ပင်စင်လစာများ တိုးမြှင့်ခြင်းသည် နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့် နှစ်သစ်ကူး မိန့်ခွန်းတွင် ပါဝင်သော ကတိကဝတ်များကို အကောင်အထည် ဖော်ခြင်းဖြစ်ပြီး မည်သည့်အရာနှင့်မျှ ပတ်သက်ခြင်းမရှိဟုဆို

ပင်စင်လစာများ တိုးမြှင့်ခြင်းသည် နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့် နှစ်သစ်ကူး မိန့်ခွန်းတွင် ပါဝင်သော ကတိကဝတ်များကို အကောင်အထည် ဖော်ခြင်းဖြစ်ပြီး မည်သည့်အရာနှင့်မျှ ပတ်သက်ခြင်းမရှိဟုဆို
ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
Published 22 December 2018
နေရိုင်း၊ ဇေယျာထွန်း၊ အောင်မင်းသိန်း

ပင်စင်လစာများ တိုးမြှင့်ခြင်းသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားခဲ့သည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ပါဝင်သည့် ကတိကဝတ်များကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး မည်သည့်အရာနှင့်မျှ ပတ်သက်ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက ပင်စင်လစာများအား ၁၀ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၂၀ တိုးမြှင့်သည့် ကိစ္စရပ်အား ရှင်းလင်းပြောကြားပေးပါဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“အဲဒီ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက် နောက်ပိုင်း အငြိမ်းစားယူတဲ့သူက စုစုပေါင်း ဝန်ထမ်းပေါင်း ဘယ်လောက်ရှိလဲ ဆိုတော့ နှစ်သောင်းနဲ့ သုံးထောင်ကျော်ရှိတယ်။ အဲဒီနှစ်သောင်း သုံးထောင်ကျော်ကတော့ ကျွန်တော်တို့ တိုးမြှင့်လစာပေါ့။ လက်ရှိနှုန်းထားအတိုင်း ပင်စင်လစာ တွက်ချက်ပြီး ပေးလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ အငြိမ်းစားယူခဲ့တဲ့ ဝန်ထမ်းပြန်ကြည့်လိုက်တော့ ကျွန်တော်တို့ အားလုံးပေါင်း ရှစ်သိန်းတစ်သောင်းကျော် ရှိတယ်။ အဲဒီ ရှစ်သိန်းတစ်သောင်းကျော် ပင်စင်စားတွေကကျတော့ မတိုးရသေးဘူး။ မတိုးရသေးတဲ့အတွက် ကျွန်တော်တို့ အဲဒါကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့မှာ အမိန့်ကြော်ငြာစာ ထုတ်ပြီးတော့ တိုးမြှင့်ပေးတာ ဖြစ်ပါတယ်။ ဖြစ်တော့ကျတော့ ဒါက နိုင်ငံတော်သမ္မတ ပြောကြားခဲ့တဲ့ မိန့်ခွန်းပါ ကတိကဝတ်ပေါ့။ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျန်တဲ့အကြောင်း အရာပတ်သက်ခြင်း မရှိပါဘူးလို့ ပြောချင်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီလမတိုင်မီ အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်ကို လက်ရှိ တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ခံစားခွင့်အတိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ပင်စင်လစာမှစ၍ တိုးမြှင့်ခံစားခွင့်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၉ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

ဦးဇော်ဌေးက “အဲဒါကတော့ အဓိက ကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ကက်ဘိနက်။ ဒီဇင်ဘာလ ၁၂  ရက်မှာလုပ်တဲ့ ကက်ဘိနက်က အတည်ပြုခဲ့တယ်။ အတည်ပြုပြီးတော့မှ စီမံ/ဘဏ္ဍာက နေပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အမိန့်ကြော်ငြာစာထုတ်တာ ဖြစ်ပါတယ်။ အဲဒါဘာကြောင့် လုပ်ရလဲဆိုတော့ ကျွန်တော်တို့ သမ္မတကြီးဦးဝင်းမြင့်။ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ၂၀၁၈ ခုနှစ် ဧပြီလ ၁၈ ရက်က မြန်မာနှစ်ဆန်း ၁ ရက်မှာ ပြောခဲ့တဲ့ မိန့်ခွန်းပြောပါတယ်။ အဲဒီမိန့်ခွန်းမှာ ဘာပါလဲဆိုတော့ အလုပ်သမား တစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံး အခကြေးငွေသည် ၄၈၀၀ ကျပ်နှုန်းနဲ့ လိုက်လျောညီထွေ ဖြစ်စေရန် အမှုထမ်းလစာများ အားလုံးကို ရာခိုင်နှုန်း၂၀၊ အရာထမ်းလစာများ အားလုံးကို ၁၀ ရာခိုင်နှုန်း  တိုးမြှင့်ပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရ အဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ် ဆိုပြီးတော့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ အဲဒီပြောခဲ့တာနဲ့အညီ ကျွန်တော်တို့က ၁ ရက် ၄ လ ၂၀၁၈ ခုနှစ်မှာ ဝန်ထမ်းလစာကို ၂၀၊ ၁၀ တိုးပေးလိုက်တယ်။ အဲဒီတစ်ချိန်တည်းမှာပဲ အဲဒီ ၁ ရက် ၄ လ ၂၀၁၈ နောက်ပိုင်း အငြိမ်းစားယူတဲ့ဝန်ထမ်း နိုင်ငံဝန်ထမ်း တွေကိုလည်း အဲဒီ ၁၀၊ ၂၀ တိုးထားတဲ့ နှုန်းထားနဲ့ ပင်စင်လစာတွေ ပေးလိုက်တယ်” ဟု ပြောကြားသည်။

၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်၏ ပင်စင်လစာနှင့် ဆုကြေးငွေ အသုံးစရိတ် ကျပ် ၇၀၉ ဒသမ ၀၇၆ ဘီလျံရှိကြောင်း၊ ပင်စင်စားဝန်ထမ်း အရေအတွက် နှစ်စဉ်ပျမ်းမျှ လေးသောင်းကျော် တိုးလာကြောင်း၊ ၂၀၁၈ ခုနှစ် သြဂုတ် ၃၁ ရက်အထိ ပင်စင်ခံစားလျက်ရှိသည့် အငြိမ်းစား ၈၁၂၉၆၆ ဦး ရှိပြီး နှစ်စဉ်ပင်စင်စားအင်အား တိုးတက်လာခြင်းနှင့်အတူ ဆုငွေအသုံးစရိတ်မှာလည်း လိုက်ပါတိုးမြှင့် လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့က ပြောကြားခဲ့သည်။

 

Most Read

Most Recent