ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် စတင်ဖြစ်ပွားလာခဲ့သည့် စစ်ပွဲအတွင်း အီရန်သည် ကလပ်စတာဗုံးများကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ကြောင်း အစ္စရေးက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ကလပ်စတာဗုံးဆိုသည်မှာ လေထုထဲတွင် ပထမတစ်ဆင့် ပေါက်ကွဲပြီး အရွယ်အစားသေးငယ်သည့်ဗုံးများကို အရပ်မျက်နှာအနှံ့ ပျံ့နှံ့စေသည့် ဗုံးအမျိုးအစားဖြစ်သည်။
အဆိုပါ ပျံ့ကြဲသွားသည့် ဗုံးများထဲမှ ဗုံးအချို့သည် မြေပြင်သို့ ကျရောက်ချိန်တွင် ချက်ချင်းပေါက်ကွဲလေ့မရှိဘဲ နောက်ပိုင်းအချိန်များတွင်မှ ပေါက်ကွဲတတ်သဖြင့် ပဋိပက္ခပြီးဆုံးပြီးနောက် အချိန်ကြာမြင့်သည့်တိုင် ကလေးသူငယ်များ အပါအဝင် အရပ်သားများကို ထိခိုက်သေဆုံးစေနိုင်သည်။
အီရန်နှင့် အစ္စရေး နှစ်နိုင်ငံစလုံးသည် ကလပ်စတာဗုံးများ အသုံးပြုခြင်း၊ လွှဲပြောင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်းတို့ကို တားမြစ်ထားသည့် ၂၀၀၈ ခုနှစ် ကလပ်စတာဗုံးများဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံပေါင်း ၁၀၀ ကျော်ထဲ၌ ပါဝင်ခြင်း မရှိပေ။
အီရန်သည် အဆိုပါ ကလပ်စတာဗုံးများကို အသုံးပြုနေကြောင်း အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နာဒဗ် ရှိုရှာနီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သော်လည်း အဆိုပါလက်နက်များကို မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင် အသုံးပြုခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။
"သူတို့ (အီရန်) ဟာ ဒါကို အကြိမ်ကြိမ် အသုံးပြုခဲ့ပါတယ်။ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တဲ့အခါ ဒါဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေကို စောင့်ကြည့်နေပါတယ်" ဟု ရှိုရှာနီက ဆိုသည်။
အေအက်ဖ်ပီသတင်းဌာန၏ မတ် ၅ ရက် ညနေပိုင်း ရုပ်သံမှတ်တမ်းများတွင် အစ္စရေးနိုင်ငံအလယ်ပိုင်း မှောင်မည်းနေသော ကောင်းကင်ယံတွင် မီးတောက်များနှင့်အတူ ဒုံးကျည်များ အုပ်စုလိုက် ကျဆင်းလာသည်ကို တွေ့မြင်ရသည်။
အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် တွေ့ရသည့် လက်နက်များသည် ကလပ်စတာဗုံးများဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အဆိုပါရုပ်သံမှတ်တမ်းအရ တာလတ်ပစ်ဒုံးကျည်ဖြင့် သယ်ဆောင်လာသော ကလပ်စတာဗုံးများ ဖြစ်ပုံရပြီး ထိုဗုံးများသည် အီရန်နိုင်ငံထုတ်ဗုံးများ ဖြစ်နိုင်ခြေရှိကြောင်း ပြင်သစ်နိုင်ငံ မဟာဗျူဟာ သုတေသနဖောင်ဒေးရှင်းမှ လက်နက်ခဲယမ်းဆိုင်ရာ ကျွမ်းကျင်သူ အီတီယန် မားကုစ်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်လာကြောင်း ထောက်လှမ်းသိရှိရပြီးနောက် ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများသည် ကလပ်စတာဗုံးများ အသုံးပြုထားသည့် သက်သေအထောက်အထားများကို တွေ့ရှိခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဒုံးကျည်အစအနများနှင့် မပေါက်ကွဲသေးသည့် ခဲယမ်းများကို ရှင်းလင်းခြင်း မပြုလုပ်ရသေးမီအချိန်အထိ ဒုံးကျည်ကျရောက်သည့်နေရာများကို သတင်းထောက်များ အပါအဝင် အများပြည်သူ ဝင်ရောက်ခွင့်ကို ယေဘုယျအားဖြင့် ပိတ်ပင်ထားလေ့ရှိသည်။
Ref: AFP
Photos: AP















