ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အနေဖြင့် အဓိကစိန်ခေါ်မှု လေးချက် ရှိနေဟုဆို

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အနေဖြင့် အဓိကစိန်ခေါ်မှု လေးချက် ရှိနေဟုဆို
Managing Transition Risks Ceasefire ပညာရှင် စကားဝိုင်း ကျင်းပနေစဉ်
Managing Transition Risks Ceasefire ပညာရှင် စကားဝိုင်း ကျင်းပနေစဉ်
Published 29 November 2018
ဘိုဘိုမြင့်

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အနေဖြင့် အဓိကစိန်ခေါ်မှု လေးချက်ရှိနေဟု JMC-U အတွင်းရေးမှူး (၁) ဖြစ်သူ ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

“ပညာရှင်တွေ ဆွေးနွေးသွားတဲ့ အချက်တွေထဲမှာ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ပဏာမပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးပဲ ဖြစ်တယ်။ အဲဒီကနေ တကယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သွားကြမှာဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြတဲ့အခါမှာ ပစ်ခတ်မှုတွေကို ထိန်းသိမ်းဖို ့လိုအပ်တာပေါ့။ အခုလောလောဆယ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွေကို စောင့်ကြည့်တဲ့အခါမှာ အဓိကအားဖြင့် စိန်ခေါ်မှု လေးချက်ကို တွေ့ရပါတယ်။ ပထမကတော့ အခုအချိန်အထိ အပစ်ရပ်နယ်မြေ ဆိုတာကို မသတ်မှတ်နိုင်သေးဘူး။ ဒုတိယအနေနဲ့ ထိန်းချုပ်နယ်မြေတွေ မသတ်မှတ်နိုင်သေးဘူး။ ဒါအချက်က ဘာကြောင့် အရေးကြီးလဲဆိုရင် ထိန်းချုပ်နယ်မြေရဲ့ ပြင်ပကို လက်နက်နဲ့ သွားချင်တယ်ဆိုရင် နှစ်ဘက်ခွင့်ပြုချက်နဲ့ သွားလာရတယ်ဆိုရင် ထိန်းချုပ်နယ်မြေဟာ ဘယ်နေရာလဲဆိုတာ အတိအကျ သိမှပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “တတိယအချက်အနေနဲ့က ထိတွေ့မှုရှိနိုင်တဲ့ နေရာတွေ ရှောင်လွှဲနိုင်ဖို ့အတွက်ကို တပ်နေရာချထားရေးလုပ်ဖို ့လိုအပ်ပါတယ်။ စတုတ္ထအချက် အနေနဲ့က အောက်ခြေမှာ ဆက်သွယ်ရေး စနစ်တကျရှိဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် အောက်ခြေတပ်မှူး အချင်းချင်း နားလည် မှုရှိရှိနဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ဒါတွေကို ထိန်းချုပ်လို့ ရပါလိမ့်မယ်။ အဲဒီလိုဖြစ်လာစေဖို့ သူတို့အချင်းချင်းကြားထဲမှာ ဆက်သွယ်မယ့်နည်းလမ်း စနစ်တကျရှိဖို့ လိုအပ်ပါမယ်။ ကျွန်တော်ပြောခဲ့တဲ့ ပထမအချက်ထဲမှာပါတဲ့ အပစ်ရပ်နယ်မြေ သတ်မှတ်နိုင်ရင် အဲဒီနယ်မြေထဲမှာ ဘာတွေလုပ်လို့ရတယ်။ ဘာတွေတော့ လုပ်လို့မရဘူး ဆိုပြီးတော့ စစ်ဘက်စာချုပ်တွေတော့ ရှိရမှာပေါ့။ ဒီလေးချက်ကို အသေအချာ နှစ်ဘက်နားလည်မှုရှိရှိနဲ့ လုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တော့ စောင့်ကြည်ရေးအနေနဲ့ ပိုပြီးတော့ ထိရောက်မှုရှိလာမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီအချက်တွေက ကျွန်တော်တို့ရဲ့ အဓိကစိန်ခေါ်မှုတွေ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

Managing Transition Risks Ceasefire ပညာရှင် စကားဝိုင်းအား နိုဝင် ဘာ ၂၉ ရက် နံနက် ၉ နာရီက မော်လမြိုင်မြို့ရှိ Royal Hinthar Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ပညာရှင်စကားဝိုင်း၌ ဦးတင်မောင်မောင်သန်း၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကိုကိုကြီးနှင့် ဦးအောင်နိုင်ဦးတို့က စကားဝိုင်းပုံစံဖြင့် ဆွေးနွေးခဲ့ကြကြောင်းနှင့် ပညာရှင်စကားဝိုင်းသို့ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်၊ (JMC-U) အဖွဲ့ဝင်များ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အစရှိသော ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဖွဲ့စည်းထားသည့်ဒေသများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent