လူမှုကွန်ရက်နှင့် အကျိုးအပြစ်

လူမှုကွန်ရက်နှင့် အကျိုးအပြစ်
Published 7 November 2018

လူမှုကွန်ရက် Facebook သည် ၂၀၁၀ ပြည့်နှစ်မှ လက်ရှိအချိန်အထိ ရှစ်နှစ်ခန့်ကာလအတွင်း ပိုမိုကြီးမား ကျယ်ပြန့်လာကာ ထုတ်ပြန်ချက်အချို့အရ Facebook ကို အမြဲတစေ သုံးစွဲသူ လစဉ် နှစ်ဘီလျံခန့် ရှိနေသည်ဟု သိရသည်။ ၎င်း၏ လွှမ်းမိုးမှုမှာလည်း ကမ္ဘာနှင့်အဝှမ်း ကြောက်စရာကောင်းသည့် အခြေအနေသို့ပင် ရောက်ရှိနေခဲ့ပြီဟု ကဏ္ဍအသီးသီးမှ မှတ်ချက်ပြုရသည်အထိ အကောင်းအဆိုးရောပြွမ်းကာ ယနေ့လူအများကြား ရေပန်းစားနေပေသည်။ Facebook သည် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပြဿနာများစွာ ဖြစ်စေသော အခြေအနေများ ရှိနေသည်မှာလည်း အမှန်ပင်ဖြစ်နေသည်။ ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်မှု (Cyber Bullying) နှင့် အမုန်းစကားများ လှုံ့ဆော်မှု (Hate Speech) တို့ကို Facebook အနေဖြင့် နိုင်နင်းစွာ ထိန်းချုပ်နိုင်မှု မရှိခြင်းက လူ့အဖွဲ့အစည်းအတွင်း ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်နေစေသည်။

မြန်မာနိုင်ငံတွင်လည်း Facebook အနေဖြင့် အမုန်းစကားများကို လုံလောက်စွာ ထိန်းချုပ် တားဆီးနိုင်မှု မရှိသည်ကို အမြဲတစေ ဝန်ခံပြောကြားလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲသည် အမုန်းစကားများ၊ နှောင့်ယှက်မှုများနှင့် ပတ်သက်၍ ပေါက်ကွဲလုနီးပါး အနေအထားတစ်ရပ် ဖြစ်လာနိုင်သောကြောင့် Facebook အနေဖြင့် ယခုကတည်းက အလေးထား ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းသို့သော အမုန်းစကားပျံ့နှံ့မှုအပေါ် လုံလောက်စွာ မတားဆီးနိုင်ကြောင်း Facebook က နိုဝင်ဘာ ၆ ရက်တွင် ဝန်ခံခဲ့ရပေသည်။ ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲ ကာလမတိုင်မီတွင် အမုန်းစကား ဖြန့်ချိမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ မြင့်တက်လာမည်ကို စိုးရိမ်ခြင်းကြောင့် မြန်မာနှင့် သက်ဆိုင်သော အကောင့်များနှင့် စာမျက်နှာများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားရန် Facebook က စီစဉ်နေပြီဖြစ်ကြောင်းလည်း သိရသည်။ ယင်းသို့ စောင့်ကြည့်စစ်ဆေးရန် အတွက် လက်ရှိတွင် မြန်မာဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သော မြန်မာဝန်ထမ်းပေါင်း ၉၉ ဦးကို အလုပ်ခန့်ထားပြီးဖြစ်သည့်အပြင် မကြာမီတွင် လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်များကိုလည်း ယင်းအဖွဲ့အတွင်း ထပ်မံပေါင်းစည်း တာဝန်ပေးသွားမည်ဟု Facebook က ထုတ်ပြန်ထားသည်။ မြန်မာဝန်ထမ်းများ၏ အကူအညီဖြင့် ပြီးခဲ့သည့် သြဂုတ်မှ စက်တင်ဘာလအတွင်း မြန်မာအကောင့်များနှင့် စာမျက်နှာများက ရေးသားချက်များအနက် ဖော်ပြချက် ၆၄၀၀၀ ကို အမုန်းစကားဖြန့်ချိကြောင်း တွေ့ရှိရသည်ဟုဆိုကာ အရေးယူခဲ့ပြန်သည်။ Facebook တွင်ရှိနေသော ၎င်းတို့၏ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အကောင့်များနှင့်စပ်လျဉ်းကာ ၆၀ ရာခိုင်နှုန်းကျော်ပမာဏကိုသာလျှင် စစ်ဆေးနိုင်သည်ဟု ဆိုထားပြန်သည်။ Facebook အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စိန်ခေါ်မှုဆိုင်ရာ အခြေအနေအရပ်ရပ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလကို ဦးတည်လျက် ဖြစ်တည်လာနိုင်မှုများအပေါ် သုံးသပ်ကာ ၂၀၁၇ နှစ်ကုန်တွင် အတည်ပြု ကိန်းဂဏန်းအရ မြန်မာနိုင်ငံတွင် နေထိုင်သူများအနက် လူဦးရေ ၁၆ သန်းမှာ Facebook သုံးသည်ဟု ဆိုထားသည်။

လူတစ်ဦးချင်း မိုဘိုင်းဖုန်း သုံးစွဲမှုနှုန်းမြင့်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲမှုနှုန်းသည်လည်း ငါးနှစ်တာအတွင်း မြန်ဆန်စွာ တိုးတက်မြင့်မားလာခဲ့သည်။ သို့ရာတွင် Facebook သည် မြန်မာနိုင်ငံနှင့်ဆက်စပ်လျှင် ဘင်္ဂါလီအရေးနှင့် ချိတ်ဆက်ကာ လှုံ့ဆော်မှုများ၊ အမုန်းစကားများ ပျံ့နှံ့မှုအပေါ် ထိန်းချုပ်ရန် ကြိုးစားလိုမှုနှင့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်လာနိုင်ခြေများကို အကဲဖြတ် သုံးသပ်ရန် ကြိုးစားမှုများက သတိပြုစရာ အကြောင်းအခြင်းအရာဖြစ်နေသည်။ Facebook ၏ အခန်းကဏ္ဍသည် ကြီးမားကျယ်ပြန့်လာမှုနှင့်အတူ ၎င်း၏ အကျိုးအပြစ်သည် အသုံးပြုနေသူတိုင်းအတွက် အမြဲတစေ မေးခွန်းထုတ်ရန် လိုအပ်နေသည်ကို လက်ခံရပေလိမ့်မည်။ အခြားတစ်ဖက်တွင်လည်း Facebook ၏ လွှမ်းမိုးမှုကြောင့် နိုင်ငံအသီးသီးတွင် မီဒီယာကဏ္ဍမှာ သိသာကျဆင်းမှုနှင့် ထိုးနှက်မှုများ ခံနေရသည်။ မြန်မာနိုင်ငံတွင်လည်း မီဒီယာများအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ရုန်းကန်နေကြရပြီး လူမှုကွန်ရက်တို့၏ နည်းပညာအရ သာလွန်သည့် အချက်များကို ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေကြရသည်။ လူမှုကွန်ရက်တို့၏ အခန်းကဏ္ဍ ကြီးထွားမှုနှင့်အတူ ယင်းတို့၏အကျိုးဆက်ကို သတင်းမီဒီယာများ ရင်ဆိုင်ရသကဲ့သို့ပင် ၎င်းတို့ကို အသုံးပြုသည့် လူပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့်လည်း အကျိုးအပြစ်အပေါ် ကောင်းစွာ ဆင်ခြင်သုံးသပ်နိုင်ရန်လည်း အရေးကြီးမည် ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent