မိုးကြိုကာလဖြစ်သည့် မေလမှစ၍ လေထုမငြိမ်မသက်ခြင်းနှင့် နေ့အပူချိန်များ မြင့်တက်ခြင်းတို့ကြောင့် မွန်းလွဲ/ညနေပိုင်းတို့တွင် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလက အသိပေးထားသည်။
ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းတွင်လည်း ရန်ကုန်မြို့တွင် လေပြင်းများ တိုက်ခတ်သဖြင့် မြို့နယ်အချို့တွင် နေအိမ်များများပေါ်သို့ သစ်ပင်လဲကျမှုများ ဖြစ်ပေါ်ခဲ့သည်။
ပုံစာ-ဧပြီ ၃၀ ရက်က ရန်ကုန်မြို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျနေသည်ကို တွေ့ရစဉ်။















