GSP အခွင့်အရေးကြောင့် မြန်မာနိုင်ငံ၌ အလုပ်သမားဦးရေ၏ ၀ ဒသမ ၆ ရာခိုင်နှုန်း အလုပ်အကိုင်ရရှိနေပြီး GSP ဆက်လက်ရရှိမည်ဆိုပါက ခြောက်ရာခိုင်နှုန်းအထိ တိုးတက်လာဖွယ်ရှိကြောင်း DicA ညွှန်ကြားရေးမှူးချုပ် ပြောကြား

GSP အခွင့်အရေးကြောင့် မြန်မာနိုင်ငံ၌ အလုပ်သမားဦးရေ၏ ၀ ဒသမ ၆ ရာခိုင်နှုန်း အလုပ်အကိုင်ရရှိနေပြီး GSP ဆက်လက်ရရှိမည်ဆိုပါက ခြောက်ရာခိုင်နှုန်းအထိ တိုးတက်လာဖွယ်ရှိကြောင်း DicA ညွှန်ကြားရေးမှူးချုပ် ပြောကြား
ဇန်နဝါရီ ၅ ရက်က ကျင်းပသည့် “Democracy, Poverty and GSP” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဇန်နဝါရီ ၅ ရက်က ကျင်းပသည့် “Democracy, Poverty and GSP” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 5 January 2019
ဇေယျာငြိမ်း

GSP အခွင့်အရေးကြောင့် လက်ရှိတွင်  မြန်မာနိုင်ငံ၌ အလုပ်သမားဦးရေ၏ ၀ ဒသမ ၆ရာခိုင်နှုန်း  အလုပ်အကိုင်ရရှိနေပြီး GSP ဆက်လက်ရရှိမည်ဆိုပါက ခြောက်ရာခိုင်နှုန်းအထိ တိုးတက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇန်နဝါရီ ၅ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သည့် “Democracy, Poverty and GSP” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားသည်။

ဥရောပသမဂ္ဂ(အီးယူ)က GSP အခွင့် အရေးမရရှိမီ ၂၀၁၃ ခုနှစ်အရှေ့ပိုင်းတွင် မြန်မာနိုင်ငံ၌ အီးယူသို့ တင်ပို့သည့် အထည်ချုပ်လုပ်ငန်း စက်ရုံ ၂၂ ရုံ၊ CMP လုပ်ငန်း မဟုတ်သည့် လုပ်ငန်းတွင် စက်ရုံတစ်ခုနှင့် အထည်ချုပ် မဟုတ်သည့် CMP လုပ်ငန်းတွင်စက်ရုံတစ်ခု စုစုပေါင်းစက်ရုံ ၂၄ ရုံသာ ရှိခဲ့သည်။

ယင်းလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၂၃,၀၀၀ ကျော်သာ ဖန်တီးပေးနိုင်ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

GSP အခွင့်အရေးရရှိခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အီးယူသို့ တင်ပို့သည့် အထည်ချုပ်လုပ်ငန်း စက်ရုံ ၂၀၂ ရုံ၊ CMP လုပ်ငန်းမဟုတ်သည့် လုပ်ငန်းတွင် စက်ရုံ ၂၆ ခုနှင့် အထည်ချုပ် မဟုတ်သည့် CMP လုပ်ငန်းတွင် စက်ရုံ ၇၇ ရုံ စုစုပေါင်းစက်ရုံ ၃၀၅ ရုံအထိ တိုးတက်လာခဲ့သည်။

ယင်းလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း သုံးသိန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

“အလုပ်သမား သုံးသိန်းဆိုတဲ့ ပမာဏက ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူးလို့ ထင်ရတယ်။ သို့သော်လည်းပဲ သချင်္ာနည်းနဲ့ ပြန်တွက်မယ်ဆိုရင် မြန်မာပြည်မှာ လူတစ်ထောင်ရှိရင် အီးယူ GSP ရဲ့ အကျိုးကျေးဇူးကို ခံစားရတာ။ သုညဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါ EBA/GSP အခွင့်အလမ်းများ ကြောင့် အခြားနိုင်ငံမှ စက်ရုံများနှင့် ဥရောပသမဂ္ဂ (အီးယူ) သို့ တင်ပို့လိုသည့် စက်ရုံများက မြန်မာနိုင်င၌ လာရောက်ရွှေ့ပြောင်း လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) တွင် လာရောက် စုံစမ်းမှုများရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ EBA/GSP ကြောင့် ထပ်ပြီးဝင်လာမယ့် စက်ရုံတွေ အများကြီး ရှိပါတယ်။ MIC မှာလာပြီး စုံစမ်းနေတာတွေရှိတယ်။ တချို့စက်ရုံတွေ မြန်မာပြည်ကို ရွှေ့လာဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အီးယူကပေးထားတဲ့ GSP နဲ့ EBA ကို မျှော်ကိုးပြီးတော့မှ ရွှေ့လာမယ့် စက်ရုံတွေရှိတယ်။ ကျွန်တော်ပြောသလို စက်ရုံပေါင်း ၃၀၀ ကျော်လောက်က ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူတစ်ထောင်မှာ လူခြောက်ယောက်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ရင် စက်ရုံပေါင်း ၃၀၀၀ အထိ တိုးလာရင် လူ ၆၀ လောက်အထိ ဒီကဏ္ဍကနေ အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်။ ဒါက လူဦးရေရဲ့ ခြောက်ရာခိုင်နှုန်းအထိ တိုးလာနိုင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း လေ့လာတွေ့ရှိချက်များကို ကိုယ်စားလှယ်အဖွဲ့က EU ပါလီမန်သို့ တင်ပြမည်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့် (GSP/EBA) အခွင့်အရေးနှင့် ပတ်သက်ပြီး EU ပါလီမန်ကသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် (EU EBA Monitoring Mission) အဖွဲ့နှင့်တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး EU က မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး EBA/GSP ကို ဖယ်ရှားရန် စဉ်းစားနေခြင်းဖြစ်သည်။

၁၉၉၇ ခုနှစ်က အဆိုပါကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေးကို ရုပ်သိမ်းခဲ့သည့်အတွက် အထည်ချုပ် အလုပ်သမား တစ်သိန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး ခံစားခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်က ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent