ကာရစ်ဟာ နောက်ဆုံး(၁၀)နှစ်အတွင်း မန်ယူအသင်းရဲ့ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ဒေးဗစ်ဘက်ခမ် သုံးသပ်

ကာရစ်ဟာ နောက်ဆုံး(၁၀)နှစ်အတွင်း မန်ယူအသင်းရဲ့ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ဒေးဗစ်ဘက်ခမ် သုံးသပ်
Photo: X
Photo: X
Published 30 March 2026

မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်က လက်ရှိ ယာယီနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကာရစ်ဟာ နောက်ဆုံး(၁၀)နှစ်အတွင်း အသင်းရဲ့ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ကာရစ်ဟာ မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ဒုတိယအကြိမ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမအကြိမ်မှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့သလို၊ အခု ဒုတိယအကြိမ်မှာလည်း (၇)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံး ရလဒ်ရရှိအောင် စွမ်းဆောင်ထားပါတယ်။

မန်ယူအသင်းဟာ ၂၀၁၃ ခုနှစ်မှာ ၀ါရင့်နည်းပြ ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း နည်းပြအပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ပြီး အရင်လို အောင်မြင်မှုရရှိဖို့ ရုန်းကန်လာရပါတယ်။

ကာရစ်လက်ထက်မှာ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုတွေ မြင့်တက်လာခဲ့ပေမဲ့ မန်ယူကစားသမားဟောင်းတချို့က ကာရစ်ကို အပြီးသတ်နည်းပြအဖြစ် တာဝန်မပေးသင့်ကြောင်း ကန့်ကွက်နေကြတာကြောင့် ဒေးဗစ်ဘက်ခမ်က ကာရစ်ဘက်က ရပ်တည်ကြောင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

''အရိုးသားဆုံးပြောရရင် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ နောက်ဆုံး(၁၀)နှစ်ကထက် အများကြီးသက်သောင့်သက်သာဖြစ်သွားပါတယ်။ ခက်ခဲတဲ့အချိန်ကာလနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပေမဲ့ ကာရစ်က အတွေ့အကြုံရင့်ကျက်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ သူက တည်ငြိမ်မှုကိုလည်း ကလပ်အသင်းဆီ ယူဆောင်လာခဲ့ပါတယ်။ သူက ဒီအသင်းအကြောင်း သိတယ်၊ ကစားသမားတွေအကြောင်း သိတယ်၊ မန်ယူအသင်း ကစားတဲ့ပုံစံကို သိတယ် ပြီးတော့ ဘယ်လိုပုံစံ ကစားသင့်သလဲဆိုတာကိုလည်း သိပါတယ်။ သူ့ကို နည်းပြအဖြစ် ကျွန်တော် အမြဲသဘောကျပါတယ်။ ပရိသတ်တစ်ယောက်အနေနဲ့ တွေးရရင် သူ့မှာ ကျွန်တော်တို့ လိုအပ်နေတာတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်'' လို့ ဒေးဗစ်ဘက်ခမ်က ပြောကြားခဲ့ပါတယ်။

Most Read

Most Recent