ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၄၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပလျှက်ရှိပြီး ကဆုန်ညောင်ရေသွန်းပွဲတော်အား ၁၃၈၈ ခုနှစ် ကဆုန်လပြည့်(ဧပြီ ၃၀)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
တောင်ငူမြို့သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ (၄၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့်နှင့်ကဆုန်ညောင်ရေသွန်းပွဲတော်ဖွင့်ပွဲအခမ်းအနားအား ဧပြီ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး ကဆုန်ညောင်ရေသွန်းပွဲတော်အား ဧပြီ ၃၀ ရက်၊ (ကဆုန်လပြည့်နေ့)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကဆုန်လပြည့်နေ့ဖြစ်သည့် ဧပြီ ၃၀ ရက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့လျော်ညီတဲ့ ဝတ်စားဆင်ယင်မှု များဖြင့် တောင်ငူမြို့ပေါ်ရပ်ကွက် (၂၃) ခုမှ မြို့ခံပြည်သူများနှင့် ဘာသာရေးအသင်း အဖွဲ့များ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပါဝင်ကာ ၊ အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များနှင့်အတူ တောင်ငူမြို့တွင်းလမ်းများတွင် လှည့်လည်သွားမည်ဖြစ်ပြီး ရပ်ကွက်အလိုက် ဘာသာရေး လူမှုရေး အသင်းအဖွဲ့များ၏ ညောင်ရေသွန်း မြန်မာအမျိုးသမီးအဖွဲ့များကလည်း ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်ရှိ မဟာဗောဓိညောင်ပင်ကြီးများတွင် ကဆုန်ညောင်ရေသွန်း လောင်းကြမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် လှည့်လည်သည့်နေ့၌ ရွှေဆံတော် ဘုရားဂေါပအဖွဲ့ဝင်များနှင့် မြို့ခံအချို့အလှူရှင်များက စေတီတော်မြတ်ကြီး ရင်ပြင်နှင့် မြို့တွင်းလမ်းတိုင်းတို့တွင် မုန့်ဟင်းခါး၊ထမင်း၊ ဒံပေါက်၊ ပေါက်စီ၊ ရွှေရင်အေး၊ မုန့်နှင့်အအေး စတုဒိသာများကျွေးမွေး ကုသိုလ်ပြုကြကြောင်း သိရသည်။
ပွဲတော်အား ဧပြီ ၂၃ ရက်နေ့မှ မေလ ၇ ရက်နေ့ အထိ ၁၅ ရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်များတွင် နယ်လှည့် ပွဲဈေးသည်များ၊ဇာတ်ပွဲများ၊ကလေးကစားကွင်း ပျော့ပျော့အိအိ၊ ချားရဟတ်များနှင့် အခြားပျော်ပွဲရွင်ပွဲများပါဝင်သော ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ဖြင့် ထည်သွင်းကျင်းပလျှက်ရှိပြီး ဇာတ်ပွဲအနေဖြင့် စမ်းရေမိုးဇာတ်ပွဲနှင့် သူရဝင်းထွဋ်ဇာတ်ပွဲတို့ ရုံဝင် ကပြသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာသက္ကရာဇ် ၉၃၀ ပြည့်နှစ်တွင် တောင်ငူဘုရင် ဘုရင့်နောင်မင်းတရားကြီးအား သီဟိုဋ်မင်းဓမ္မပါလမှ ဆံတော်ရှစ်ဆူဆက်သခဲ့ရာ၊ ယင်းဆံတော်ရှစ်ဆူအနက် တောင်ငူမင်း၊ပြည်မင်း၊အင်းဝမင်း၊ မုတ္တမမင်းတို့ထံသို့ ဆံတော်တစ်ဆူဆီအား ဘုရင့်နောင်မင်းတရားကြီးမှ ပြန်လည်ပေးသနားတော်မူခဲ့ကြောင်း၊ အဆိုပါမင်းများ အနက် တောင်ငူမင်းက ၄င်းရရှိခဲ့သော ဆံတော်မြတ်အား ဌာပနာ၍ မြန်မာသက္ကရာဇ် ၉၃၂ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေဆံတော်စေတီတော်အား အုတ်မြစ်ချတည်ထားမူခဲ့ကြောင်း၊ အုတ်မြစ်ချတည်ခဲ့ပြီး နှစ်နှစ်ခန့်အကြာ၊ တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူခဲ့သည့် သမိုင်းဝင်စေတီဖြစ်ပြီး ရွှေဆံတော်စေတီ တော်အား ထီးတော်တင်လှူခဲ့သည့်မှာ ယခုမြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်တွင် ၄၄၈ နှစ်မြောက်ရှိပြီဖြစ်ကြောင်း၊ ရွှေဆံတော်ဘုရားပွဲတော်အား နှစ်စဉ် ကဆုန်လ၏ရှေ့ ၇ ရက်၊ နောက် ၇ ရက်ထား၍ ကျင်းပခြင်းဖြစ်ပြီး မိုးကာလမဝင်မှီ အောက်မြန်မာပြည် ဘုရားပွဲပွဲစျေးများ ရောင်းတော်များအနက် နောက်ဆုံး ရက်ရှည် ဘုရားပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။
ပုံစာ။ တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် နှင့်ကဆုန်ညောင် ရေသွန်းပွဲတော်အား ယမန်နှစ်များက ကျင်းပနေသည်ကို တွေ့ရစဉ်။















