အောင်လအန်ဆန်နှင့် Martin Nguyen တို့၏ ခင်မင်ရင်းနှီးမှု

အောင်လအန်ဆန်နှင့် Martin Nguyen တို့၏ ခင်မင်ရင်းနှီးမှု
Photo: One Championship
Photo: One Championship
Published 4 January 2019

 

မြန်မာကစားသမား အောင်လအန်ဆန် နှင့် သြစတြေးလျကစားသမား Martin Nguyen တို့သည် ကမ္ဘာတစ်ဖက်ခြမ်းဆီမှာ နေထိုင်ကြကာ၎င်းတို့၏ ဝိတ်တန်း ၂ ခုမှာလည်း အတော်ကွာခြားပေမယ့်လည်း တူညီမှုများလည်းရှိပါသည်။

၎င်းတို့သည်ONE Championship ၏ သမိုင်းတစ်လျှောက်တွင် ၂ ဦးတည်းသာရှိသည့် ဝိတ်တန်း ၂ ခု ကမ္ဘာ့ချန်ပီယံများဖြစ်ကြသည်။ အောင်လရော Nguyen ပါ အခက်အခဲများကို သတ္တိရှိရှိရင်ဆိုင်ကာ အောင်မြင်လာကြသူများဖြစ်သည်။

 

မကြာသေးခင်ကစင်္ကာပူနိုင်ငံတွင် Nguyen နှင့် ဆုံတွေ့ခဲ့သော အောင်လ က “ကျွန်တော်တို့က ဘာမှမရှိတဲ့ဘဝကနေ ကြိုးစားခဲ့ရတာပါ။” ဟု ပြောခဲ့သည်။

 

 

 

 

“ကျွန်တော်တို့၂ ယောက်လုံးက ပြောင်းရွှေ့နေထိုင်သူတွေလေ။ တစ်ချိန်က ကျွန်တော်တို့ ဘာထောက်အပံ့မှမရှိဘဲ နေထိုင်ခဲ့ရပြီး အများကြီးလည်း ရင်းနှီးပေးဆပ်ခဲ့ရတယ်။ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပုံတွေလည်း တော်တော်တူကြပါတယ်။ ကျွန်တော်တို့က ဖွံ့ဖြိုးဆဲနိုင်ငံကနေလာတာပါ။ Martin က ဗီယက်နမ်နိုင်ငံဖွားဖြစ်ပြီးကျွန်တော်က မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းမှာ မွေးတာပါ။ ပြီးတော့ ကျွန်တော်တို့ တခြားနိုင်ငံကိုသွားပြီး ကိုယ့်ဘဝကိုယ်တည်ဆောက်ခဲ့ရတယ်။” ဟု အောင်လက ပြောခဲ့သည်။

“ကျွန်တော်တို့မိသားစုနဲ့အလွန်ခက်ခဲစွာ ရုန််းကန်ခဲ့ရတယ်။ ကျွန်တော်တို့ တော်တော်လေး ပေးဆပ်ခဲ့ရပြီး ကြိုးစားဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်တို့ ဒီနေ့ ဒီလိုအခြေအနေ ဖြစ်လာတယ်ဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။” ဟု ၎င်းကဆိုသည်။

“ဒါပေမယ့် ကျွန်တော်တို့ ၂ ယောက်လုံးမှာ မိမိကိုယ်ကိုယုံကြည်မှုရှိကြတယ်။ ကျွန်တေ်ာတို့ လုပ်နိုင်မယ်လို့လည်း ယုံကြည်ခဲ့ကြတယ်။” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ဗီယက်နမ်တွင်မွေးဖွားကြီးပြင်းခဲ့သော Nguyen သည် ၎င်း၏အောင်မြင်မှုသက်သေများဖြစ်သော ONE ဖယ်သာဝိတ်နှင့် လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် မိသားစုကို ကျွေးမွေးထောက်ပံ့ရင်း ရရှိခဲ့ခြင်းဖြစ်သည်။

 

အောင်လသည်လည်းဖလော်ရီဒါရှိ ၎င်း၏ မိသားစုကို ကျွေးမွေးထောက်ပံ့ရင်း ONEလိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်များကို သိမိးပိုက်နိုင်ခဲ့ကာ ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များ၏ အာရုံစိုက်ခြင်းခံခဲ့ရသည်။

 

သို့သော်အောင်လသည် ၎င်းချစ်မြတ်နိုးသော မြန်မာနိုင်ငံတွင် မွေးဖွားသူဖြစ်ကာ ၃၃ နှစ် အရွယ်ရှိပြီဖြစ်သည့် သူ့အဖို့ ဖြတ်သန်းခဲ့ရသောဘဝလမ်းသည် မလွယ်ကူခဲ့ချေ။

“ကျွန်တော်ကမွေးချင်း ၅ ယောက်ရှိတဲ့ လူလတ်တန်းစား မိသားစုကနေ ကြီးပြင်းလာရတာပါ။”ဟု အောင်လ က ပြောပြခဲ့သည်။

“ကျွန်တော်တို့စားဖို့သောက်ဖို့တော့ မပူရပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်တဲ့အချိန််မှာ အခက်အခဲတွေရှိခဲ့တယ်။ အိမ်ငှားခပေးဖို့ အခက်အခဲဖြစ်တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။ အထွေထွေကုန်ကျစရိတ် မပေးနိုင်တဲ့အချိန်တွေ ရှိခဲ့ဖူးသလို အစိုးရဆီကနေ ရိက္ခာအထောက်အပံ့တောင်းဖို့

စဉ်းစားရလောက်အောင် ခက်ခဲတဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။” ဟု ၎င်းက ဖွင့်ဟခဲ့သည်။

“ဒါတွေကကျွန်တော် တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြတာပါ။ Martin က ကျွန်တော့်ထက်တောင် ခက်ခဲဦးမယ်ဒါပေမယ့်ကျွန်တော့်ကစားသမားသက်တမ်းမှာ‘အလုပ်လုုပ်ရတာမတန်တော့ဘူး။ သာမန်အလုပ်ပဲ ပြောင်းလုပ်ရင်ကောင်းမယ်’လို့ တွေးမိတဲ့အချိန်လည်းရှိပါတယ်။” ဟု အောင်လက ပြောပြခဲ့သည်။

“ဒါပေမယ့်ဒီလိုမျိုးရင်ဆိုင်ကျော်ဖြတ်ပြီး အခုလို အခြေအနေမျိုးကို နောက်ဆုံးမှာ ရောက်လာနိုင်ခဲ့တာဟာ အလွန်ပဲ အံ့သြဖို့ကောင်းပါတယ်။ Martin လည်း ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာ။” ဟု ၎င်းကဆိုသည်။

ဤကဲ့သိုတူညီသော အခက်အခဲများကျော်ဖြတ်၍ အောင်မြင်သည့်ဘဝကို ရယူခဲ့ရသော အောင်လနှင့် Nguyen တို့သည် အလွန်ရင်းနှီးကြသည်။ ၎င်းတို့ ၂ ဦးသည် ပုံမှန် စကားပြောဖြစ်လေ့ရှိကြပြီး နိုင်ငံရပ်ခြားတွင် ONE Championship ပြိုင်ပွဲများယှဉ်ပြိုင်ဖြစ်တိုင်း အချိန်ပေး ဆုံတွေ့ဖြစ််ကြသည်။

Nguyenသည် ၎င်း၏ လာမည့်စခန်းသွင်းလေ့ကျင့်မှုအတွက် အောင်လ လေ့ကျင့်နေသော Fort Lauderdale ရှိ Hardknocks အားကစားရုံရှိရာသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားသည်။ တစ်ချိန်တည်းမှာပင် အောင်လသည်လည်း လာမည့်နှစ်တွင် သြစတြေးလျသို့ သွားရောက်ရန် စီစဉ်လျက်ရှိသည်။

“ကျွန်တော်အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေတာ။ ကျွန်တော် Martin ကို သွားတွေ့မယ်။” ဟု အောင်လ က ပျော်ရွှင်စွာ ပြောပြခဲ့သည်။

“Martinက ကျွန်တော် လေ့ကျင့်နေတဲ့ Hardknocks အားကစားရုံမှာ စခန်းသွင်းလေ့ကျင့်မှုတွေ လာလုပ်လိမ့်မယ်။ သူ ကျွန်တော်တိို့နဲ့ Fort Lauderdale မှာ လာနေပြီး လေ့ကျင့်မှုတွေ လုပ်လိမ့်မယ်။” ဟု ၎င်းကဆိုသည်။

၎င်းတို့၂ ဦးသည် ၂၀၁၇ ခုနှစ်အစောပိုင်းတွင် ဂျာကာတာတွင် ပထမဆုံးဆုံတွေ့ဖြစ်ခဲ့ကြသည်။ ထိုစဉ်က ONE: QUEST FOR POWER ပြိုင်ပွဲကြီးတွင် Nguyen က ဂျပန်ကစားသမား Kazunori Yokota နှင့် ဒုတိယအဓိကတွဲဆိုင်းတွင် ထိုးသတ်ယှဉ်ပြိုင်ခဲ့ကာ အဓိကတွဲဆိုင်းတွင် အောင်လ က Vitaly Bigdash ကိုစိန်ခေါ်ခဲ့သည်။

၎င်းတို့သည်အဝတ်လဲခန်းကို အတူအသုံးပြုဖြစ်ခဲ့ကြကာ အချိန်တိုအတွင်း ခင်မင်ခဲ့ကြသည်။

“ကျွန်တော်တို့စကားပြောရင်း ခင်သွားခဲ့ကြတာပါ။” ဟု အောင်လက ပြောပြခဲ့သည်။

“ကျွန်တော်တို့ကအတွေးချင်းတော်တော်တူတယ်။ ပြီးတော့ ၂ ယောက်လုံးက မိသားစုရှိတယ်လေ။ ကလေးလည်းရှိပြီး အိမ်ထောင်ရှိတာချင်းလည်းတူတယ်။ သူက မိသားစုကိုချစ်တတ်တဲ့ ယောက်ျားတစ်ယောက်ဖြစ်လို့ သဘောကျပါတယ်။ ဒီလိိုကစားသမားဘဝမှာ မိသားစုကို အချိန်ပေးနိုင်ပြီး အားကစားကို အချိန်ပြည့်လိုက်စားနိုင်တဲ့သူရှားပါတယ်။” ဟု ၎င်းက ဖွင့်ဟခဲ့ပါသည်။

“ပြီးတော့ သူရောကျွန်တော်ရောက ဝိတ်တန်း ၂ ခုချန်ပီယံတွေဆိုတော့ ကျွန်တော်တို့ကြားထဲမှာရှိတဲ့ နောက်ထပ် တူညီမှုတစ်ခုပေါ့။” ဟု ပြောပြခဲ့သည်။

“ကျွန်တော်တို့တွေးခေါ်ပုံချင်းလည်းတူတယ်။ ကျွန်တော်တို့က လူမှုပတ်ဝန်းကျင်ကို ကူညီဖို့ ကြိုးစားနေပြီး ကောင်းမွန်ရိုးရှင်းတဲ့ဘဝပုံစံမှာ နေထိုင်ကြတယ်။ ဒီလိုလူမျိုးကို တူညီတဲ့ အားကစားလောကမှာတွေ့ရတာ အလွန်ပဲဝမ်းမြောက်မိပါတယ်။” ဟု ၎င်းကဆိုသည်။

“သူ့မိသားစုအတွက်သူတော်တော် အနစ်နာခံခဲ့တယ်။ သူရဲ့ စိတ်ထားကောင်းပြီး ကြိုးစားတဲ့အချက်ကို ကျွန်တော်သဘောကျတယ်။ သူက လူကောင်းတစ်ယောက်ပါ။ အဘက်ဘက်ကနေ ထူးချွန်သူပေါ့။”ဟု အောင်လက မှတ်ချက်ချခဲ့သည်။

Most Read

Most Recent