■ ရေးမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

■ ရေးမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး
Published 30 December 2025

မွန်ပြည်နယ် ရေးမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၂၉ ရက် ညနေ ၄ နာရီအချိန်ခန့်က ရေးမြို့ သီရိခေမာရပ်ကွက် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ ရေးခရိုင်ရဲတပ်ဖွဲ့ရုံးမှ အသက် ၅၀ အရွယ် တပ်ကြပ်ကြီး ဘုန်းမြင့် ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ရေးမြို့မရဲစခန်းဘက်သို့ မောင်းနှင်လာစဉ် ယင်းသီရိခေမာရပ်ကွက် အမှတ် (၈) ပြည်ထာင်စုလမ်းမကြီးပေါ်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး "သေနတ်သံ လေးချက်လောက် ကြားလိုက်ရတယ်။ ဆိုင်ကယ်ရော လူပါ ကားလမ်းဘေး ရေမြောင်းထဲ ကျသွားတာလို့ သိရပါတယ်" ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ၎င်းတို့ အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းအချိန်ကလည်း  နိုင်လှုံကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ နိုင်ထွဋ်နှင့် ယင်းကျးရွာနေ မင်းရောဒ့် ဆိုသူနှစ်ဦးကို NMSP (AD) အဖွဲ့က  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့‌သေးကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent