခွန်နောင်က ဆိုသည်။

တံတားစီမံကိန်းကြောင့် တရိပ်ရိပ် တက်လာသည့် ဒလမြေစျေး

ဒလတံတား တည်ဆောက်မည့် အစီအစဉ်အတည်ဖြစ်ပြီး စံချိန်တင် ကျဆင်းနေခဲ့သည့် ဒလမြို့နယ်၏အိမ်ခြံမြေနှင့် လယ်ယာ မြေစျေးနှုန်းများ တရိပ်ရိပ်တက်လာသည်။ ထို့ပြင် အသေးစား စက်မှုလုပ်ငန်းများ၊ အိမ်ယာများ တည် ဆောက်မည်ဟု  သတင်းများထွက် ပေါ်နေခဲ့သည့် လယ်ယာမြေများတွင်မူ အမြင့်ဆုံးစျေးနှုန်း ထိုးတက်မှုအဖြစ် စျေးနှုန်းများ ဆယ်ဆနီးပါးထိ ထိုးတက်ခဲ့ကြောင်း ဒလမြို့နယ်တွင် ရှိသည့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများနှင့်ဒေသခံများထံမှ စုံစမ်းသိရသည်။

လွန်ခဲ့သည့် တစ်လကျော်ခန့်ကာလက ဒလမြို့နယ်၏ အိမ်ခြံမြေ စျေးနှုန်းများ ကျဆင်းနေခဲ့ပြီး  စံချိန်တင်စျေးနှုန်း ကျဆင်းမှုများအနေဖြင့် ပေါက်စျေး၏ ထက်ဝက်နီးပါးထိ ကျဆင်းနေခဲ့ခြင်း ဖြစ်သော်လည်း ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ဒလတံတား ပန္နက်တင်ပွဲ အစီအစဉ်များကြောင့် လက်ရှိတွင် ဒလမြို့နယ်၏ အိမ်ခြံမြေစျေးနှုန်း တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စျေးနှုန်းများ တက်လာရာတွင် ပြီးခဲ့သည့်နှစ်များအတွင်းက ဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းများ တရှိန်ထိုး ထိုးတက်ခဲ့ခြင်း မဟုတ်ဘဲ တဖြည်းဖြည်းခြင်းစီဖြင့် တရိပ်ရိပ်ထိုး တက်လာခဲ့ခြင်းဖြစ်ပြီး တံတားခြေဆင်းနေရာတွင် ရှိနေ မည့် ကျန်စစ်သားရပ်ကွက် အပါအဝင် ရပ်ကွက်အချို့နှင့် ဒလမြို့နယ်၏ အဓိကလမ်းမကြီးများဖြစ်သည့် ဒလ-တွံတေးလမ်း၊ ရာဇသင်္ကြန်လမ်း၊ ဒနုတ်လမ်းမများ ဘေးတွင်ရှိသည့် မြေကွက်များမှာ သိန်းတစ်ရာဝန်းကျင်မှ သိန်း ၅၀၀ ကျော်ထိ စျေးတက်လာကြောင်း သိရသည်။

ဒလမှာ ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်ရှိတယ်။ အရင်က ၂၃ ရပ် ကွက်ပေါ့။ အဲ့ဒီထဲမှာမှ အရောင်းအဝယ်လှုပ်တာနဲ့ တံတားခြေဆင်းမှာရှိတဲ့ ကျန်စစ်သားရပ်ကွက်ကို ချိန်ရတယ်။ မြေစျေးကိုပေ့ါ။ ပြီးရင် တာကြီးရှိမယ်။ နောက်ရပ်ကွက်တွေပေါ့။ ကျန်တဲ့ရပ်ကွက်တွေလည်း အရောင်းအဝယ်ဖြစ်တာက ဖြစ်တယ်။ ဒါပေမယ့် ကျန်စစ်သားက တံတားခြေရင်းမှာလည်း ရှိတယ်။ အကွက်ပေါင်း ၃၀၀၀ ကျော်လည်း ရှိတယ်။ အိမ်ခြေစိတ်စိတ် မရှိသေးဘူး။ မြေကျယ်ကျယ် ဝယ်လို့ရတယ်။  ၅၀ ပတ်လည် ဝယ်ချင်လည်းရှိတယ်။ ၁၀၀ ဝယ်ချင်လည်း ရှိတယ်။ ကျန်တာတွေက အဲ့ဒီလိုမရဘူး။ အဲ့တာကြောင့် ကျန်စစ်သားကို မမှီဘူး။ အဲ့ဒီမှာ လွန်ခဲ့တဲ့ တစ်လကျော်လောက်က သိန်း ၈၀၀ လောက်တန်တဲ့ မြေကွက်က သိန်း ၄၂ဝလောက်ထိ ကျသွားတယ်။ အရင်က အဲ့ဒီလောက်ထိ မကျဆင်းခဲ့ဖူးဘူး။ နောက်လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်မှာ တံတားပန္နက်တင်ပွဲ မတိုင်မီလေးမှာကိုပဲ စျေးတွေက ပြန်တက်လာတယ်။ တံတားထိုးမယ်ကြားလို့ပေါ့။ သိန်း ၄၀၀ လောက်ကနေ ၆၀၀ လောက်ထိ တက်လာတယ်။ ဒလ-တွံတေး လမ်း၊ ရာဇသင်္ကြန်လမ်း၊ ဒနုတ်လမ်းမ အဲ့ဒီလို လမ်းမကြီးတွေဘေး က မြေကွက်တွေဆို သိန်း ၁၃၀၀ လောက်ကနေ ၁၅၀၀၊ ၂၀၀၀ လောက်ထိ တက်လာတယ် ဟု ဒလမြို့နယ် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းက လက်ရှိဖြစ်ပေါ်နေသည့်ဒလမြို့နယ်၏ အိမ်ခြံမြေစျေးများနှင့်ပတ်သက်ပြီး ပြောကြားသည်။

တံတားတည်ဆောက်ရန် အတည်ပြု နိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီးနောက်တွင် ဒလမြို့နယ်အတွင်းရှိ လယ်မြေစျေးနှုန်းများလည်း တက်လာခဲ့ပြီး မြို့ကွက်တိုးချဲ့ရန်အတွက် သိမ်းဆည်းထားခဲ့သည့် လယ်မြေများမှာ အမြင့်ဆုံးစျေးနှုန်းတိုးတက်မှုအဖြစ် စျေးနှုန်း ၁၀ ဆနီးပါထိ တက်လာခဲ့ကြောင်းနှင့် ထိုသို့တက်လာခဲ့ရခြင်းမှာ အဆိုပါ လယ်မြေနေရာများတွင် အသေးစား စက်မှုလုပ်ငန်းများ၊ အိမ်ရာတည်ထောင်ခြင်း လုပ်ငန်းများ တည်ဆောက် လုပ်ကိုင်မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်မှာ အရမ်းဟော့နေတဲ့ နေရာရှိတယ်။ အဲ့နေရာက အရင်က သိမ်းထားတဲ့ လယ်မြေနေရာပေါ့။ ၂၀၁၂  လယ်ယာမြေဥပဒေ ထွက်လာပြီးတော့လည်း အဲဒီက သူတွေကို ပုံစံခွန်မပေးဘူး။ အဲဒီတော့ သူတို့က ဘဏ်စာအုပ်လေးနဲ့ပဲ ဆက်လက်စိုက်ပျိုးနေကြတဲ့နေရာပေါ့။ အဲ့ဒီမှာက အသေးစား စက်မှုလုပ်ငန်းတွေ၊ အိမ်ရာတွေ လုပ်မယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ Survey တွေ လာလုပ်ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ စျေးတွေက တအားထိုးတက်သွားတယ်။ တစ်ဧက သိန်း ၆ဝကျော် ကနေ သိန်း ၄၅၀ လောက်ထိကို တက်သွားတာဟု ဦးသန်းထွန်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင်တရိပ်ရိပ်တက်နေသည့် ဒလအိမ်ခြံမြေစျေးကြောင့် ရောင်းချမည့်သူများမှာ အမြင့်စျေး စောင့်ဆိုင်းနေသည့် အခြေအနေ နှင့် စျေးနှုန်းပြောင်းလဲရောင်းချသည့် အခြေအနေများရှိနေခဲ့သော်လည်း ဝယ်လိုအားမှာ ရောင်းလိုအားထက် နည်းပါးလျက်ရှိနေသေးကြောင်းနှင့် ယင်းကဲ့သို့ နည်းပါးရခြင်းမှာ နေရာကောင်းတွင်ရှိသည့် မြေနေရာများအား ကြွယ်ဝချမ်းသာသူများက ဝယ်ယူထားပြီးဖြစ်သည့် အခြေအနေများကြောင့်ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်တွင်ရှိသည့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများ၏ ခန့်မှန်းပြောကြားချက်များအရ ဒလမြို့နယ်၏ အိမ်ခြံ မြေစျေးနှုန်းများမှာ  မြို့ကွက် တိုးချဲ့သည့်အချိန်တွင် မြေကွက်ပါမစ်အသစ်များသည် လက်ရှိမြေကွက် စျေးနှုန်းများထက် ပိုမိုလျော့နည်းစွာ ရှိနေနိုင်ခြင်းကြောင့် တရှိန်ထိုး တက်လာရန် ရှိမနေသကဲ့သို့ အဓိကကျသည့် မြေနေရာများသည်လည်း စျေးနှုန်း ကျဆင်းနိုင်ခြေ ရှိသည့် အခြေအနေများ ဖြစ် လာနိုင်ဖွယ် မရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တည်ဆောက်ရန် ကြန့်ကြာနေခဲ့သည့် ဒလတံတားတည်ဆောက်ရန် စီမံကိန်းအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လာရောက် ပန္နက်ချမှုနှင့်အတူ တံတားတည် ဆောက်ရန် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေမတိုင်မီတွင် ဒလမြို့နယ်၌ အမြင့်ဆုံး အိမ်ခြံမြေစျေးနှုန်းအဖြစ် သိန်း ၆၀၀၀ ကျော်ထိ စျေးနှုန်းများ ရှိခဲ့ဖူးကြောင်း သိရသည်။

ယခင်က အစိုးရ၏ စီမံကိန်း တစ်ခုခု အကောင်အထည်ဖော်တော့မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပါက ယင်းဒေသ၌ အိမ်ခြံမြေစျေးနှုန်းများ ဆက်တိုက် မြင့်တက်လေ့ရှိသော်လည်း ယခု နောက်ပိုင်းတွင် ယင်းအနေအထားမရှိဘဲ စျေးကွက်လှုပ်ခတ်မှုအနည်းငယ်သာ ရှိနေခဲ့သည်။

ယင်းအခြေအနေမှာ ယခင်ကတည်းက အိမ်ခြံမြေစျေးကွက် အေးစက်နေခဲ့ခြင်းကြောင့် ထူးထူးခြားခြား စျေးလှုပ်ခတ်မှု မရှိခဲ့ခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

၂၀၁၉ တွင် စောင့်ကြည့်ရတော့မည့် ရန်ကုန်အိမ်ခြံ မြေစျေးကွက်

ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက်ကို လေ့လာကြည့်ပါက ယခု နှစ်ပိုင်းအတွင်း အရောင်းအဝယ် ပါးနေခဲ့ကာ အရောင်းအဝယ်ပြုလုပ်ခဲ့မှုများတွင်လည်း အတက်စျေးဖြင့် မဟုတ်ဘဲ အများစုမှာ ငွေလိုနေသည့်အနေအထား တစ်ခုကို ရောက်ရှိနေ၍သာ ထုတ်ရောင်းကြသည့် အခြေအနေ ဖြစ်သည်။

၂၀၁၉ခုနှစ်ထဲမှာတော့ စျေးကွက်က  ပြန်ကောင်းလာမယ် မှန်းပါတယ်။ အလားအလာတွေလည်း မြင်နေရပြီလေ။ နိုင်ငံခြား ဘဏ်ခွဲသုံးခု ဝင်လာတယ်။ တရုတ်နဲ့ထိုးထားတဲ့ MoU တွေရယ်၊ အိန္ဒိယသမ္မတ လာတယ်၊ ဒီကသွား ကြတာလည်းရှိတယ်။ အများကြီးပေါ့။ နောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း တော်တော်လေး ပျော့ပျော့ပျောင်းပျောင်း ရှိလာတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း အသက်ဝင်လာပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေး ဆောင်ရွက်နေတဲ့အတွက်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အထိုက်အလျောက် ပိုဝင်လာမယ်လို့ ခန့်မှန်းပါတယ်။ ဆိုရင် မြန်မာ နိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုပ်ငန်းလုပ်ကိုင်ဖို့လာကြရင် အိမ်ခြံမြေလိုအပ်ချက်ပိုရှိလာမယ်၊ ဒါကြောင့်မို့ ၂၀၁၉ ထဲမှာ အိမ်ခြံမြေစျေးကွက်က ပိုဖြစ်လာမယ်လို့ မျှော်လင့်လို့ရတယ် ဟု ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌဦးစိုင်းခွန်နောင်က ပြောကြားသည်။

လက်ရှိတွင် ကွန်ဒိုဥပဒေ၊ နည်းဥပဒေများ ထွက်ပေါ်လာပြီး ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးကော်မတီကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၅ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်။ ယင်းအခြေအနေများကြောင့် နိုင်ငံခြားသားများအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ကွန်ဒိုဝယ်ယူခွင့်ရရှိခြင်းကလည်း အိမ်ခြံမြေစျေးကွက်ကို  အထောက်အကူပြုနိုင်ကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

အိမ်ခြံမြေစျေးကွက် သွက်လာမယ်ဆိုရာမှာ ပိုပြီးပိုပြီးသွက်ရင်းကနေ စျေးကလိုက်ပါလာမှာပေါ့။ အရင်လိုကြီး စျေးတက်ဖို့ မမျှော်လင့်ပါဘူး။ လက်ရှိစျေးနှုန်းနဲ့ပဲ အရောင်းအဝယ်သွက်လာမယ်၊ အရောင်းအဝယ် သွက်လာရင် ကျွဲကူးရေပါဆိုသလို စျေးကနည်းနည်း မြောက်လာနိုင်တယ် ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

သို့ရာတွင် အငှားစျေးကွက်တွင်မူ ပုံမှန်အတိုင်းသာဖြစ်နေကြောင်း၊ ယခင်ကတည်းက အရောင်းအဝယ်သာပါးပြီး အငှားစျေးကွက်မှာ ပုံမှန်လည်ပတ်နေခဲ့သည်ဟု သိရသည်။

အရောင်းအဝယ်ပါးတော့ လူတွေက အရင်တုန်းကလို စျေးမတက်တော့ ဝယ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တော့ဘူး။ အရင်တုန်း က အငှားမလုပ်ဘဲနဲ့ အိမ်ခြံမြေ ဝယ်ပြီးရင်းနှီးမြှုပ်နှံရင် အငှားခလည်း ပေးစရာ မလိုဘူး၊ထားရင်းနဲ့ စျေးတက်တယ်ပေါ့လေ။ အခုဟာက ဝယ်တဲ့သူနည်းသွားတော့ လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် မြေတို့ ဘာတို့မဝယ်တော့ဘူး။ ငှားလုပ်တာ များတယ်။ ဒါကြောင့် အငှား စျေးကွက်ကတော့ ပုံမှန်လေးသွားနေတယ်ပေါ့ ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကဆိုသည်။ သို့သော် အိမ်ခြံမြေစျေးကွက်အတွင်း အခွန်နှုန်းထားများနှင့် ပတ်သက်ပြီးလည်း  ဝေဖန်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်းမှာ Apartment Law ထွက်လာမယ်လို့ မျှော်လင့်တယ်။ နောက်တစ်ခုက ငွေစျေးကတည်းတက်လာ ကမ်းကုန်သွားပြီ။ အိမ်စျေးကလည်းကျတာ ကမ်းကုန်သွားပြီ။ ဒီကြားထဲမှာ အသစ်ထုတ်လုပ်မှု သိပ်မရှိဘူး။ခုတလောတောင် ကျွန်တော့်ဟာတွေကို ရောင်းစရာတောင်မလိုဘဲ ပြပွဲကဒီတစ်ပတ်ထဲရှိတယ်။ရောင်းစရာမလိုဘဲ ရုံးကိုလာဝယ်တာ သုံးခန်း ရောင်းလိုက်ရတယ်။ ကျွန်တော် ထင်တာကတော့ ၂၀၁၉ နှစ်လယ် လောက်မှာ အရောင်းအဝယ် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ် ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးမျိုးမြင့်က သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent