ထရန့်၏ တရုတ်ခရီးစဉ်တွင် အီလွန်မတ်စ်အပါအဝင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာ

ထရန့်၏ တရုတ်ခရီးစဉ်တွင် အီလွန်မတ်စ်အပါအဝင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာ
Published 14 May 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ လက်ရှိပေကျင်းခရီးစဉ်တွင် Nvidia တည်ထောင်သူ ဂျန်ဆင်ဟွမ် ၊ Apple စီအီးအို တင်မ်ကွတ်နှင့် Tesla ပိုင်ရှင် အီလွန်မတ်စ်အပါအဝင် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း လိုက်ပါလာကြသည်။

အိမ်ဖြူတော်က မူလထုတ်ပြန်သည့် စီးပွားရေးလုပ်ငန်းရှင်များစာရင်းတွင် မပါဘဲ နောက်ဆုံးမှ စာရင်းထဲပါလာခဲ့သူ Nvidia ပူးတွဲတည်ထောင်သူ ဂျန်ဆင်ဟွမ်က စိတ်ဝင်စားမှု အခံရဆုံးဖြစ်နေသည်။ဂျန်ဆင်ဟွမ် လိုက်ပါလာခြင်းက ကာလရှည်ကြာ ရပ်တန့်နေသည့် Nvidia ၏ H200 AI ချစ်ပ်ပြားများ တရုတ်နိုင်ငံတွင် ပြန်လည်ရောင်းချနိုင်ရေးအတွက် မျှော်လင့်ချက်များ သန်းလာစေခဲ့သည်။

ကမ္ဘာ့ AI ဈေးကွက်ကို လွှမ်းမိုးရန် နှစ်နိုင်ငံစလုံး အပြိုင်အဆိုင် ကြိုးပမ်းနေကြခြင်းဖြစ်ပြီး ချစ်ပ်ပြားကိစ္စက အမေရိကန်-တရုတ် တင်းမာမှု၏ ဗဟိုချက်လည်း ဖြစ်သည်။ အမေရိကန်အစိုးရက နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်​ဖြင့် Nvidia အဆင့်မြင့်ချစ်ပ်ပြားများ တရုတ်သို့တင်ပို့မှုကို ကန့်သတ်ထားသည်။

တရုတ်နိုင်ငံက semiconductor လုပ်ငန်းကို ကိုယ်ပိုင်အရှိန်အဟုန်မြှင့် တည်ဆောက်လာသော်လည်း ဂျန်ဆင်ဟွမ်က တရုတ်ဈေးကွက်ထဲ ဆက်လက်ဝင်ရောက်နိုင်ရေး တစိုက်မတ်မတ် တောင်းဆိုလာသူဖြစ်သည်။

မေ ၁၄ ရက် ပြည်သူ့ခန်းမဆောင် တွေ့ဆုံမှုအပြီးမှာတော့ ဟွမ်က သမ္မတနှစ်ဦးစလုံး တစ်ကယ့်ကို အံ့အားသင့်စရာကောင်းသူများဟု မှတ်ချက်ပေးခဲ့သည်။အီလွန်မတ်စ်ကလည်း သိပ်ကိုကောင်းမွန်သည့် တွေ့ဆုံမှုဟု သတင်းထောက်များကို ပြောကာ Apple စီအီးအို တင်မ်ကွတ်ကလည်း သဘောကျကျေနပ်သည့်အနေဖြင့် လက်မထောင်ပြခဲ့သည်။

■ Ref: CNA

■ Photos: Reuters

Most Read

Most Recent