(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မည့် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့်တစ်ဦးနှင့် တတိယအဆင့်နှစ်ဦး စုစုပေါင်း သုံးဦးအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့(မတ် ၂၈ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များ၏ ကျန်းမာရေး အခြေအနေများအား တစ်ဦးချင်းမေးမြန်းအား ပေးစကားပြောကြားပြီး လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုပေးအပ်သည့် ဂါရဝပြုချီးမြှင့်ငွေ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ နှင့် အားဖြည့် ငှက်သိုက်များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂါရဝပြု ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များနှင့်အတူ လက်ဘက်ရည်နှင့် စားသောက်ဖွယ်ရာများ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
ယခု ၂၀၂၆ ခုနှစ်တွင် ကျရောက်သော (၈၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များဖြစ်သည့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးအေးသိန်းသည် အသက် ၉၈ နှစ်၊ လွတ်လပ်ရေး မော်ကွန်းဝင်ဒုတိယအဆင့် ဦးကျော်စိန် သည် အသက် ၁၀၁ နှစ်နှင့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ဦးဉာဏ်အေးသည် ၁၀၂ နှစ် တို့ဖြစ်ကြပြီး ကျန်းမာသန်စွမ်းလျက်ရှိကြောင်းနှင့် ဂျပန်ခေတ်တော်လှန်ရေးများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့မှုများကို ပြန်လည်ပြောပြရင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ကိန်းအောင်း လျက်ရှိကြကြောင်း သိရသည်။















