ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့၏ ချန်ပီယံစိန်ခေါ်ပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲကျင်းပ

ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့၏ ချန်ပီယံစိန်ခေါ်ပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲကျင်းပ
Photo : EMG
Photo : EMG
Published 15 December 2018

မြန်မာ့လက်ဝှေ့ကျော်ထွန်းထွန်းမင်းက လက်ရှိချန်ပီယံ ဒေ့ဗ်၏ မြန်မာပြည်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်သည့် ရိုးရာလက်ဝှေ့ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ(၁၅)ရက်နေ့က နံနက်(၉)နာရီက ရန်ကုန်မြို့ Central Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို Myanmar Media Groupမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှာတာဝန်ရှိသူများနှင့် ပါဝင်ထိုးသတ်မည့် လက်ဝှေ့သမားများတက်ရောက်ခဲ့ကြသည်။ 

Air KBZ Grand Final ဟု အမည်ပေးထားသည့် ယခုပွဲစဉ်တွင် တွဲဆိုင်းစုစုပေါင်း(၆)ဆိုင်းပါဝင်သွားမည်ဖြစ်ပြီး ချန်ပီယံဆုချီးမြှင့်မည့် တွဲဆိုင်း(၁)ဆိုင်းနှင့် ချန်ပီယံစိန်ခေါ်တွဲဆိုင်း (၁)ဆိုင်းတို့ပါဝင်ထိုးသတ်ကြမည်ဖြစ်သည်။

ယခုပွဲစဉ်ကို မြန်မာ့ရိုးရာလက်ဝှေ့ စည်းမျဉ်းအတိုင်း ထိုးသတ်သွားမည်ဖြစ်ပြီး ပထမအချီမှ (၄)ချီမြောက်အထိသာ အနားတောင်ပိုင်ခွင့်ရှိမည်ဖြစ်သည်။ 

ထို့အပြင် (၃)မိနစ်ထိုးသတ် (၂)မိနစ်နား စည်းမျဉ်းကိုကျင့်သုံးသွားမည်ဖြစ်ပြီး (၅)ချီအထိအလဲမထိုးနိုင်ပါက သရေပွဲအဖြစ်သာ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

Air KBZ Grand Final တွင်ပါဝင်မည့် တွဲဆိုင်း(၅)ဆိုင်းသည် ပြည်တွင်းလက်ဝှေ့သမားနှင့် ပြည်ပ လက်ဝှေ့သမားများ ထိုးသတ်ကြမည့်ပွဲစဉ်များဖြစ်ပြီး ပြည်ပလက်ဝှေ့သမားများကို အပြာထောင့်တွင်သတ်မှတ်ပေးထားကြောင်း သိရသည်။ 

ထို့အပြင် မြန်မာပြည်ချန်ပီယံ ဒေ့ဗ်သည် အနီထောင့်မှထိုးသတ်ရမည်ဖြစ်ပြီး စိန်ခေါ်သူထွန်းထွန်းမင်းမှာ အပြာထောင့်မှ ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။ 

ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့၏ စိန်ခေါ်ပွဲတွဲဆိုင်းသည် ပရိသတ်များ (၂)နှစ်ကျော်စောင့်ဆိုင်းနေသော ချန်ပီယံစိန်ခေါ်ပွဲဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိသော ပွဲစဉ်ဖြစ်သည်။ 

ထွန်းထွန်းမင်းသည် ဒေ့ဗ်နှင့် (၂)ကြိမ်တိုင်တိုင် ထိုးသတ်ခဲ့ပြီး ပထမအကြိမ်တွင် ပူးတွဲသရေထိုးသတ်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အရေးနိမ့်ကာ မြန်မာပြည်ချန်ပီယံဆုကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် အမျိုးသမီးချန်ပီယံလုပွဲတွဲဆိုင်းအဖြစ် ဘရော်နီကာ (မြန်မာ) - ဟုတ်ထောင်း(ထိုင်း)တို့၏ပွဲစဉ် ပါဝင်မည်ဖြစ်သည်။ 

Air KBZ Grand Final ရိုးရာလက်ဝှေ့ပွဲစဉ်ကို Sky-netနှင့် MNTV တို့မှတိုက်ရိုက်ပြသသွားမည်ဖြစ်ပြီး ဒီဇင်ဘာ(၁၆)ရက် မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

■ပါဝင်သောတွဲဆိုင်းများ 

အောက်ချင်းလေး  - အင်းသား

စောဒါ၀ိတ် (မြန်မာ)  - မာမွတ်( အီရန်)

ဗျဂ (မြန်မာ) - ၀ိထရာ (ထိုင်း)

ထွန်းမင်းလတ်(မြန်မာ) - တိုခဲရှိ(ဂျပန်)

ဒေ့ဗ်(ဒေဝ) (မြန်မာ) - ထွန်းထွန်းမင်း(မြန်မာ)

ဘရော်နီကာ (မြန်မာ) - ဟုတ်ထောင်း(ထိုင်း)

Most Read

Most Recent