ပြန်လှန်စစ်ဆေး ထိန်းကျောင်းခြင်း သဘောတရား

ပြန်လှန်စစ်ဆေး ထိန်းကျောင်းခြင်း သဘောတရား
Published 11 January 2019

ပြန်လှန်စစ်ဆေး ထိန်းကျောင်းခြင်း သဘောတရား (Checks and Balances) သည် အမှားများကို လျှော့ချရန်၊ မသမာသော အပြုအမူများကို ကာကွယ်ရန်နှင့် အာဏာအား ဗဟိုက ချုပ်ကိုင်ထားမှု၏ အန္တရာယ်များ လျော့နည်းစေရန်တို့အတွက် လုပ်ငန်းစဉ်အမျိုးမျိုးကို ချမှတ်ထားခြင်းဖြစ်သည်။ ပြန်လှန်စစ်ဆေး ထိန်းကျောင်းခြင်း သဘောတရားသည် တစ်ဦးတည်းသောလူပုဂ္ဂိုလ် သို့မဟုတ် တစ်ခုတည်းသောဌာနကသာ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ လုံးဝချုပ်ကိုင်ထားခြင်းမရှိရေးကို သေချာစေပြီး သက်ဆိုင်ရာတာဝန် ဝတ္တရားများကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားကာ လုပ်ငန်းတာဝန်များ ပြီးမြောက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်စေခြင်းဖြစ်သည်။ အစိုးရအဖွဲ့များတွင် ပြန်လှန်စစ်ဆေး ထိန်းကျောင်းခြင်း သဘောတရားကို ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့အဖြစ် ကဏ္ဍသုံးရပ်ခွဲကာ ကျင့်သုံးလေ့ရှိသည်။

ပြန်လှန်စစ်ဆေး ထိန်းကျောင်းခြင်း သဘောတရားသည် ပုဂ္ဂိုလ်တစ်ဦးတည်းက လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သော လုပ်ငန်းများနှင့် အဖွဲ့အစည်းများ၌ အလွန်အရေးကြီးသည်။ သို့ရာတွင် ပြန်လှန်စစ်ဆေး ထိန်းကျောင်းခြင်း သဘောတရားသည် ငွေကုန်ကြေးကျများခြင်းနှင့် လုပ်ငန်းအရည်အသွေးကို ထိခိုက်စေခြင်းတို့လည်း ဖြစ်စေတတ်သည်။ ဝန်ထမ်းအမျိုးမျိုးတို့ကို ရှင်းရှင်းလင်းလင်းသတ်မှတ်ထားသော ကဏ္ဍများအဖြစ် တာဝန်ဝတ္တရားများ ပိုင်းခြားထားခြင်းဖြင့် လုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် ဆိုးယုတ်သည့် ဝန်ထမ်းများ သို့မဟုတ် အလုပ်အမှုဆောင်များအနေဖြင့် အခြားဝန်ထမ်းများက ဝင်ရောက်စွက်ဖက်စရာမလိုဘဲ လုပ်ငန်းတစ်ရပ်ကို မထိခိုက်နိုင်စေရေး သေချာအောင်ပြုလုပ်ရာ၌ ပိုမိုကောင်းမွန်သွားစေနိုင်သည်။ Checksand Balances ဟူသည့် စကားရပ်ကို အစိုးရအဖွဲ့များ၌ ပိုမိုအသုံးများလေ့ရှိသည်။

နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်ဟူသည့် ကဏ္ဍသုံးရပ်အား သီးခြားလုပ်ကိုင်နိုင်စွမ်းများ ပေးထားသည်။ သဘောတရားမှာ အစိုးရ၏ မည်သည့်ကဏ္ဍကမျှ အလွန်များပြားသော အာဏာမရှိစေရေး သေချာစေရန်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို နမူနာအဖြစ် ဖော်ပြရလျှင် ပထမဆုံးအနေဖြင့် ဥပဒေပြုရေးကဏ္ဍသည် ဥပဒေများပြဋ္ဌာန်းသည့် အစိုးရအဖွဲ့အစိတ်အပိုင်းအဖြစ်ပါဝင်သည်။ သို့သော် ဥပဒေပြုရေးကဏ္ဍကို စစ်ဆေးထိန်းကျောင်းရန် အုပ်ချုပ်ရေးကဏ္ဍမှ နိုင်ငံတော်သမ္မတကို ဗီတိုအာဏာပေးထားလေ့ရှိသည်။ ၎င်းအပြင် ဥပဒေများကို ကျင့်သုံးအကောင်အထည်ဖော်သည့် အစိုးရအဖွဲ့၏ အစိတ်အပိုင်းဖြစ်သော တရားစီရင်ရေးကဏ္ဍသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော ဥပဒေပြဋ္ဌာန်းမှုများကို ပယ်ချနိုင်ခြင်းဖြင့် ဥပဒေပြုရေးကဏ္ဍကို သြဇာသက်ရောက်နိုင်သည်။ နိုင်ငံတော်သမ္မတ၌ ဗီတိုအာဏာရှိသည်ဟုဆိုသော်လည်း ဥပဒေပြုရေးကဏ္ဍသည် သမ္မတ၏ဗီတိုကို မဲသုံးပုံနှစ်ပုံဖြင့် ပယ်ချနိုင်သည်။ ယင်းသည် သမ္မတအနေဖြင့် ကိုယ်ကျိုးအတွက် မိမိ၏အာဏာကို အသုံးမပြုနိုင်စေရေး သေချာစေရန်ဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍသည် အချို့သောဥပဒေများကို ထိရောက်စွာ ပြဋ္ဌာန်းနိုင်စေရန် အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်။ သို့သော် တရားစီရင်ရေးကဏ္ဍက ယင်းအမိန့်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ဆုံးဖြတ်နိုင်သည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီအရည်အသွေးကို သိရှိလိုပါက ပြန်လှန်စစ်ဆေး ထိန်းကျောင်းခြင်း သဘောတရားအား မည်မျှစနစ်ကျအောင် ကျင့်သုံးသနည်းဟူသည်ကို ကြည့်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇန်နဝါရီ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent