Vitaly Bigdash ၏ ရုပ်လုံးပေါ်လာသော ချန်ပီယံခါးပတ်ရယူရေးခရီး

Vitaly Bigdash ၏ ရုပ်လုံးပေါ်လာသော ချန်ပီယံခါးပတ်ရယူရေးခရီး
Photos: ONE Championship
Photos: ONE Championship
Published 7 December 2018

 

 Bigdash သည် ၎င်း၏ အောင်မြင်သော ကစားသမားသက်တမ်းတွင် ပြိုင်ပွဲ (၂) ခုသာ ရှုံးနိမ့်ခဲ့ဖူးသည်။ Vitaly Bigdash အနေဖြင့် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ပြိုင်ပွဲကို နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်သွားနိုင်ရန်အခွင့်အရေးသည် မလေးရှားတွင် ကျင်းပမည့့် ပြိုင်ပွဲအပေါ်မူတည်နေသည်ကို သိရှိထားသည်။

ပြိုင်ပွဲမှတ်တမ်း (၉-၂-၀) ရရှိထားသော ရုရှားနိုင်ငံသား Bigdash သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကွာလာလမ်ပူမြို့ Axiata Arena အားကစားရုံ၌ ကျင်းပမည် ONE: DESTINY OF CHAMPIONS ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတွင် ပြိုင်ပွဲမှတ်တမ်း (၁၂-၄-၀) ရရှိထားသော ပွဲဦးထွက်ပြိုင်ပွဲဝင် ဂျပန်နိုင်ငံသား ကိုယ်ခံပညာကစားသမား Yuki “Yu-King” Niimura နှင့် ကြိုးဝိုင်းအတွင်းတွင် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဟောင်း Bigdash သည် ဘရာဇီးနိုင်ငံသား Leandro Ataides ၊ မြန်မာနိုင်ငံသား အောင်လအန်ဆန်တို့နှင့် ယှဉ်ပြိုင်ခဲ့သော  ပွဲစဉ် ၂ ခုတွင် ရှုံးနိမ့်ထားခဲ့ပြီးနောက် ပြိုင်ပွဲဝင်ခြင်းကို ခေတ္တရပ်နားထားခဲ့သည်။ ၎င်းသည် Ataides ကို ရှုံးနိမ့်ခဲ့ရသည့်ပွဲမတိုင်ခင်တွင်ပင် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ရသည့်ပွဲကို ရှုံးနိမ့်ကာ ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ အသက် ၃၄ နှစ် အရွယ်ရှိပြီဖြစ်သော Bigdash သည် ယခုအချိန်တွင် အောင်မြင်မှုကိုုအလွန်ဆာလောင်လျက်ရှိသည်။

 “ကျွန်တော်ရည်ရွယ်ချက်က နိုင်ပွဲပြန်ရပြီး၊ လက်မြှောက်အောင်ပွဲခံသွားနိုင်ဖို့ပါပဲ” ဟု Bigdash က ဆိုသည်။

 “ကျွန်တော့် ပရိသတ်တွေက ကျွန်တော်ခက်ခဲတဲ့လမ်းကို ကျော်ဖြတ်ခဲ့ရတာ သိကြတယ်။ ကျွန်တော့် ကျန်းမာရေးကြောင့် လေ့ကျင့်မှုတွေနှောင့်နှေးမှာစိုးလို့ သေချာ ဂရုစိုက်ခဲ့တယ်။ ကျွန်တော့် စွမ်းရည်ပိုတိုးတက်လာတယ်ဆိုတာကို ကျွန်တော့် ပရိတ််သတ်တွေကို သက်သေပြဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

Bigdash သည် ၎င်း၏ ကံကြမ္မာကို ပြောင်းလဲရန်  ဆွီဒင်နိုင်ငံသို့ သွားရောက်ကာ နာမည်ကြီ လိုက်ဟဲဗီးဝိတ်ကစားသမား Alexander Gustafsson နှင့် ပူးပေါင်းလေ့ကျင့်ခဲ့သည်။

 “ကျွန်တေ့ာ်ကို Allstars အဖွဲ့ထဲကို ဖိတ်ခေါ်ခဲ့တဲ့ Alexander Gustafsson နဲ့ သူ့အဖွဲ့ကို ကျေးဇူးတင်ပါတယ်။” ဟု Bigdash က ဆိုသည်။

 “အဲ့ဒီမှာ ကျွန်တော်တိုက်ခိုက်မှုစွမ်းရည်တွေကို ပိုပြီးထက်မြက်လာအောင် ကူညီပေးခဲ့ကြတဲ့ အလွန်တော်တဲ့ ကစားသမားတချို့လည်းရှိပါတယ်” ဟု Bigdash က ပြောသည်။

 “ကျွန်တော် အခုထိုင်းနိုင်ငံက Phuket Top Team နဲ့ လေ့ကျင့်နေပါတယ်။ ကျွန်တော် ဒီရောက်နေတာ တစ်လလောက်ရှိပါပြီ။ ကျွန်တော့် ခန္ဓာကိုယ် တဖြည်းဖြည်း ကြံ့ခိုင်လာအောင် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်ကိုယ်ကျွန်တော် ပြောင်းလဲဖို့အချိန်မရခဲ့လို့ ရှုံးနိမ့်ခဲ့ရတယ်။” ဟု ၎င်းက ဆိုသည်။

 Bigdash သည် တိုက်ခိုက်မှုစွမ်းရည်ထက် ကျန်းမာကြံ့ခိုင်ရေးကို ပို၍ ဦးစားပေးအာရုံစိုက်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

 “ကျွန်တော် ဒီနေရာမှာ လေ့ကျင့်ဖြစ်နေတာ နှစ်ပေါင်းကြာနေပြီဆိုတော့ လေ့ကျင့်မှုတွေက သိပ်ပြောင်းလဲမှုမရှိဘူး။ ဒီတစ်ခေါက်တော့ ကျွန်တော့် ခန္ဓာကိုယ်ပိုင်းအသွင်အပြင်နဲ့ ကြံ့ခိုင်မှုအတွက် အချိန်ပိုပေးပြီးလေ့ကျင့်ဖြစ်တယ်။” ဟု Bigdash ကပြောသည်။

 “ကျွန်တော် ကိုယ်လက်လှုပ်ရှားအားကစားတွေ အများကြီးလုပ်ဖြစ်တယ်။ ကျွန်တော် မနက်ပိုင်းဆို အလေးမပြီး တာဝေးပြေးတယ်။ ကျွန်တော်သက်လုံကောင်းလာအောင် အဓိက လေ့ကျင့်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

 Bigdash အဖို့ တစ်ချိန်တခါက ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံဟောင်းဖြစ်ခဲ့ဖူးသော Niimura နှင့် ယှဉ်ပြိုင်ရခြင်းသည် သုံးပွဲဆက်ရှုံးနိမ့်နိုင်သော အန္တရာယ်နှင့်ရင်ဆိုင်ရဖွယ်လည်းရှိနေသည်။

 “Yuki က K-1 မှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူက အလွန်ကောင်းတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားမှတ်တမ်းကို ရရှိထားသူတစ်ယောက်ဆိုလည်း ဟုတ်တယ်” ဟု Bigdash က ပြောကြားသည်။

“ကျွန်တော် YouTube မှာ သူ့ဗီဒီယိုတွေ သိပ်မတွေ့ခဲ့ရပေမယ့် သူ့ရဲ့ သိပ်ကောင်းတဲ့ ကစားကွက်အရည်အသွေးကို တွေ့ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

“သူက မတ်တပ်ရပ်ကစားနည်းတွေမှာ ပိုကျွမ်းကျင်မယ်ထင်တယ်။ ကျွန်တော်က လက်သီးချင်းယှဉ်ထိုးရတာကြိုက်လို့ သူကျွန်တော်နဲ့ မတ်တပ်ကစားချင်တယ်ဆိုုလည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ ၂ ယောက်စလုံးက အနိုင်မခံအရှုံးမပေးစိတ်ဓါတ်ရှိတဲ့အတွက် ပရိတ်သတ်တွေအတွက် ကြည့်လို့ကောင်းမယ့် ကစားပွဲဖြစ်လာမှာပါ” ဟု ၎င်း က ပြောကြားခဲ့သည်။

“သူက သတ္တိရှိတယ်။ ဒါကြောင့် ကျွန်တော် သူနဲ့ရင်ဆိုင်ရဖို့မျှော်လင့်နေပါတယ်” Game Plan နှင့် စပ်လျဉ်း၍မူ Bigdash သည် Niimura ကို အနိုင်ရနိုင်လိမ့်မည်ဟု ယုံကြည်ထားသော်လည်း လူသိရှင်ကြားချပြထားခြင်းမရှိပေ။

 “ကျွန်တော့်အတွေ့အကြုံအရ Game Plan ကိုတော့ ပြောပြလို့ မဖြစ်ဘူးလေ” ဟု Bigdash က ပြောသည်။

 “ကျွန်တော် Niimura နဲ့ပြိုင်ပွဲအတွက် သီးသန့်လေ့ကျင့်မှုတွေ လုပ်မထားပေမယ့် ကျွန်တော့် လေ့ကျင့်ရေးအဖွဲ့က သူ့ပြိုင်ပွဲတွေကို ကြည့်ပြီး သူ့ဟာကွက်တွေကို တွေ့ထားပါတယ်။ လေ့ကျင့်မှုကောင်းတစ်ခုဆိုတာက ဘယ်အခြေအနေမျိုးမဆို အသင့်ဖြစ်နေအောင်လေ့ကျင့်ထားတာမျိုးပါ။ ကျွန်တော် ပြိုင်ပွဲမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး အနိုင်ရယူသွားနိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ၎င်းက အဆုံးသတ် ပြောကြားသွားသည်။

Most Read

Most Recent