PDF ရှစ်ဦးနှင့် AA အဖွဲ့ဝင် ၁၀ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာ

PDF ရှစ်ဦးနှင့် AA အဖွဲ့ဝင် ၁၀ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာ
Published 27 March 2026

PDF ရှစ်ဦးနှင့် AA အဖွဲ့ဝင် ၁၀ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို တာဝန်ရှိသူများက ကြိုဆို၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲအား မတ် ၂၆ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့မှ တစ်ဦး၊ အင်္ဂပူမြို့နယ်မှ တစ်ဦး၊ ရေကြည်မြို့နယ်မှ တစ်ဦး၊ ရွှေသောင်ယံမြို့နယ်မှ တစ်ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ တစ်ဦး၊ လေးမျက်နှာမြို့နယ်မှ တစ်ဦး၊ ကြံခင်းမြို့နယ်မှ တစ်ဦး၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ တစ်ဦး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ နှစ်ဦး၊ မြေပုံမြို့နယ်မှ တစ်ဦး၊ မြောက်ဦးမြို့နယ်မှ နှစ်ဦး၊ ရမ်းဗြဲမြို့နယ်မှ တစ်ဦး၊ ဂွမြို့နယ်မှ နှစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တစ်ဦးနှင့် မောင်တောမြို့နယ်မှ တစ်ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကိုပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူးဗိုလ်ချုပ် စိုးကျော်ထက်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ငါးလက်၊ MA-3 အမျိုးအစား မောင်းပြန် ရိုင်ဖယ် တစ်လက်၊ MA-11 အမျိုးအစား မောင်းပြန်ရိုင်ဖယ် တစ်လက်၊ SIG SAUER အမျိုးအစားပစ္စတို တစ်လက်၊ ၃၅ တောင့်ဝင်ကျည်အိမ် ကိုးခု၊ SIG SAUER အမျိုးအစား ပစ္စတိုကျည်အိမ် တစ်ခု၊ BA-91 လက်ပစ်ဗုံး တစ်လုံး၊ ၅ ဒသမ ၅၆ မမ ကျည် (၂၈၃) တောင့်၊ ၇ ဒသမ ၆၂ မမ ကျည် (၂၃) တောင့်နှင့် USA 380 AUTO (၂၀) တောင့်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့်တာဝန်ရှိများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် သေနတ် တစ်လက်လျှင် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် သေနတ် ခုနစ်လက်အတွက် ကျပ်သိန်း ၃၅၀ ကျပ်၊ ပစ္စတို တစ်လက်အတွက် သိန်း ၂၀ ကျပ်၊ လက်ပစ်ဗုံး တစ်လုံးအတွက် ဆုကြေးငွေ သုံးသိန်းကျပ်နှင့် အလင်းဝင်ရောက်လာသူ တစ်ဦးလျှင် သုံးသိန်းကျပ်နှုန်းဖြင့် ၁၈ ဦးအတွက် ၅၄ သိန်းကျပ်၊ စုစုပေါင်းချီးမြှင့်ငွေကျပ်သိန်း ၄၂၇ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း၊ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့‌ကြောင်း သိရသည်။

Most Read

Most Recent