ပြည်တွင်း၌ ရွှေကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းလမ်းခရီးများဖြင့် လွတ်လပ်စွာ သယ်ယူခွင့် ရရှိတော့မည်

ပြည်တွင်း၌ ရွှေကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းလမ်းခရီးများဖြင့် လွတ်လပ်စွာ သယ်ယူခွင့် ရရှိတော့မည်
Published 29 November 2018
စည်သူအောင်

ပြည်တွင်း၌ ရွှေကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းလမ်းခရီးများဖြင့် လွတ်လပ်စွာ သယ်ယူခွင့် ရရှိတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။

မြန်မာနိုင်ငံရွှေစျေးကွက်၊ အရောင်းအဝယ်စနစ်များနှင့် ပတ်သက်သော ကိစ္စရပ်များ ဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) နှင့် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (MGEA) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ချုပ် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၈ ရက်က နေပြည်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနထံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့်အဖွဲ့နှင့် ဝန်ကြီးဌာနအစည်း အဝေးခန်းမတွင် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် အဆင့်မြင့်ရွှေစျေးကွက်ဖော်ဆောင်ရေးစီမံ ချက်များကိုလည်းကောင်း၊ ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ကွန်ပျူတာစနစ်ဖြင့် အရောင်း အဝယ်ပြုလုပ်မည့်အကြောင်းနှင့် ရွှေတုံး၊ ရွှေခဲ တရားဝင်ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ် ခွင့်ရရှိခဲ့သော်လည်း ရွှေတုံး၊ ရွှေခဲ၊ ရွှေလက် ဝတ်ရတနာများကို ပို့ကုန်နှင့် သွင်းကုန်ခွင့်ပြု ချိန်တွင် ပြည်တွင်း၌ ရွှေကို လွတ်လပ်စွာသယ် ယူခွင့်မရသည့် ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီး ဌာနတာဝန်ရှိသူများအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ပြချက်များနှင့် ပတ်သက်၍ ကွန်ပျူတာစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်မည်ကို ဝန်ကြီးဌာန အနေဖြင့် လက်ခံကြောင်း၊ ပြည်တွင်း၌ ရွှေကို လွတ်လပ်စွာ သယ်ယူခွင့် ရရှိနိုင်ရေးအတွက် အစည်းအဝေး ခေါ်ယူညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် တွေ့ဆုံ၍ ပြည်တွင်း၌ ရွှေကို လွတ်လပ်စွာ သယ်ယူခွင့် မရသည့်ကိစ္စကို တင်ပြရာ ဒုတိယဝန်ကြီးက ဒုတိယရဲချုပ် ဦးမျိုးဆွေဝင်းအား ခေါ်ယူ၍ အထက်မြန်မာပြည်ရှိ ရွှေအရိုင်း၊ ရွှေစင် ရွှေတုံးများအား မြန်မာနိုင်ငံအနှံ့အပြာသို့ တင်ပို့ရောင်းချ၊ သယ်ယူပို့ဆောင်ရားတွင် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းလမ်းဖြင့် သယ်ယူရာ၌ အထူးသဖြင့် လေကြောင်းရဲက တားမြစ်ခံနေရသည့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာ ဒုတိယရဲချုပ်က ရွှေလုပ်ငန်းရှင်များ အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းကလည်း ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။

ရွှေအရောင်းအဝယ်ကို ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များမှာ အသင်းဝင်များ လျင်မြန်လွယ်ကူချောမွေ့စွာ ရောင်းဝယ်နိုင်ရန်၊ အဝယ်/အရောင်း စာရင်းများအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်၊ ရောင်းမှား/ဝယ်မှား စာရင်းများကို အချိန်မီ သိရှိစေနိုင်ရန်၊ အရှုံး/အမြတ်စာရင်းများကို ချက်ချင်းသိရှိစေနိုင်ရန်၊ နိုင်ငံတကာ အဆင့်မီ တိကျသော အရောင်းအဝယ်စနစ် ဖြစ်စေရန် ဖြစ်သည်။

ယင်းစနစ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ ရွှေအရောင်းအဝယ် ကွန်ပျူတာစနစ်သည် အသင်းဝင်များသာ အရောင်းအဝယ် ပြုလုပ်နိုင်ခြင်း၊ သတ်မှတ်အာမခံကြေး ပေးဆောင်ထားမှသာ အရောင်း/အဝယ် ပြုလုပ်နိုင်ခြင်း၊ အာမခံကြေး ပေးဆောင်ထားရသဖြင့် အရောင်း/အဝယ်တွင် စိတ်ချရနိုင်ခြင်း၊ မိမိ၏ ဖုန်းမှ အလွယ်တကူ ရောင်း/ဝယ်နိုင်ခြင်း၊ မိမိအရောင်း/အဝယ်ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ခြင်း၊ မိမိ၏ အရောင်း/အဝယ်အရှုံး အမြတ်အား သိရှိနိုင်ခြင်းတို့ဖြစ်သည်။

 

Most Read

Most Recent