ဂွမြို့နယ် မြေစာရင်းဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဒုဦးစီးမှူး အပါအဝင် လေးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လာရောက်စစ်ဆေးနေပြီး ထိန်းသိမ်းထား

ဂွမြို့နယ် မြေစာရင်းဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဒုဦးစီးမှူး အပါအဝင် လေးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လာရောက်စစ်ဆေးနေပြီး ထိန်းသိမ်းထား
Published 9 January 2019

ရခိုင်ပြည်နယ်၊ ဂွမြို့မြို့နယ် မြေစာရင်းဌာနမှ မြို့နယ်ဦးစီးမှူးနဲ့ ဒုဦးစီးမှူး အပါအဝင် လေးဦးကို အဂတိ လိုက်စားမှုဖြင့် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း ဂွမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဂွမြို့နယ်၊ ဆတ်သွားနှင့် ကမ်းသာယာတစ်ဝိုက်မှ မြေယာများအား အရောင်းအဝယ် ပြုလုပ်ရာတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တိုက်ရိုက်လာရောက် စစ်ဆေးခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် ထိန်းသိမ်းထားသည့် အဆင့်တွင်သာ ရှိသေးကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဂွမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ရဲမှူးတင်ဝင်းက “လောလောဆယ်တော့ စစ်ဆေးနေတဲ့ အဆင့်မှာ ရှိသေးတဲ့အတွက် အရေးယူမှုတော့ မလုပ်ရသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ အသေးစိတ် မပြောနိုင်သေးဘူး။ စခန်းကိုမေးကြည့်မှ အသေးစိတ် ပြောနိုင်မှာဖြစ်တယ်။ စစ်ဆေးနေတုန်း အဆင့်မှာသာ ရှိသေးတယ်” ဟု ပြောကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွှန့်အား ဆက်သွယ်ခဲ့ရာ အသေးစိတ်အား ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။