■ ကားမီးလောင်မှုများ ဆက်တိုက်နီးပါးဖြစ်ပွားနေသဖြင့် ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် မီးသတ်ဆေးဗူး ပါရှိရမည်ဆိုသည့် ညွှန်ကြားချက်ကြောင့် မီးသတ်ဆေးဗူးများ ရောင်းကောင်းပြီး ဈေးတက်

■ ကားမီးလောင်မှုများ ဆက်တိုက်နီးပါးဖြစ်ပွားနေသဖြင့် ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် မီးသတ်ဆေးဗူး ပါရှိရမည်ဆိုသည့် ညွှန်ကြားချက်ကြောင့် မီးသတ်ဆေးဗူးများ ရောင်းကောင်းပြီး ဈေးတက်
Published 22 January 2026

ကားမီးလောင်မှုများ ဆက်တိုက်နီးပါးဖြစ်ပွားနေသဖြင့် မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် မီးသတ်ဆေးဗူးပါ ရှိရမည်ဆိုသည့် ညွှန်ကြားချက်ကြောင့် မီးသတ်ဆေးဗူးများ ရောင်းကောင်းပြီး စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း မော်တော်ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

“မီးသတ်ဆေးဗူး လိုက်ဝယ်နေတာ။ တချို့ဆိုင်တွေမှာ ပစ္စည်းပြတ်လို့ ကုန်သွားတယ်တဲ့။ တချို့ဆိုင်တွေကျတော့ 1Kg ကို ခြောက်သောင်းတဲ့။ အရင်က ကားမှာဆောင်တဲ့ 1 Kg ဘူးတွေက အများဆုံးရှိမှ သုံးသောင်းခွဲလောက်ပဲရှိတာ” ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ လိုင်စင်သက်တမ်းတိုးရာတွင် မီးသတ်ဆေးဗူးပါရှိရမည်ဆိုသည့် ညွန်ကြားချက်မှာ ယခင်ကတည်းကရှိခဲ့ခြင်းဖြစ်သော်လည်း ကားမီးလောင်မှုများ ဆက်တိုက်နီးပါးဖြစ်ပွားနေသဖြင့် ပြီးခဲ့သည့် တနင်္လာနေ့မှစတင်ကာ သက်တမ်းတိုးယာဉ်များမှာ မီးသတ်ဆေးဗူးပါရှိရမည်ဟု ထပ်မံညွန်ကြားခြင်းဖြစ်သည်ဟု သိရသည်။

“မီးသတ်ဆေးဗူး ပါရမယ်ဆိုတာက အရင်ကတည်းကရှိတယ်။ ကားကြီးတွေရော အိမ်စီးကားတွေရောပေါ့။ ကားကြီးတွေက မပါရင်မရဘူး။ ကားလေးတွေကျတော့ အရင်ညွှန်ကြားချက်ရှိပေမယ့် သက်တမ်းတိုးပေးကြတယ်။ ကားလေးတွေလည်း တနင်္လာနေ့ကမှ ညွန်ကြားချက်အတိုင်း မီးသတ်ဆေးဗူးပါမှ သက်တမ်းတိုးလျှောက်လို့ရတယ်” ဟု မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် ဝန်ဆောင်မှုပေးသူတစ်ဦးက ပြောကြားသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်တွင်လည်း မော်တော်ယာဉ်များ မီးလောင်ကျွမ်းမှုကြောင့် လူသေဆုံးမှု၊ ယာဉ်နှင့်ပစ္စည်းများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ယာဉ်အမျိုးအစားအလိုက် အနည်းဆုံးဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက်

မီးသတ်ဆေးဗူးများ တပ်ဆင်ထားရန်နှင့် မော်တော်ယာဉ်စစ်ဆေးသည့်အချိန်တွင် မီးသတ်ဆေးဗူးများ တပ်ဆင်ထားခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု ဖော်ပြထားသည်။

မော်တော်ယာဉ်အမျိုးအစားအလိုက် မီးသတ်ဆေးဗူးဆောင်ရမည့် ပမာဏမှာ အိမ်စီးကား၊ ပစ်ကပ် အစရှိသည့် မော်တော်ယာဉ်များတွင် 1Kg၊ မီနီဘတ်စ်၊ လိုက်ထရပ်အစရှိသည့်ယာဉ်များတွင် 2 Kg၊ ထရပ်ကား၊ ဗင်ကားအစရှိသည့်ကားများတွင် 3 Kg၊ စီးတီးဘတ်စ်၊ ခရီးသည်တင်ဘတ်စ်ကားများ အစရှိသည့် ကားများတွင် 3kg နှစ်လုံးအထိ တပ်ဆင်ထားရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ကားမီးလောင်မှုများမှာ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ဇန်နဝါရီ ၂၂ ရက် ရန်ကုန်-မန္တလေးအမြန်လမ်း လှည်းကူးမြို့နယ်တွင် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

အလားတူပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်မြို့တွင်း သွားလာနေသည့် အိမ်စီးမော်တော်ယာဉ်အချို့ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent