■  UK student visa ပိတ်ပြစ်ခြင်းသည် မြန်မာအပေါ် Racial discrimination အဖြစ် မြန်မာများရှုမြင်

■  UK student visa ပိတ်ပြစ်ခြင်းသည် မြန်မာအပေါ် Racial discrimination အဖြစ် မြန်မာများရှုမြင်
Published 6 March 2026

UK educationအတွက် ၁၉၄၆ ခုနှစ်ကတည်းက တည်ထောင်ထားသော British Councilကိုပါ ပိတ်သင့်၊မသင့် စဉ်းစားသင့်ဟု ဆို

UK student visa ပိတ်ပြစ်ခြင်းသည် မြန်မာအပေါ် Racial discrimination လူမျိုးရေးခွဲခြားဆက်ဆံမှုအဖြစ် မြန်မာများက ရှုမြင်နေပြီး ပညာရေးနှင့်ဆက်စပ်သော အသိုင်းအဝိုင်းသာမက မြန်မာအများစုကြားတွင် ယင်းမှာမျှတမှုမရှိသောလုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ရှိလာခဲ့သည်။

ယင်း၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင် UK education အတွက် ၁၉၄၆ ခုနှစ်ခန့်ကတည်းက စတင်တည်ထောင်ခဲ့သော British Councilကိုပါ ပိတ်သင့်၊မသင့်စဉ်းစားသင့်သည့်အခြေအနေသို့ရောက်ရှိလာခဲ့ကြောင်း သုံးသပ်မှုများလည်း ရှိလာခဲ့သည်။

"စီးပွားရေးပိတ်ဆို့တယ်တို့၊ဘာတို့ဆိုတာ ဒီမိုကရေစီအစိုးရတွေရဲ့လုပ်နေကျပုံစံတွေပဲ။ဒါပေမဲ့ဒီကိစ္စကတော့ မြန်မာလူမျိုးတွေကို ခွဲခြားနှိမ့်ချဆက်ဆံတာဖြစ်နေတယ်။ ပြီးတော့  British Council ရဲ့ ရည်ရွယ်ချက်တွေနဲ့ လွဲချော်နေတယ်။ အဲဒီတော့ British Councilကိုရော မြန်မာမှာထားဦးမှာလား။ လွတ်လပ်ရေးရပြီးကတည်းက ဘယ်ခေတ်၊ဘယ်အခါ မဆို အစိုးရအဆက်ဆက် ပြောင်းပြီးပြီ။ ဗြိတိန်အစိုးရအနေနဲ့ အစိုးရအဆက်ဆက်တွေနဲ့ အဆင်မပြေကောင်း၊မပြေ ဖြစ်လိမ့်မယ်။ နှိမ့်ချဆက်ဆံကောင်း ဆက်ဆံလိမ့်မယ်။ဒါပေမဲ့အခုလိုမြန်မာကျောင်းသားဗီဇာထုတ်ပေးမှုပိတ်လိုက်သလိုပညာရေးနဲ့ဆက်စပ်တဲ့ကဏ္ဍမှာပါ လုပ်လိုက် တဲ့ဟာနဲ့ မြန်မာတွေအပေါ်သဘောထားဟာ အရင် ဗြိတိန်အစိုးရတွေ မလုပ်ဖူး၊ မထားဖူးတဲ့ သဘောပဲ။ မြန်မာနိုင်ငံမှာ ဗြိတိန်ပညာရေးနဲ့သွားနေတဲ့ကျောင်းသားကျောင်းသူသိန်းနဲ့ချီရှိတယ်။ဒီကလေးတွေရဲ့မျက်နှာကိုတောင်မထောက်၊ လုပ်ရက်တာ က အတော်ကြီး ဆိုးရွားတယ်။ စီးပွားရေးပိတ်ဆို့တာတွေ၊ တခြားဟာတွေက အစိုးရနဲ့ ပဲ သက်ဆိုင်တာ။ ဒါပေမဲ့ ဒီဗီဇာကိစ္စက လူမျိုးနဲ့ ဆိုင်တယ်။ ပညာရေးနဲ့ ဆိုင်တယ်။ လူငယ်တွေရဲ့ ဘဝနဲ့ ဆိုင်တယ်။ ဒါကို ပိတ်ပစ်တာ အင်မတန် ဆိုးရွားတယ်။"ဟု ၀ါရင့်ဂျာနယ်လစ်တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ရှိဗြိတိန်သံရုံးကမတ်၄ရက်တွင်"ယူကေအစိုးရသည်ယူကေလူဝင်မှုကြီးကြပ်ရေးစနစ်၏တည်ငြိမ်မှုကိုထိန်းသိမ်း ကာကွယ်ရန် ရည်ရွယ်ကာ ဗီဇာများယာယီရပ်ဆိုင်းခြင်းအစီအစဉ်ကို ချမှတ်လိုက်ကြောင်း၊ ၂၀၂၆ မတ်လ ၂၆ ရက်၊ ၀၀:၀၁ နာရီ (GMT)မှ စ၍ မြန်မာနိုင်ငံသားများတင်သွင်းသည့် ကျောင်းသားဗီဇာ လျှောက်လွှာများကို လက်ခံတော့မည် မဟုတ်ကြောင်း" ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဗြိတိန်ဘက်က ယူကေလူဝင်မှုကြီးကြပ်ရေးစနစ်၏ တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ကာ ကျောင်းသားဗီဇာ ထုတ်ပေးမှုရပ်ဆိုင်းသည်ဟု ပြောကြားသော်လည်း ဗြိတိန်တွင်မြန်မာကျောင်းသားများ၏ ခိုလှုံခွင့်တောင်းခံမှု အရေအတွက်သည် စုစုပေါင်းခိုလှုံခွင့်တောင်းခံသည့် တရားဝင်စာရင်းထဲတွင်နည်းပါးလွန်းသည့် အရေအတွက်သာရှိကြောင်း၊ယခုကဲ့သို့ မြန်မာ ကျောင်းသားများကို ဗီဇာထုတ်ပေးမှုရပ်ဆိုင်းခြင်းသည် မြန်မာနိုင်ငံအပေါ် ဗြိတိန်အစိုးရ၏ နှိမ့်ချ၊ခွဲခြား ဆက်ဆံမှုပင်ဖြစ်ကြောင်း လူမှုကွန်ရက်များတွင် ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။

"UK study visa မြန်မာကျောင်းသားတွေကိုbanတာ asylumခံလို့ဘာညာဆိုပြီးအကြောင်းပြတယ်။နည်းနည်းပါးပါး စာလေး ဘာလေးဖတ်ပြီး သူတို့ statisticsလည်း သွားကြည့်အုံး။ 2025မှာ UKမှာ asylum လျှောက်တဲ့ နိုင်ငံသားတွေ decision ချပေးတဲ့ numberတွေမှာ မြန်မာနိုင်ငံက top tenတောင်မဝင်ဘူး။ Yes it did increase yearly but due to whom? အရင်က ၁ ယောက်ဘဲ claim ရင် နောက်နှစ် ၁၀ ယောက်ဆို ၉၀၀% တက်တာ။ ပြောရရင် မြန်မာမို့လို့ လုပ်ချင်လို့လုပ်တာ။ လုပ်လို့ရလို့ လုပ်တာ" ဟု  ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အလားတူ ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက် Facebook Post တွင်လည်း "မြန်မာပြည်ကို အခုလိုဖြစ်အောင် မင်းတို့ဘိလပ်သားတွေ စပြီးမွှေသွားတာ။ခွဲခြားဖိနှိပ်အုပ်ချုပ်ကျွန်ပြုပြီးဖုတ်ဖက်ခါထွက်သွား။မြန်မာပြည်အပေါ်ပြုခဲ့သမျှအတွက်မင်းတို့တွေ အကြွေးပြန် ဆပ်ရမှာ။အခုတော့ ကျောင်းသားဗီဇာတောင်ပိတ်သတဲ့လား။နိုင်ငံကြီးသားတွေဆို၊ဂုဏ်သိက္ခာရှိကြတယ်ဆို၊ မရှက်ဘူးလား။"ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားသည်။

ထို့ပြင်ဗြိတိန်နိုင်ငံတွင်နေထိုင်သည့်ကိုကောင်းမြတ်စံကလည်း“တကယ်ကိုရေနစ်ရာဝါးကူထိုးလုပ်နေတာ။မြန်မာဆိုပြီးနာမည်ပါ အောင် လုပ်ပြီးကိုသိက္ခာချနေတာ။Visaလျှောက်တာလက်ခံပြီး မပေးချင်ရင်ငြင်းပေါ့။ Visa success rate နည်းလာရင် မလာကြ ပဲနေလိမ့်မယ်လေ။ဗီဇာကြေးတောင်ရသေးတယ်။ နောက်တစ်ခု Student Visa နဲ့လာရင် Asylum တင်ခွင့်မရှိဆိုပြီး rule လုပ် လိုက်ပါလား။ overstay နေရင်deport လုပ်ပြစ်ပေါ့။ ဦးနှောက်တွေဘယ်နားသွားထားနေကြ။ အရမ်းရီရတာတစ်ခုက Gov Data မှာ သူ့ဇစ်မြစ်နိုင်ငံက Asylum Claimလုပ်တဲ့ Nationalities ထဲမှာ top5မှာ ထိပ်ဆုံးကတောင် ဝင်နေသေး။ အံ့ဩဘ ကံမ္ဘောဇ ပါပဲ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အလားတူဗြိတိန်တွင် ပညာအမှန်တကယ်သင်ယူချင်သည့် ကျောင်းသားကျောင်းသူများ၏အနာဂတ်မဆုံးရှုံးစေရန် နောက်ဆုံး မျှော်လင့်ချက်တစ်ခုအဖြစ် ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနထံသို့ အချက်အလက်များတင်ပြ၍ စုပေါင်းလက်မှတ်ထိုး တောင်းဆိုရန် Tun Htet Ye Yint အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူက တိုက်တွန်းထားသည်။

“One Last Hope အနေနဲ့ လောလောဆယ် ကျွန်တော်တို့လုပ်ပေးနိုင်တာက Home Office ကို အချက်အလက်အစုံအလင်နဲ့ Mailဝိုင်းပို့ပြီးတောင်းဆိုတာရယ်ဒီPetitionမှာSignဝင်လုပ်တာရယ်ပါ။အနည်းဆုံးတော့တောင်းဆိုပိုင်ခွင့်ရှိသေးသလို ဒါကမမျှတ တဲ့ကိစ္စပါပဲ။မြန်မာတွေထက်လှိမ့်ဝင်နေတာအများဆုံးကျောင်းတွေအပ်ပြီးရင်ပြီးအောင်မတက်ဘဲခိုလှုံခွင့်လျှောက်တာ အများဆုံး က ဘယ်လူမျိုးတွေလည်းဆိုတာ UK ကလူတွေအသိဆုံးပါပဲ။From 1 January 2025 to 31 December 2025 က Data ကိုအောက်ကပုံထဲမှာမြင်နိုင်ပါတယ်။ဘာမှမလုပ်ဘဲစိတ်ဝိုင်းညစ်နေမှာထက်တစ်ခုခုတော့လုပ်ကြရအောင်လေ။ရောက်ပြီးသား လူတွေ အတွက်ဆိုတာထက် ပညာတကယ်သင်ချင်တဲ့ ကလေးတွေအတွက် အနာဂတ်တစ်ခု မပျောက်သွားစေချင်လို့ပါ”ဟု Tun Htet Ye Yint အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူက ရေးသားထားသည်။

ဗြိတိန်နိုင်ငံကမြန်မာ၊ဆူဒန်၊အာဖဂန်နစ္စတန်၊ကင်မရွန်းတို့မှကျောင်းသားများကိုလည်းကျောင်းသားဗီဇာထုတ်ပေးမှု ရပ်ဆိုင်း လိုက်ကြောင်း Guardian သတင်းတွင် ဖော်ပြသည်။ ဗြိတိန်၏ ရက်ရောမှုကို အခွင့်ကောင်းယူကာ ခိုလှုံခွင့်တောင်းခံခြင်းများ ပြုလုပ်သည်ဟုဗြိတိန်ကပြောကြားခဲ့ပြီး အဆိုပါနိုင်ငံများမှလူအရေအတွက်တိုးပွားလာနေကြောင်း၊ UK တွင် ခိုလှုံခွင့်တောင်းခံရန် တရားဝင်ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်းများကိုနောက်ကွယ်မှတံခါးအဖြစ်အသုံးပြုနေကြကြောင်းဗြိတိန် ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ဗြိတိန်နိုင်ငံသည် စစ်ပွဲနှင့် နှိပ်စက်ညှဉ်းပန်းမှုမှ ထွက်ပြေးလာသူများကို အမြဲတမ်း ခိုလှုံရာပေးမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ဗီဇာစနစ်ကို အလွဲသုံးစားမလုပ်သင့်ပါ” ဟု ဗြိတိန် ပြည်ထဲရေးဝန်ကြီး မာမွတ်က ပြောကြားသည်။

ထိုကဲ့သို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးမာမွတ်က ပြောကြားချက်များနှင့်ပတ်သက်၍Myat Thunအမည်ဖြင့် လူမှုကွန်ရက် သုံးစွဲသူက "အင်္ဂလန်ပြည်ထဲရေးဝန်ကြီးမာမွတ်ကိုမေးချင်တာကဒုက္ခသည်ခံယူမှုမှာ...ပါကစ္စတန်၊အိန္ဒိယနဲ့မြန်မာ၃ခုမှာဘယ်ဒင်းကများ သလဲ။မြန်မာကိုနှိပ်ကွပ်သလိုပိတ်တာတော့ရာထူးယူထားတဲ့ပုဂ္ဂိုလ်တဦးအနေနဲ့ရှက်စရာလုပ်ရပ်ဘဲ"ဟု မြန်မာကျောင်းသားများ အား ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းကြောင်း ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်ပို့စ်တွင် Comment ရေးကာ မေးခွန်းထုတ်ထားသည်။

ထို့ပြင် Tin Aung အကောင့်ပိုင်ရှင်ကလည်း "ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်တဲ့ စာရင်းအရ ပါကစ္စတန်ကျောင်းသား ၅၇၀၀ ကျော်ဟာ ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခဲ့ပြီး ဒီပမာဏဟာ ဗြိတိန်မှာ ခိုလှုံခွင့် တောင်းခံတဲ့ ပြည်ပနိုင်ငံသားစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ မြန်မာကျောင်းသား တွေကတော့ ခိုလှုံခွင့်တောင်းခံမှု စာရင်းမှာ နည်းပါးတဲ့ပမာဏပဲ ရှိပါတယ်။ ဒီနေရာမှာ ရွှေ့ပြောင်းပါကစ္စတန်နွယ်ဖွားကနေ ဆင်းသက်လာ ဗြိတိန်ပြည်ထဲရေး ဝန်ကြီး မာမွတ်ဟာ သူရဲ့ မူရင်းမိခင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသားတွေရဲ့ ခိုလှုံခွင့်တောင်းခံမှုကိုတော့ လစ်လျူရှုရွေးချယ်ခဲ့ပြီး မြန်မာကျောင်းသားတွေကိုတော့ ဗီဇာရပ်ဆိုင်း လိုက်တယ်။ ဒီမူဝါဒဟာ ဗြိတိန်ရဲ့ အကျိုးစီးပွားကို ကာကွယ်တာမဟုတ်ဘဲ ဒါဟာ ခွဲခြားဆက်ဆံခြင်းရဲ့ ထင်ရှားတဲ့ လုပ်ရပ်ဖြစ်ပါတယ်" ဟု Comment ရေးသားထားသည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်လူဝင်မှုကြီးကြပ်ရေးစနစ်စာရင်းများအရ ဗြိတိန်နိုင်ငံတွင် ခိုလှုံခွင့်တောင်းခံသည့် ထိပ်ဆုံးနိုင်ငံ(၁၀)နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ခြင်း မရှိဘဲ ပါကစ္စတန်နိုင်ငံက ခိုလှုံခွင့်တောင်းခံသူ ၁၀၆၃၈ ဦးနဲ့ ထိပ်ဆုံး နေရာတွင် ရှိနေသည်။ ယင်းနောက်တွင် အီရီထရီးယား၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဆူဒန်၊ ဆိုမာလီယာ၊ နိုင်ဂျီးရီးယား၊ ဗီယက်နမ်နှင့် ဘရာဇီးလ်တို့က အသီးသီးရပ်တည်လျက်ရှိသည်။

ဗြိတိန်အစိုးရ၏ မြန်မာကျောင်းသားကိုဗီဇာထုတ်ပေးမှုရပ်ဆိုင်းခြင်းသည် ဗြိတိန်ရှိတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရန် အတွက်နှစ်ပေါင်းများစွာအချိန်နှင့်ငွေကြေးကုန်ကျခံရင်းနှီးမြှုပ်နှံခဲ့သည့်ကျောင်းသား၊ကျောင်းသူများနှင့်မိဘများ၏ မျှော်လင့်ချက် များကိုဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာကျောင်းသားများသည် ဥပဒေကိုလေးစားလိုက်နာပြီးပညာရေးကိုတန်ဖိုးထားကာ လူမှု အသိုင်းအဝိုင်းအပေါ် အကျိုးပြုသူများသာဖြစ်ကြောင်း၊ယခုကဲ့သို့ ကျောင်းသားဗီဇာထုတ်ပေးမှု ရပ်ဆိုင်းခြင်းကြောင့် မြန်မာ ကျောင်းသားများ၏ အခွင့်အရေး မဆုံးရှုံးသင့်ကြောင်းလည်း ထောက်ပြပြောဆိုမှုများ ရှိသည်။

"ဗြိတိန်ကိုလာပြီး ပညာသင်ကြားတဲ့ မြန်မာကျောင်းသားအရေအတွက်က အများကြီးရှိတာ မဟုတ်ပါဘူး။ သူတို့အများစုက ပညာသင်ယူဖို့၊ အလုပ်ကြိုးစားဖို့နဲ့ ကောင်းမွန်တဲ့ အနာဂတ်ကောင်းကို တည်ဆောက်ဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေပါ။ ပြီးတော့ မြန်မာကျောင်းသားတွေဟာဥပဒေကိုလေးစားလိုက်နာတယ်။ပညာကိုတန်ဖိုးထားတယ်။လူမှုအသိုင်းအဝိုင်းကို အကျိုးပြုသူဖြစ်ပါ တယ်။အကြမ်းဖက်မှုဒါမှမဟုတ်လူမှုပြဿနာတွေနဲ့ပါဝင်ပတ်သက်တာမရှိဘူး။ဒါကြောင့်ဗြိတိန်ဘက်ကဆုံးဖြတ်ချက် ချတဲ့သူတွေ အနေနဲ့ ဒီမူဝါဒကိုပြန်လည်သုံးသပ်ပြီး တရားမျှတမှုနဲ့လူတစ်ဦးချင်းအခြေအနေကို စဉ်းစားစေချင်ပါတယ်။မြန်မာနိုင်ငံက လူငယ် အများစုဟာသင်ယူဖို့နဲ့အကျိုးဖြစ်ထွန်းဖို့အခွင့်အရေးရရှိသူတွေသာဖြစ်ပြီးဒီကန့်သတ်ချက်ကြောင့်သူတို့တွေရဲ့အခွင့်အရေး မဆုံးရှုံးသင့်ပါဘူး" ဟု UK တွင် နေထိုင်သူမြန်မာတစ်ဦးက ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်ပို့စ်တွင် မှတ်ချက်ပေးထားသည်။

ထို့ပြင် ဗြိတိန်အစိုးရ၏ ဗီဇာကန့်သတ်ချက်သည်အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာလုပ်ငန်းစဉ်များကို ယာယီရပ်ဆိုင်းသည့် အခြေအနေနှင့်မတူညီကြောင်း၊ကျောင်းသားဗီဇာထုတ်ပေးခြင်းကိုရပ်ဆိုင်းခြင်းထက်StudentVisa ဖြင့် ခိုလှုံခွင့်လျှောက်ထားမှုကို ခွင့်မပြု ဟူ၍သာ ကန့်သတ်လုပ်ဆောင်သင့်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

" အမေရိကန်က တခြားနိုင်ငံရေး Issue တွေရှိလို့။ ဗြိတိန်ကတော့ မမျှတဘူး။ ဗြိတိန်က တမင်သက်သက်ကို ပိတ်တာ။ ကိုလိုနီနိုင်ငံဆိုပြီး တမင်သက်သက် နှိမ့်ချ ဆက်ဆံမှုမျိုးပဲ ဖြစ်တယ်။ ဒီမှာလည်း အားလုံးက ဒုက္ခရောက်နေတဲ့အချိန်မှာ။ အဓိကကတော့ Student Visa နဲ့ asylum ခံတယ်ဆိုရင် မပေးနဲ့ပေါ့။ မြန်မာပြည်ကလာရင် asylum မပေးတဲ့မူကိုပဲ ချလိုက်ပေါ့။ Student Visaက ဘာဆိုင်လို့လဲ။မြန်မာနိုင်ငံမှာ IGCSEက ဖြေဆိုသူ တစ်နှစ်၊တစ်နှစ်ထောင်ချီရှိတယ်။ကလေးတွေက နှစ်ပေါင်းများစွာ အချိန်ရော၊ငွေပါ အများကြီးရင်းနှီးမြှုပ်နှံမှုလုပ်ထားချိန်မှာ ဒီလိုမျိုးပိတ်တာက တော်တော်ကြီး နှိမ့်ချဆက်ဆံတာ၊ ခွဲခြားဆက်ဆံတာဖြစ်တယ်" ဟု အဆိုပါ ကျောင်းသားမိဘက ပြောကြားသည်။

အမေရိကန်အာဏာပိုင်များက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ စ၍ မြန်မာအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ရွှေ့ပြောင်း အခြေချသူများအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးသည့်လုပ်ငန်းစဉ်များကို ယာယီရပ်ဆိုင်းထားပြီး လက်တင်အမေရိက၊ ကာရစ်ဘီယံဒေသ၊ဘော်လ်ကန်ဒေသ၊တောင်အာရှ၊အာဖရိကနှင့်အရှေ့အလယ်ပိုင်းရှိနိုင်ငံအများအပြားမှဗီဇာ လျှောက်ထား သူများအပေါ်သက်ရောက်မှုရှိသည်။သို့သော်အဆိုပါမူဝါဒအပြောင်းအလဲသည်အမေရိကန်တွင်ရာသက်ပန် အခြေချနေထိုင်လို သူများကိုသာသက်ရောက်မှုရှိမည်ဖြစ်ပြီးကမ္ဘာလှည့်ခရီးသွားများ သို့မဟုတ် ကာလတိုနေထိုင်ခွင့်ဗီဇာ ကိုင်ဆောင်ထားသူများနှင့် သက်ဆိုင်ခြင်းမရှိပေ။

မြန်မာကျောင်းသားများကိုဗြိတိန်ကကျောင်းသားဗီဇာပိတ်ပင်ခြင်းသည်မသင့်လျော်သည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ဝေဖန်ထားသည်။

“ယူကေကို ရောက်လာတဲ့ နိုင်ငံတကာကျောင်းသားတွေအနက် ၂၀၂၅ အတွင်း ခိုလှုံခွင့်တောင်းခံမှုကို ကြည့်ရင် သိနိုင်တယ်။ ပြီးခဲ့တဲ့နှစ်က ယူကေမှာ ကျောင်းလာတက်နေတဲ့ မြန်မာကျောင်းသားတွေထဲက ၃၁ ရာခိုင်နှုန်း (၉၆၀ ဦး) သာ ခိုလှုံခွင့် တောင်းခံခဲ့ပြီး ကျန် ၆၉ ရာခိုင်နှုန်းက မတောင်းခဲ့ပါဘူး။အဲဒီနှစ်ထဲမှာ တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေကနေ ကျောင်းသားပေါင်း ၁၀,၃၅၀ ဦးတောင် ခိုလှုံခွင့်တောင်းခံတာမို့ မြန်မာထက် ၁၀ ဆကျော် ပိုများနေတယ်” ဟု ၂၀၀၂မှ၂၀၀၅ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ဖူး သည့် မစ္စဗစ်ကီဘိုးမင်းက ထောက်ပြသည်။

ထို့ပြင် မြန်မာကျောင်းသားများ ခိုလှုံခွင့်တောင်းခံမှု ရုတ်တရက်တိုးလာခြင်းသည် ၂၀၂၄ မှာ ပြဌာန်းတဲ့ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ကြောင်း၊ယူကေကိုလာသည့် မြန်မာကျောင်းသားများသည် ရာဇဝတ်ဂိုဏ်များကို ငွေပေးပြီး လှေငယ်များဖြင့် ခိုးဝင်လာသူများ မဟုတ်သလို ကျောင်းဗီဇာကို အသုံးပြုပြီး ယူကေကို ခိုးဝင်ရန် အသုံးချနေသူများလည်း မဟုတ်ကြောင်း မစ္စဗစ်ကီဘိုးမင်းက ရေးသားထားသည်။

“မြန်မာကျောင်းသားတွေဟာ ဗြိတိန်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုမြင့်မားတဲ့ ကျောင်းလစာတွေပေးပြီး ယူကေကျောင်းသား တွေ ကို တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနေသူတွေဖြစ်တယ်။ ကျန်းမာရေးဝန်ဆောင်မှုကြေးအဖြစ် တစ်နှစ်ကို ပေါင် ၁,၀၀၀ လောက် ပေးဆောင်နေတဲ့ ကျောင်းသားတွေဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံအနာဂတ်အတွက်သာမက ယူကေ နိုင်ငံအတွက်ပါ အကျိုးရှိသူတွေပါ။သတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့ကျောင်းသားတွေကိုဗီဇာဆက်လက်ခွင့်ပြုသင့်တယ်”ဟုသံအမတ်ကြီး ဟောင်း မစ္စဗစ်ကီဘိုးမင်းက ပြောကြားသည်။

ဗြိတိန်ဘက်က မြန်မာကျောင်းသားများကို တစ်ဖက်သတ် ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းခြင်းသည် မြန်မာနိုင်ငံနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် မျှတမှုမရှိသည့် နှိမ့်ချခွဲခြားဆက်ဆံမှုမျိုးဖြစ်ပြီး မြန်မာအစိုးရအနေဖြင့်လည်း British Council Myanmar တွင်တာဝန်ထမ်းဆောင်နေသည့် ဗြိတိန်နိုင်ငံသားများကိုဗီဇာရပ်ဆိုင်းခြင်းနှင့် British Council Myanmar အား ပိတ်သိမ်းခြင်း တို့ကို တန်ပြန်လုပ်ဆောင်သင့်ကြောင်း သုံးသပ်မှုများလည်း ရှိလာသည်။

ဗြိတိန်အစိုးရ ကျောထောက်နောက်ခံပြုသည့် British Council သည် ၁၉၃၄ တွင် စတင်ပေါ်ပေါက်ခဲ့ပြီး မြန်မာနို်င်ငံတွင် ၁၉၄၆ ခုနှစ်တွင် စတင်ဖွဲ့စည်းပေါ်ပေါက်လာခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဗြိတိန်အနေဖြင့် မြန်မာနိုင်ငံတွင် ပညာရေးဆိုင်ရာ နယ်ပယ်တွင်သာ အဓိက ဆက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး British Council တွင် UK Based စာမေးပွဲများပြုလုပ်ခြင်းနှင့် ယင်းသို့ ပညာရေးကဏ္ဍမှ ဗြိတိန်အစိုးရအနေဖြင့် နှစ်စဉ်ပေါင် သန်းရာချီ ရရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီးအဖြစ် အဆိုပြုခံရသည့် မစ္စတာ Pete Vowels အား ၎င်းအနေဖြင့် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီးနောက် သံတမန်လုပ်ထုံးလုပ်နည်းများကို အကြောင်း အမျိုးမျိုးပြကာ ရှောင်လွှဲခဲ့သည့်အတွက် ၎င်း၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့ဖူးသည်။

ထို့အပြင် မြန်မာ-ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုအရ ဆက်စပ်ပတ်သက်မှုကိုကြည့်လျှင် ၂၀၂၃ ခုနှစ်စာရင်းအရ ကုန်သွယ်မှု တန်ဖိုး ပေါင် ၂၃၇ သန်းကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်ကုန်သွယ်မှုပမာဏထက် ၃၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ၂၀၂၃ ခုနှစ်စာရင်းအရ မြန်မာသည် ဗြိတိန်၏ ကုန်သွယ်ဘက်နိုင်ငံများထဲတွင် အဆင့် ၁၁၄ နေရာ၊ (စုစုပေါင်း ၀ ဒသမ ၁ ရာခိုင်နှုန်း) မှာသာရှိပြီး လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် မရှိသလောက်နည်းပါးသွားသည်။အလားတူ မြန်မာ၏ အဓိက ကုန်သွယ်ဘက်နိုင်ငံများ စာရင်းတွင်လည်း ဗြိတိန်သည် အောက်ဆုံး အဆင့်တွင်သာ ရှိသည်။ 

ထို့ကဲ့သို့သော အခြေအနေမျိုးတွင် ဗြိတိန်အစိုးရ၏ မြန်မာကျောင်းသားအပေါ် ဗီဇာရပ်ဆိုင်းမှုသည် ခွဲခြား ဆက်ဆံမှုအများကြီး ပါဝင်ပြီး ဗြိတိန်သံရုံးအနေဖြင့်သံရုံးပိတ်ကာမြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသင့်ဟုဝါရင့်ဂျာနယ်လစ်တစ်ဦးကလည်း ဝေဖန်သည်။

"မြန်မာနဲ့ဗြိတိန်ကြားမှာအဓိကထိတွေ့ဆက်ဆံမှုကပညာရေးကဏ္ဍနဲ့ဆေးပညာကဏ္ဍပဲရှိတယ်။အဲဒါကို အခုကျောင်းသားဗီဇာ ပိတ်တယ်ဆိုတော့ မြန်မာနဲ့ဗြိတိန်ကြားမှာ ဘာဆက်ဆံမှုမှ မရှိတော့ဘူး။ ဒါဆိုရင် ဗြိတိန်သံရုံးလည်း ပိတ်ပြီး ပြန်သင့်ပြီ။ထောင်နဲ့ သောင်းနဲ့ချီတဲ့ ပညာသင်နေတဲ့ကလေးတွေကဒုက္ခရောက်ကုန်တယ်။ ဒီဗီဇာပိတ်တာကအမေရိကန်နဲ့ မတူဘူး။ဒီတော့ အစိုးရ အနေနဲ့ British Council ကလူတွေကို ဗီဇာပေး၊မပေး ပြန်သုံးသပ်သင့်တယ်။ ဒါက လူမျိုးကို နှိမ့်ချတာဖြစ်တယ်။ ဒါဟာ သူတို့က ကိုယ့်ရဲ့အကျိုးစီးပွားကာကွယ်တာမဟုတ်ဘူး။သူတို့ရဲ့ အကျိုးစီးပွားကာကွယ်ချင်တယ်ဆိုရင် StudentVisaနဲ့ လာတဲ့သူအားလုံး ကို asylumလျှောက်ခွင့်မရှိဘူးလို့ကြေညာလိုက်ရင် ပြီးနေပြီ။ အခုက လူမျိုးကို နှိမ့်ချခွဲခြားဆက်ဆံတာ။ ဒါကြောင့် ဗြိတိန်အနေနဲ့ သံရုံးပိတ်ပြီးပြန်သင့်ပြီ။အနည်းဆုံးတော့အစိုးရကBCကိုပြန်ပိတ်သင့်တယ်။ဗြိတိန်အစိုးရလုပ်ဆောင်မှုတွေက ခွဲခြားဆက်ဆံမှု တွေ အများကြီး ပါတယ်။ ဒီမိုကရေစီကို အားပေးတာမျိုး မဟုတ်ဘဲနဲ့ ငါတို့ရဲ့ ကိုလိုနီနိုင်ငံဆိုပြီးတော့ ခွဲခြားနှိမ့်ချဆက်ဆံသလို ဖြစ်နေတယ်။အဲဒီတော့ သူတို့ကိုလည်း ပြန်လွှတ်သင့်တယ်။" ဟု ၀ါရင့်ဂျာနယ်လစ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် ဗြိတိန်အစိုးရ၏ လုပ်ရပ်က ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု၊ Racial discrimination ဖြစ်နေပြီး ဗီဇာပိတ်သိမ်းခြင်းအတွက် အဓိကတာဝန်ရှိသည့် ဗြိတိန်ပြည်ထဲရေးဝန်ကြီးမာမွတ်သည် အဃာတ များ ပါနေကြောင်း၊ ဒီကိစ္စအပေါ်ဗြိတိန်အစိုးရအနေဖြင့်ပြန်လည်သုံးသပ်စဉ်းစားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

"အမေရိကန်ရဲ့လုပ်တဲ့ ဗီဇာကိစ္စက စနစ်တကျ အစဉ်လိုက်လုပ်တယ်။ဗြိတိန်လုပ်တာက မတရားသဖြင့်လုပ်တယ်။ ဒီနှစ်ခုက မတူဘူး။အမေရိကန်လည်းပိတ်တယ်။ငါတို့လည်းပိတ်မယ်လုပ်လို့မရဘူး။ဗြိတိန်လုပ်တာက ကျော်ပြီးတော့ ပိတ်တာ။မြန်မာထက် ဆိုးတဲ့တခြားနိုင်ငံတွေရှိနေပါရက်နဲ့မြန်မာကိုပိတ်တယ်။လွန်ခဲ့တဲ့၁၅နှစ်ကဗြိတိန်မှာခိုလှုံခွင့်လျှောက်တဲ့ မြန်မာဘယ်လောက်ရှိခဲ့ လို့လဲ။ဒီငါးနှစ်အတွင်းမြန်မာနိုင်ငံမှာနိုင်ငံရေးအပြောင်းအလဲတွေဖြစ်တယ်။မတည်ငြိမ်မှုနဲ့ စစ်ပွဲတွေဖြစ်တယ်။ စစ်မှုထမ်းဥပဒေကို စိုးရိမ်လို့လည်းလူငယ်တွေဟာထွက်ပြေးရတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာအပေါ်မှာ ဒီလောက်လေးတောင် သည်းမခံနိုင်တဲ့ လုပ်ရပ်ကအတော်ဆိုးတယ်။ဒါကတခြားနိုင်ငံတွေမှာပါရိုုက်ခတ်သွားနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံက ကလေးတွေ က ဗြိတိန်ပညာရေးနဲ့ ကမ္ဘာအနှံ့သွားနေတာ။ဒီလုပ်ရပ်ကအရမ်းဆိုရွားတယ်။ဗြိတိန်အစိုးရရဲ့လုပ်ရပ်ကဘာသာရေးအရ ခွဲခြား ဆက်ဆံမှု၊လူမျိုးရေးအရခွဲခြားဆက်ဆံမှု၊Racial discriminationဖြစ်နေတယ်။ဗြိတိန်ပြည်ထဲရေးဝန်ကြီးဟာ အဃာတတွေ ပါနေ တယ်။ဒါကိုဗြိတိန်အစိုးရအနေနဲ့စဉ်းစားဖို့လိုတယ်။ဒီအစိုးရကပိတ်ရင် နောက်တက်လာမယ့်ဗြိတိန်အစိုးရအနေနဲ့ ပြန်စဉ်းစားသင့် တယ်။မြန်မာနိုင်ငံကကျောင်းသားတွေအနေနဲ့ဒီကိစ္စကြောင့်အတော်အခက်အခဲကြုံနေရတယ်။ဒါကြောင့်ကျောင်းသားဗီဇာရပ် ဆိုင်းတဲ့ကိစ္စရပ်ကို ဗြိတိန်အစိုးရက ပြန်ပြီးစဉ်းစားသင့်တယ်။၁၉၄၈ခုနှစ်ကတည်းက စခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ သံတမန်ရေး လျော့ချတယ်။ အခုပညာရေးဗီဇာပိတ်တယ်။ ဒီတော့ ပညာရေးအဓိက ဆက်စပ်လုပ်တဲ့ British Council ကိုရော ပိတ်မလား၊ ဒါဆိုရင် ဗြိတိန် သံရုံးပိတ်ပြီး  ပြန်တော့လို့ပဲ ပြောရတော့မယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent