မြန်မာတက္ကသိုလ်အသင်း ဗိုလ်လုပွဲတက်ရန် ထိုင်းနှင့်ပွဲမှာ အရေးပါလာ

မြန်မာတက္ကသိုလ်အသင်း ဗိုလ်လုပွဲတက်ရန် ထိုင်းနှင့်ပွဲမှာ အရေးပါလာ
မြန်မာ-မလေးရှားပွဲ(ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာ-မလေးရှားပွဲ(ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 15 December 2018

မြန်မာတက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းသည် ကျင်းပလျက်ရှိသည့် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ထိုင်းနှင့်ပွဲမှာ အရေးပါလာကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက် ပွဲစဉ်များအပြီးတွင် ထိုင်းက သုံးပွဲကစား ကိုးမှတ်ဖြင့် ဗိုလ်လုပွဲတက်ရောက် နေပြီး မြန်မာအသင်းက သုံးပွဲကစား ငါးမှတ်၊ လာအိုအသင်းက သုံးပွဲကစား လေးမှတ်၊ မလေးရှားအသင်းက သုံးပွဲကစား နှစ်မှတ်ရ ထားကာ ဗိုလ်လုပွဲတက်ရောက်ခွင့်ရရန် မျှော်လင့်ချက်ရှိနေသည်။

မြန်မာအသင်းသည် လက်ရှိတွင် အုပ်စုဒုတိယနေရာ၌ရှိနေသော်လည်း အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းနှင့်ပထမပွဲကစားရမည်ဖြစ်သောကြောင့် အနိုင်ကစားထားမှ စိတ်ချရဖွယ်ရှိနေသည်။

စင်ကာပူအသင်းမှာမူ ပွဲကုန်လေးပွဲကစားရာတွင် တစ်မှတ်သာရ သောကြောင့် အုပ်စုမှထွက်ခဲ့ရပြီဖြစ်သည်။ 

ဒီဇင်ဘာ ၁၄ ရက်က ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကစားခဲ့သောပွဲစဉ်များတွင် အိမ်ရှင်မြန်မာအသင်း နိုင်ပွဲပျောက်ဆုံးခဲ့ ပြီး လာအိုအသင်း အနိုင်ရခဲ့ကြောင်း သိရသည်။ 

စတုတ္ထနေ့တွင် လာအိုက စင်ကာပူကို (၁-၀) ဂိုးဖြင့် အနိုင်ရပြီး မြန်မာနှင့် မလေးရှား အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ 

မြန်မာအသင်းသည် ယခုပွဲအနိုင်ရလျှင် ဗိုလ်လုပွဲတက်ရောက်ရန် သေချာသလောက် ရှိမည်ဖြစ်သောကြောင့် အားကုန်ထုတ်ကစားသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် နိုင်ပွဲထပ်မံပျောက်ဆုံးပြီး သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။ 

ယခုပွဲကို နည်းစနစ်ဒါရိုက် တာအဖြစ် တာဝန်ယူထားသည့် ဟံသာဝတီ အသင်း၏ စင်ကာပူလူမျိုး နည်းစနစ်ဒါရိုက် တာ ဆီဗာဂျီ ကွင်းအတွင်းကြီးကြပ်ခဲ့သည်။ 

မြန်မာအသင်းသည် မလေးရှားအသင်းထက် ဂိုးသွင်းခွင့်ပိုရသော်လည်း အဆုံးသတ်အား နည်းခဲ့၍ ယခုပြိုင်ပွဲတွင် ပထမဆုံးဂိုးပေါက် ပျောက်ပြီး သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။ 

မလေးရှားအသင်းမှာလည်း ဗိုလ်လုပွဲတက်ရေး မျှော်လင့်ချက်အတွက် ကြိုးစားသော်လည်း ရရှိသည့်ဂိုးသွင်းခွင့်များ အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။ 

အုပ်စုနောက်ဆုံးပွဲကို ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ထိုင်း၊ လာအိုနှင့် မလေးရှားအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Most Read

Most Recent