ဂွါဒီယိုလာကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ FIGC စဉ်းစားနေကြောင်း သတင်းထွက်

ဂွါဒီယိုလာကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ FIGC စဉ်းစားနေကြောင်း သတင်းထွက်
Photo: X
Photo: X
Published 8 April 2026

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က မန်စီးတီးနည်းပြ ဂွါဒီယိုလာကို အီတလီလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သတင်းထွက်လာပါတယ်။

FIGC ဟာ ဂတ်တူဆို နုတ်ထွက်သွားတာကြောင့် လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေရာမှာ အစောပိုင်းတုန်းက ကွန်တီ၊ အယ်လီဂရီနဲ့ မန်စီနီတို့ပဲ နာမည်ထွက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ဂွါဒီယိုလာ ပါဝင်လာခြင်းဖြစ်ပါတယ်။

စပိန်လူမျိုး ဂွါဒီယိုလာဟာ ကိုင်တွယ်သမျှ ကလပ်အသင်းတိုင်းကို အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိကလပ် မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။

ဂွါဒီယိုလာက လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ပြီး ကမ္ဘာ့ဖလား၊ ယူရို ဒါမှမဟုတ် ကိုပါအမေရိက ယှဉ်ပြိုင်ရတဲ့ အတွေ့အကြုံ ရယူသွားလိုကြောင်း ပြောကြားခဲ့ဖူးတာကြောင့် FIGC က နည်းပြသစ်အဖြစ် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

FIGC က အီတလီလက်ရွေးစင်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ (၃)ကြိမ်ဆက်တိုက် လွဲချော်ခဲ့တာကြောင့် အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေပြီး လာမယ့်ဇွန်လမှာ ဥက္ကဋ္ဌသစ် ခန့်အပ်ပြီးမှ နည်းပြသစ်ကို ရွေးချယ်ခန့်အပ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။

Most Read

Most Recent