လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အကြွေးနွံထဲနစ်နေပြီး ယင်းအကြွေးနွံမှ ဖယ်ထုတ်နိုင်ရေး အတန်တန် ကြိုးပမ်းနေကြောင်း စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ပြောကြား

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အကြွေးနွံထဲနစ်နေပြီး ယင်းအကြွေးနွံမှ ဖယ်ထုတ်နိုင်ရေး အတန်တန် ကြိုးပမ်းနေကြောင်း စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ပြောကြား
ရန်ကုန်မြို့၌ ပြုလုပ်သည့် မြန်မာ့ကုန်သွယ်စီးပွား ပွဲတော်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အမှာစကား ပြောကြားနေစဉ်
ရန်ကုန်မြို့၌ ပြုလုပ်သည့် မြန်မာ့ကုန်သွယ်စီးပွား ပွဲတော်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အမှာစကား ပြောကြားနေစဉ်
Published 1 December 2018
နီလာ

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အကြွေးနွံထဲ နစ်နေကြောင်းနှင့် ယင်းအကြွေးနွံမှ ဖယ်ထုတ်နိုင်ရေး အတန်တန် ကြိုးပမ်းနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဒီဇင်ဘာ ၁ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ့ကုန်သွယ်စီးပွား ပွဲတော်တွင် ပြောကြားခဲ့သည်။

“အားလုံးအသိပါပဲ၊ အခုချိန်မှာ ကျွန်တော်တို့ အကြွေးနွံထဲမှာ နစ်နေပါတယ်။ ဒီလိုနစ်နေတဲ့ အကြွေးနွံကို ဖယ်ထုတ်ဖို့ ဖယ်ရှားဖို့ နောက်ထပ်အကြွေးနွံထဲ မထည့်ရအောင်ဆိုပြီး ကျွန်တော်တို့ အတန်တန် ကြိုးပမ်းလျက် ရှိပါတယ်။ ဥပမာအားဖြင့် ဒီနိုင်ငံက ငွေချေးရင် ဒီနိုင်ငံကငွေကိုပဲယူခဲ့ ဆိုပြီးတော့ ဒီနိုင်ငံက ပစ္စည်းတွေကိုပဲ ဝယ်ရမယ်ဆိုတဲ့ ချေးငွေတွေ မဖြစ်အောင် အခုချိန်မှာ ကျွန်တော်တို့ ပွင့်လင်းမြင်သာစွာ Open Tender စနစ်နဲ့ ခေါ်ပါတယ်။ Source of Fund ကိုလည်း Open Resources ရအောင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

“အများအားဖြင့် နိုင်ငံတကာချေးငွေကို ယူတဲ့အခါ Concessional Loan တွေ ရှိသလို Commercial Loan တွေလည်း ယူရပါတယ်။ အများအားဖြင့် ကျွန်တော်တို့ Concessional Loan ကိုယူပါတယ်။ အလွန်အရေးကြီးပြီး မရှိမဖြစ် ဆောင်ရွက်ရတဲ့ စီမံကိန်းတွေအတွက် Commercial Loan ကို ယူပါတယ်။ ကျွန်တော်တို့ Grant ဆိုတဲ့ အထောက်အပံ့တွေ အများကြီး ရပါတယ်။ ဒီဟာတွေကို ထိထိရောက်ရောက်နဲ့ လေးလေးနက်နက် အောင်မြင်အောင် အသုံးပြုနိုင်မှ  မြန်မာနိုင်ငံ တိုးတက်မှာ ဖြစ်ပါတယ်။ ပရောဂျက်တွေကို လွယ်လွယ်ကူကူရ၊ လွယ်လွယ်ကူကူလုပ်ပြီး ဒီအတိုင်းပစ်ထားမယ်ဆိုရင်  ဒီလိုပဲ မပြီးမပြတ်တာတွေ၊ ဆောင်ရွက်ထားတာတွေ ရှိနေမယ်ဆိုရင် အကြွေးနွံထဲမှာ နစ်နေမှာပါပဲ” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သတိပေး ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ရှိ ဝန်ကြီးဌာနများ၏ ပြည်ပကြွေးမြီသည် ဒေါ်လာသန်းပေါင်း ၁၀၂၀၀ ဒသမ ၁၇၀ (ဒေါ်လာ ၁၀ ဘီလျံကျော်) ရှိကြောင်း  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့ထားသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံနှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းစဉ် ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်သည်။

ကြွေးမြီယူစဉ်ကာလတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ယခုမြန်မာကျပ်ငွေတန်ဘိုး ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသော ကြွေးမြီကွာဟချက်များအား တစ်ပါတည်း ဖော်ပြသင့်ကြောင်း၊ ထို့အတူ မြန်မာကျပ်ငွေ ကျဆင်းမှုကြောင့် ကြွေးမြီဝန်ထုပ်ဝန်ပိုး ကြီးမားလာမှုအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်မည်၊ ကြွေးမြီပြန်လည် ပေးဆပ်ရေးမူဝါဒ ခိုင်ခိုင်မာမာ ရေးဆွဲထားရန် လိုအပ်ကြောင်း၊ ချေးငွေထုတ်ယူထားပြီး သုံးစွဲနိုင်ခြင်း မရှိပါက အတိုးစရိတ်များ ကျခံရမည် ဖြစ်သဖြင့် ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် မလိုအပ်ဘဲ ချေးငွေများ ကြိုတင်ထုတ်ယူထားခြင်း မပြုရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုထားသည်။

ထို့ပြင် အတိုးနှုန်း သက်သာပြီး ပေးဆပ်ရမည့် ကာလရှည်သည့် သက်သာသော ချေးငွေများ ဖြစ်စေကာမူ ဆုံးရှုံးနိုင်ခြေ အနည်းနှင့်အများ ရှိနိုင်သကဲ့သို့ အားသာချက်၊ အားနည်းချက်များလည်း ရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပြည်ပချေးငွေများနှင့် ပတ်သက်ပြီး အဆိုပါ ဆုံးရှုံးနိုင်ခြေများကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စေရေးအတွက် ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ အပါအဝင် ဖွံ့ဖြိုးရေး စီမံကိန်းများကို မူလလျာထား သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း ပြီးစီးအောင် အကောင်အထည် ဖော်နိုင်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်း၊ စီမံကိန်း ရည်မှန်းချက်ပါအတိုင်း အပြည့်အဝ အောင်မြင်နိုင်စေရေး၊ အကျိုးအမြတ် ရရှိနိုင်စေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ ရေးဆွဲချမှတ်ထားသည့် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်ဟု သဘောထား မှတ်ချက်ပြုခဲ့သည်။

 

Most Read

Most Recent