MMA ပညာရပ်အပေါ် မြန်မာလူငယ်များ စိတ်ပါဝင်စားမှုမြင့်မားလာ

MMA ပညာရပ်အပေါ် မြန်မာလူငယ်များ စိတ်ပါဝင်စားမှုမြင့်မားလာ
Photo : One Championship
Photo : One Championship
Published 22 December 2018

အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲများ ကစားနေသည့် ကချင်လူမျိုး အောင်လအန်ဆန်သည် One Championship နှင့် ပူးပေါင်းခဲ့ပြီး နောက်တွင် မြန်မာပရိသတ်များ၏ အားပေးမှုကို တဟုန်ထိုးရရှိလာခဲ့ပြီး၊ ဖိုးသော်၊ ရဲသွေးနီ၊ မိုက်ရိုင်း အစရှိသည့် မြန်မာကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားသစ် အများအပြားလည်း ပေါ်ထွက်လာခဲ့သည်။

ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းတစ်ခုထဲတွင် လူငယ်တစ်စုသည် ချွေးသံတရွှဲရွှဲဖြင့် သဲအိတ်များကို ထိုးကြိတ်နေကြသည်။ အချို့ကလည်း နည်းပြများ လက်ထဲတွင်ကိုင်ထားသည့် ဘုတ်ပြားများကို တဘုန်းဘုန်းဖြင့် ကန်ကျောက်နေသည်။ အချို့က ကားတာယာကွင်းကြီးများပေါ်တွင် ခုန်ဆွ ခုန်ဆွဖြင့် ခြေထောက် အနှုတ်အသိမ်း လေ့ကျင့်နေသည်။

ယင်းသည် ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ Yangon Fight Club (YFC) တွင် မြင်တွေ့ရသော မြင်ကွင်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် MMA အားကစားကို စနစ်တကျသင်ကြားပေးနေသည့် အနည်းငယ်သာရှိသော သင်တန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် YFC သည် ကစားသမားများကို ပရော်ဖက်ရှင်နယ်အဆင့်အထိ ရောက်ရှိစေရန် လေ့ကျင့်ပေးနေသောနေရာလည်း ဖြစ်သည်။ ယင်းအားကစားကလပ်ပိုင်ရှင်ဖြစ်သလို နည်းပြတစ်ဦးလည်းဖြစ်သော ဦးဂျေဆင်မောင်မှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က သြစတြေးလျနိုင်ငံမှ ပြန်လာသူဖြစ်ပြီး၊ မြန်မာလူငယ်များအကြား ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား စနစ်တကျဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကာ သင်ကြားပေးနေခြင်းဖြစ်သည်ဟု သိရသည်။  

“အရင်တုန်းက ကိုယ်ခံပညာသိုင်းပေါင်းစုံကို ပရော်ဖက်ရှင်နယ်ပဲသင်တာ။ ကျွန်တော့်ဝန်ထမ်းတွေက လက်ဝှေ့သမားတွေပါ။ တခြားဆရာတွေနဲ့လည်း ပေါင်းပြီး သင်ပေးပါတယ်။ ဆရာဖိုးသော်တို့ကိုလည်း အကူအညီ တောင်းတယ်”ဟု ဦးဂျေဆင်မောင်က ၎င်း၏ သင်တန်းအကြောင်း ပြောပြသည်။

YFC ကလပ်မှ နည်းပြဆရာများဖြစ်ကြသော အောင်ကျော်ကျော်နှင့် အိုကေကြီးတို့သည် ပြီးခဲ့သည့်နိုဝင်ဘာလဆန်းက ထိုင်းနိုင်ငံတွင် ကျင်းပသော Full Metal Dojo 16: Big Trouble in Little Bangkok ဟု အမည်ပေးထားသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦးစလုံးနိုင်ပွဲ အသီးသီး ရရှိခဲ့ကြသည်။ အဆိုပါပြိုင်ပွဲကို Fox Sports ရုပ်သံလိုင်းမှလည်း ထုတ်လွှင့်တင်ဆက်ခဲ့သေးရာ ၎င်းတို့ကလပ်အပေါ် လူစိတ်ဝင်စားမှုမြင့်မားလာခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံသင်တန်းတက်ရောက်လိုသည့် လူငယ်အများအပြားလည်း စုံစမ်းမေးမြန်းခဲ့ကြသည်။ ထို့ကြောင့် လက်ရှိတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံသင်တန်း (၂) ချိန် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ (၂) ချိန်လုံးတွင် လူပြည့်နေပြီဟု ဦးဂျေဆင်မောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကို ၂၀၁၅ ဇူလိုင်လတွင် One Championship က စီစဉ်ကျင်းပပေးခဲ့ပြီး ထိုစဉ်ကတည်းက ပရိတ်သတ်၏ စိတ်ဝင်စားမှုမြင့်မားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲများ ကစားနေသည့် ကချင်လူမျိုး အောင်လအန်ဆန်သည် One Championship နှင့် ပူးပေါင်းခဲ့ပြီး နောက်တွင် မြန်မာပရိသတ်များ၏ အားပေးမှုကို တဟုန်ထိုးရရှိလာခဲ့ပြီး၊ ဖိုးသော်၊ ရဲသွေးနီ၊ မိုက်ရိုင်း အစရှိသည့် မြန်မာကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားသစ် အများအပြားလည်း ပေါ်ထွက်လာခဲ့သည်။

“အဓိကက အောင်လအန်ဆန် ကြောင့်ပါ။ သူက နာမည်အကြီးဆုံးပေါ့။ One Championship မှာ အောင်လအန်ဆန် ချန်ပီယံ ဖြစ်လာတော့ မြန်မာတစ်နိုင်ငံလုံးက စိတ်ဝင်စားလာကြတယ်။ ဒါက ဘယ်လို အားကစားလဲ။ ဘယ်လို ချန်ပီယံ ဖြစ်လာလဲပေါ့။” ဟု ဦးဂျေဆင်မောင်က မြန်မာနိုင်ငံတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအပေါ် လူစိတ်ဝင်စားမှု တိုးပွားလာသည့်အပေါ် ၎င်း၏အမြင်ကို ပြောပြသည်။

အဆိုပါသင်တန်းတွင် နည်းပြဆရာတစ်ဦးအဖြစ် သင်ကြားပေးနေသလို ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲများတွင် ကိုယ်တိုင်ပါဝင်ထိုးသတ်လျက်ရှိေသာ ကိုယ်ခံပညာကစားသမား ဖိုးသော်ကလည်း One Championship ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတွင် ကျင်းပလာခဲ့သည့် သုံးနှစ်အတွင်းတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံကို စိတ်ဝင်စားသည့် လူငယ်အရေအတွက်သည် တိုးပွားလာခဲ့သည်ဟု ထောက်ခံပြောဆိုသည်။ အောင်လအန်ဆန်ကို လေးစားအားကျသဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားလိုသည့် လူငယ်အမြောက်အများရှိနေရာ အများစုမှာ ရိုးရာလက်ဝှေ့ကစားသမားမဟုတ်သည့် လူငယ်များဖြစ်သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပညာရပ် ဖွံ့ဖြိုးလာသည့်အလျှောက် ကိုယ်ကာယလေ့ကျင့်ရေး Gym များတွင်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံနှင့် ဆက်စပ်သည့်သင်တန်းများကို တွဲဖက်ဖွင့်လှစ်သင်ကြားပေးမှုများ ရှိလာခဲ့သည်။ ၎င်းတို့ထဲတွင် လမ်းမတော်မှ Transcend Fitness Gym လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ၎င်း Gym တွင် BJJ Myanmar ဟူသည့် ကိုယ်ခံပညာအားကစားကလပ်တစ်ခုကို ဖွင့်လှစ်ကာ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာများကို သင်ကြားပေးလျက်ရှိသည်။

“လူငယ်တွေက ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအပေါ်မှာ အရင်ကထက်ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အဲ့ဒီပြိုင်ပွဲတွေမှာ နိုင်ငံတကာနဲ့ယှဉ်ပြီး ဝင်ပြိုင်လာနိုင်တယ်။ ကိုအောင်လတို့၊ ကိုဖိုးသော်တို့ဆိုရင်လည်း မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ယှဉ်ပြိုင်နိုင်ေကြာင်းကို ဦးဆောင်လမ်းပြခဲ့တဲ့အတွက် လူငယ်တွေအနေနဲ့ ဂုဏ်ယူအားကျပြီး အတုယူလာကြတယ်။” ဟု Transcend Fitness ပိုင်ရှင်ဖြစ်သူ ကိုဂျိုဝီကျော်က ၎င်း၏ အမြင်ကို ပြောပြသည်။

ရန်ကုန်မြို့၊ အင်းယားလမ်းရှိ Infinity Fitness ကိုယ်ကာယလေ့ကျင့်ရေးခန်းမတွင် နာမည်ကျော်ကစားသမား အောင်လအန်ဆန် ကိုယ်တိုင်လာရောက်ကာ ကိုယ်ခံပညာသိုင်းပေါင်းစုံနည်းစနစ်များကို သင်ကြားပေးသည့် တစ်ရက်သင်တန်းတစ်ခုကို ဒီဇင်ဘာ ၁၃ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းချိန် (၂) ချိန်ထား၍ သင်ကြားခဲ့ကာ၊ တစ်ချိန်လျှင် ၁ နာရီခွဲခန့် ကြာမြင့်ခဲ့သည်။ ယင်းသင်တန်းတက်ရောက်လိုသူ Infinity Fitness ၏ အဖွဲ့ဝင်များကို တစ်ချိန်လျှင် အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံခဲ့ကာ၊ အဖွဲ့ဝင်မဟုတ်သူများကို အမေရိကန်ဒေါ်လာ ၇၅ ကောက်ခံခဲ့သည်။ ရရှိခဲ့သည့် သင်တန်းကြေးအားလုံးကို အောင်လအန်ဆန်အနေဖြင့် ဆန္ဒရှိသည့်နေရာတစ်ခုခုသို့ လှူဒါန်းသွားမည်ဟု Gym မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

“အားကစားတစ်ခုအနေနဲ့ ထိုးတာ ကြိတ်တာကတော့ ယောကျ်ားလေးတိုင်း စိတ်ဝင်စားတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း စိတ်ဝင်စားတယ်။ ဒီလိုကစားခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းရှိတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်လည်း စမတ်ကျနေစေတယ်။ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုရတယ်ပေါ့။ တခြားသူတွေလည်း အဲလိုပဲဖြစ်မှာပါ။” ဟု Infinity Fitness ၏ လုပ်ငန်းပိုင်းဆိုင်ရာကြီးကြပ်သူ ကိုအောင်ပြည့်ဖြိုးက ဆိုသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်များကို လေ့ကျင့်သင်ကြားပေးနေသည့် ကိုယ်ကာယလေ့ကျင့်ရေးသင်တန်းများတွင် သင်တန်းကြေးအမျိုးမျိုး ရှိနေကာ၊ ဗဟန်းမြို့နယ်ရှိ ဖိုးသော်၏ Team PT သင်တန်းတွင် မြန်မာလူမျိုးဆိုပါက သင်တန်း တစ်ချိန်ကို ငါးထောင်၊ နိုင်ငံခြားသားဆိုလျှင် ၅ ဒေါ်လာ သတ်မှတ်ထားသည်။ ပုဇွန်တောင်ရှိ YGN Fight Club တွင်မူ သင်တန်းတစ်ချိန် ၆၀၀၀ ဖြစ်ကာ၊ အဖွဲ့ဝင်ဆိုလျှင် လစဉ်ကြေး ၆၀၀၀၀ ဖြင့် တက်ရောက်နိုင်သည်။ လမ်းမတော်မှ Transcend Fitness တွင် လေ့ကျင့်ပါက တစ်ရက်လျှင် ၈ ဒေါ်လာ သတ်မှတ်ထားပြီး၊ အဖွဲ့ဝင်ဖြစ်လိုပါက လစဉ်ကြေး ဒေါ်လာ ၇၀ ကျသင့်မည်ဖြစ်သည်။

မြန်မာလူငယ်များကြားတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအပေါ် စိတ်ပါဝင်စားမှုမြင့်မားလာသော်လည်း အမှန်တကယ် လိုက်စားသည့် အရေအတွက်မှာ အိမ်နီးချင်းနိုင်ငံများနှင့်နိှုင်းယှဉ်လျှင် အလွန်နည်းပါးနေသေးသည်ကိုလည်း တွေ့ရသည်။ အထူးသဖြင့် အချိန်နှင့်ငွေကြေး အများအပြား ရင်းနှီးမြှုပ်နှံရမည့်အပြင် ပြည်တွင်းတွင်လည်း အပျော်တမ်းနှင့် အငယ်တန်းအဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများ မကျင်းပနိုင်သေးသောကြောင့် ပြိုင်ပွဲဝင်ရန် အခက်အခဲ ရှိနေသည်ဟု ဝါသနာရှင်လူငယ်အများစုက ပြောပြကြသည်။

“ကျွန်တော်က ဆယ်တန်းအောင်ပြီးကတည်းက ပြည်တွင်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ။ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်ကို ဝါသနာပါလို့ အားလပ်ချိန်မှာ သွားကစားချင်တယ်။ လစဉ်ကြေးနဲ့လမ်းစရိတ် စသဖြင့်ပေါင်းလိုက်ရင် တစ်လကို သိန်းနဲ့ချီကုန်မယ်။ ကစားနိုင်ဖို့ မလွယ်ဘူး။ တကယ်လို့ ကစားနိုင်တယ်ဆိုရင်တောင် ထိုးစရာပွဲမရှိဘူး။ ပွဲအတွေ့အကြုံရှာဖို့ အခွင့်အရေး လုံးဝမရှိဘူး။ ဒါကြောင့် ပွဲကြည့် ပရိတ်သတ်ပဲ လုပ်နေရတယ်လေ။” ဟု ကိုယ်ခံပညာသိုင်းပေါင်းစုံဝါသနာရှင်လူငယ်တစ်ဦးဖြစ်သည့် ကိုအောင်က မချိပြုံးပြုံးရင်း ရင်ဖွင့်ခဲ့သည်။

သို့သော် ထူးချွန်သည့် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများအား လူပုဂ္ဂိုလ်အဖွဲ့အစည်းအချို့က တစ်နိုင်တစ်ပိုင် ပံ့ပိုးပေးကြမည့် အစီအစဉ်များလည်း ရှိနေသည်။ ယင်းအစီအစဉ်များထဲမှ တစ်ခုအဖြစ် Team PT ကိုယ်ခံပညာသိုင်းပေါင်းစုံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေသူ ဖိုးသော်က ၎င်း၏သင်တန်းသို့ တက်ရောက်လာသည့် လူငယ်များထဲမှ အလားအလာရှိသူမျာကို စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း၊ ၎င်းလူငယ်များအနေဖြင့် နိုင်ငံတကာပွဲများတွင် ယှဉ်ပြိုင်ထိုးသတ်ခွင့်ရရှိေစရန် သင်တန်းမှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း ပြောပြခဲ့သည်။

“ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်က ရှေ့ဆက် ဖွံ့ဖြိုးလာဖို့ပဲရှိတယ်။ အနှေးနဲ့ အမြန်ပဲ။ အောင်လအန်ဆန်ကလည်း ကစားသမားဘဝပြီးတဲ့အချိန် မြန်မာနိုင်ငံမှာ ကိုယ်ခံပညာရပ်ကို ဖွံ့ဖြိုးလာအောင် ကြိုးစားမယ်လို့ သူပြောထားတယ်။ ကျွန်တော်ကလည်း လက်ရှိ မြန်မာနိုင်ငံမှာ အမြဲတမ်းနေတာ ဖြစ်တဲ့အတွက် အချိန်ကို ရသလောက်ဖဲ့ပြီးတော့ လာမယ့် မျိုးဆက်သစ်တွေအတွက် လက်တွဲခေါ်ပေးမယ်။” ဟု ဖိုးသော်က ပြောပြခဲ့သည်။

Most Read

Most Recent