အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် မြန်မာနိုင်ငံ အဆင့် (၃) နေရာတွင်ဆက်ရှိပြီး မြန်မာစက်မှု ကုန်ထုတ်လုပ်ငန်းများ အော်ဒါသစ်များ အခိုင်အမာ တိုးတက်ရရှိလာ

အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် မြန်မာနိုင်ငံ အဆင့် (၃) နေရာတွင်ဆက်ရှိပြီး မြန်မာစက်မှု ကုန်ထုတ်လုပ်ငန်းများ အော်ဒါသစ်များ အခိုင်အမာ တိုးတက်ရရှိလာ
ရန်ကုန်မြို့ သာကေတစက်မှုဇုန်ရှိ ကုန်ထုတ်စက်ရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ သာကေတစက်မှုဇုန်ရှိ ကုန်ထုတ်စက်ရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 5 January 2019
စည်သူအောင်

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း PMI (Manufacturing Purchasing Manager’s Index - ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) တွင် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် (၃) နေရာတွင် ဆက်ရှိပြီး မြန်မာစက် မှုကုန်ထုတ်လုပ်ငန်းများ အော်ဒါသစ်များ အခိုင်အမာ တိုးတက်ရရှိလာကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် ဗီယက်နမ်နိုင်ငံက ၅၃ ဒသမ ၈၊ ဖိလစ်ပိုင်နိုင်ငံက ၅၃ ဒသမ ၂၊ မြန်မာနိုင်ငံက ၅၂ ဒသမ ၅၊ အင်ဒိုနီးရှားနိုင်ငံက ၅၁ ဒသမ ၂၊ ထိုင်းနိုင်ငံက ၅၀ ဒသမ ၃၊ မလေးရှားနိုင်ငံက ၄၆ ဒသမ ၈၊ စင်ကာပူနိုင်ငံက ၄၆ ရရှိခဲ့သည်။ အဆိုပါ စာရင်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံး အဆင့်၌ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလ ဆက်တိုက်ရောက်ရှိခဲ့ပြီး နိုဝင်ဘာမှ စတင်ကာ အဆင့်သုံးနေရာသို့ ပြန်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံ များထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေးအရှိန် ပျော့လာခြင်းကြောင့် မေတွင် အဆင့်လေး၊ ဇွန်တွင် အဆင့်ခြောက်၊ ဇူလိုင်လမှ စတင်ကာ စက်တင်ဘာလအထိ အဆင့်ခုနစ်၊ အောက်တိုဘာတွင် အဆင့်ခြောက်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် အဆင့်သုံးနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယခုစစ်တမ်းတွင် ပါဝင်သော နိုင်ငံပေါင်းခုနစ်နိုင်ငံအနက် လေးနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ကုန်ထုတ်လုပ်ရေး အခြေအနေများ တိုးတက်လာသော်လည်း ကျန်နိုင်ငံများမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေများ နှေးကွေးကျဆင်းနေကြောင်း အချက်ပြနေသည်။ မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှု ဖိအားများ အားပျော့လာခဲ့၍ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အောက်တိုဘာလ၏ ကျဆင်းမှုမှနေပြီး ပြန်လည်ဦးမော့ လာနိုင်ခဲ့ခြင်းဖြင့် တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ရေနံစျေးနှုန်း ကျဆင်းမှုကြောင့် ထည့်သွင်း ကုန်စရိတ်များလည်း ကျဆင်းခဲ့ခြင်းကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်စေခဲ့သည်။

ဒီဇင်ဘာစစ်တမ်းဒေတာမှ မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း အခြေအနေ အခိုင်အမာ တိုးတက်လာခြင်းကို အချက်ပြနေပြီး ထိုသို့တိုးတက်လာရေးကို တွန်းတင်ပေးခဲ့သည်မှ ခုနစ်လအတွင်း ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ၏ အမြန်ဆုံး တိုးတက်လာမှုများဖြစ်သည်။ လုပ်ငန်းသစ်များ အခိုင်အမာ တိုးတက်လာခဲ့သည်နှင့်အညီ အလုပ်ခန့်ထားမှုများမှာလည်း ဇွန်လမှစပြီး ပထမဦးဆုံးအကြိမ် တိုးလာကာ ဝန်ထမ်းများကို ပိုမိုငှားရမ်းမှုက ထုတ်လုပ်ရေး စွမ်းပကားများ အပေါ်မှ ဖိအားပေးမှုများ လျော့နည်းလာခြင်းကို ဆိုလိုသည်။ ထည့်သွင်းကုန်စျေးနှုန်း ဖောင်းပွမှုမှာ ဒီဇင်ဘာလတွင် သိသာစွာ အားပျော့လာခဲ့ပြီး စက်တင်ဘာလတွင် စံချိန်တင်အမြင့်ဆုံးရှိခဲ့ရာမှ စရိတ်စကများ၏ ဝန်ထုပ်များကြီးထွားမှုမှာ ၂၀၁၆ ခုနှစ် မတ်လမှစပြီး အနှေးဆုံး ဖြစ်လာသည်။

ဒီဇင်ဘာအတွင်း စျေးနှုန်းမျက်နှာစာကို လေ့လာကြည့်ရလျှင် ကုန်ကျစရိတ် ဝန်ထုပ်များ ကြီးထွားလာမှုမှာ ယခင်လများက အရှိန်ထက် ကျဆင်းလာသည်။ ထည့်သွင်းကုန်စျေးနှုန်းများ မြင့်တက်လာမှုမှာ ခြုံပြောရလျှင် ခိုင်မာခဲ့သော်လည်း ၂၀၁၆ ခုနှစ် မတ်လမှစပြီး အနှေးဆုံးဖြစ်ခဲ့သည်။ ကျပ်ငွေသည် ဒီဇင်ဘာလတွင် ဆက်လက်တန်းဖိုး ကျဆင်းခဲ့သော်လည်း ရေနံစျေး ကျဆင်းလာမှုက ထည့်သွင်းကုန်စရိတ်များအပေါ် ဖိအားပေးမှုများကို သက်သာလာစေခဲ့သည်။ ထုတ်ကုန်စျေးနှုန်းဖောင်းပွမှုမှာ ဝယ်သူများဘက်မှ ဝယ်လိုအား ကောင်းနေသည့်တိုင်အောင် ၁၇ လအတွင်း အားအပျော့ဆုံး ဖြစ်ခဲ့ကြောင်း IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

 

Most Read

Most Recent