ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ အဝေးပြေးလမ်း ဟိုင်းယက်နားဝပ်ဒေါကရောက်ဘုန်းကြီးကျောင်း အနီးတွင် ရပ်ထားသည့် ကုန်တင်ယာဉ်နောက်တွဲအား မြန်မာနိုင်ငံသားမောင်းနှင်လာသည့် အိမ်စီးကားက နံနက် ၅ ခွဲခန့်တွင် တိုက်မိသဖြင့် ယာဉ်မောင်းသူ မြန်မာနိုင်ငံသားနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့ဘက်မှ မြဝတီမဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားဘက်သို့ မောင်းနှင်လာသော ငွေရောင် Toyota Avanza အမျိုးအစား ကားတစ်စီးမှာ လမ်းဘေးတွင် ရပ်တန့်ထားသော ကုန်တင် နောက်တွဲယာဉ်၏ နောက်ပိုင်းကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကား၏အရှေ့ပိုင်းတစ်ခုလုံးကြေမွပျက်စီးသွားခဲ့ပြီး ကားအတွင်းပါလာသူ မြန်မာနိုင်ငံသား အမျိုးသမီးနှင့် ယာဉ်မောင်းလာသူ မြန်မာနိုင်ငံသား နှစ်ဦးစလုံးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း၏ ဘေး၌ထိုင်လိုက်လာသူမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ယခု မွန်းလွဲ ၂ နာရီအချိန်ထိ သတိမရသေးကြောင်း မဲဆောက်မြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။
"ကားကတော့ ထိုင်းကားပါ၊ မြန်မာနိုင်ငံသို့ ပြန်ဖို့ ဘန်ကောက်ကဆင်းလာတာဖြစ်မယ်၊ ယာဉ်မောင်လာတာ မြန်မာ၊ ယာဉ်မောင်းသူရော၊ နောက်မှာထိုင်လိုက်လာတဲ့ အမျိုးသမီးပါဆုံးသွားရှာတယ်။ ယာဉ်မောင်းဘေးမှာ ထိုင်လိုက်လာတဲ့ ထိုင်းနိုင်ငံသားကလည်း ဒဏ်ရာပြင်းတယ်၊ ခုထိသတိမရသေးပါဘူး"ဟု မဲဆောက်မြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။
ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ မြန်မာနိုင်ငံသားများထံမှ တွေ့ရှိရသော အထောက်အထားများအရ (၁)အမျိုးသားတစ်ဦး မောင်ဖြိုးမင်းဦး (၂)အမျိုးသမီးတစ်ဦး မနှင်းနှင်းဝေ(Nisco ကုမ္ပဏီ)နာမည်ပါရှိသော ကုမ္ပဏီဝန်ထမ်းကတ်ကို ကိုင်ဆောင်ထားသူတို့ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ မဲဆောက်မြို့မရဲစခန်းမှ တာဝန်ရှိသူများ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ ရောက်ရှိလာပြီး ယာဉ်အတွင့် ညှပ်နေသူများအားဆွဲထုတ်ကာ ရင်ခွဲရုံသို့ ပို့ဆောင်ခြင်း၊ ဒဏ်ရာရရှိသူအား ဆေးရုံကြီးသို့ ပို့ဆောင်ခြင်းများဆောင်ရွက်ခဲ့ကြပြီး သေဆုံးသူများ၏မိသားစုဝင်များထံသို့ အကြောင်းကြားပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















