ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က မိုနာကိုနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တာဟာ အသင်းဖော်တွေရဲ့ မိမိအပေါ် ယုံကြည်မှုကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဗင်နီစီယပ်စ်ဟာ ဒီရာသီမှာ အသင်းအတွက် ဂိုးအနည်းငယ်သာ သွင်းယူနိုင်ပြီး ရုန်းကန်နေရတာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့လည်း ရင်ဆိုင်နေရပြီး မိုနာကိုကို (၆-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လှောင်ပြောင်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဗင်နီစီယပ်စ်က ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ပြီး ကိုယ်တိုင် တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သလို၊ ပရိသတ်တွေရဲ့ လှောင်ပြောင်သံကိုလည်း တိတ်ဆိတ်စေခဲ့ပါတယ်။
ဗင်နီစီယပ်စ်က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူက အသင်းဖော်တွေနဲ့ အောင်ပွဲခံခြင်း၊ နည်းပြ အာဘီလိုအာနဲ့ ပွေ့ဖက်အောင်ပွဲခံခြင်းသာ ပြုလုပ်ခဲ့ပါတယ်။
''ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်အတွက်၊ ကျွန်တော့်အသင်းဖော်အားလုံးအတွက် အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အဓိကပါ။ ဘာကြောင့်လဲဆိုတော့ အားလုံးက ကျွန်တော့်အကြောင်းပြောပြီး ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြတာကြောင့်ပါ။ ကျွန်တော်က အားလုံးရဲ့ အာရုံစိုက်ခံနေရပြီး ကွင်းပြင်မှာလည်း အဲဒီလိုဖြစ်နေပါတယ်။ ကျွန်တော် ဒီလိုမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အခုအခိုက်အတန့်က အရမ်းထူးခြားပါတယ်။ ကျွန်တော် ဂိုးဖန်တီးမှုတချို့ ပြုလုပ်နိုင်ခဲ့ပြီး အသင်းဖော်တွေက ကျွန်တော့်ကို ဂိုးသွင်းဖို့ လိုသေးတယ်လို့ ပြောခဲ့ကြပါတယ်။ အသင်းဖော်တွေရဲ့ ယုံကြည်မှုက အရေးကြီးပါတယ်'' လို့ ဗင်နီစီယပ်စ်က ပြောကြားခဲ့ပါတယ်။















