■ ယင်းကုမ္ပဏီတွင် အာမခံကြေးပေးသွင်းထားသူများကို မည်သို့ရှင်းလင်းပေးမည်ကို တိတိကျကျ မသိရှိရသေးဘဲ မေးခွန်းထုတ်ဝေဖန်မှုများရှိနေ
အမေရိကန်၏ ထိပ်တန်းအာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Chubb မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ်နေမှုနှင့် ပတ်သက်ပြီး အာမခံကြေးပေးသွင်းထားသူများက မေးခွန်းထုတ်ဝေဖန်မှုများရှိနေကြောင်း သိရသည်။
၁၇၉၂ ခုနှစ်က အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် စတင်တည်ထောင်ခဲ့သည့် Chubb ကော်ပိုရေးရှင်း၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Chubb အာမခံကုမ္ပဏီမှာ ကမ္ဘာတဝှမ်း ဝန်ထမ်းအင်အား သုံးသောင်းကျော်နှင့် လည်ပတ်နေပြီး ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ် အစရှိသည့် နိုင်ငံပေါင်း ၅၄ နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသည်။
၂၀၁၉ ခုနှစ် ဧပြီ ၈ ရက်တွင် အဆိုပါကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် အသက်အာမခံကုမ္ပဏီခွဲတစ်ခု လုပ်ကိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရရှိခဲ့သည်။
ခြောက်နှစ်ကျာ်အကြာတွင် ယင်းကုမ္ပဏီမှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု လူမှုကွန်ရက်တွင် သတင်းဖော်ပြမှုများရှိနေပြီး လတ်တလောတွင်လည်း အာမခံနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို ရပ်နားထားသည်ဟု သိရသည်။
ယင်းသို့ရပ်နားခြင်းမှာ ဒီဇင်ဘာ ၁၂ ရက်က စတင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်နေသူအချို့နှင့် အာမခံကိုယ်စားလှယ်အသိုင်းအဝိုင်းထံမှ သိရသည်။
" သိရသလောက်တော့ ၁၂ ရက်နေ့ကစပြီး Chubb အာမခံကိုယ်စားလှယ်တွေသုံးနေတဲ့ system တွေ သုံးမရဖြစ်သွားတာ" ဟု အဆိုပါကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
လူမှုကွန်ရက်တွင် ပျံ့နှံလျက်ရှိသည့် Chubb life insurance myanmar limited က ထုတ်ပြန်သည်ဆိုသည့်စာအရ လုပ်ငန်းလည်ပတ်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် စီးပွားရေးပတ်ဝန်းကျင်အခြေအနေတို့ကို ကျော်လွှားနိုင်ခြင်းမရှိသည့်အတွက် အာမခံလုပ်ငန်းလိုင်စင် ပြန်လည်အပ်နှံရန်နှင့် ကိုယ်စားလှယ်ရုံးတို့အားပိတ်သိမ်းရန် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သို့ စာဖြင့်ပေးပို့တင်ပြခဲ့သည်ဟု ဖော်ပြထားသည်။
အာမခံပေါ်လစီရှင်များ၏ အကျိုးစီးပွား ထိခိုက်မှုမဖြစ်ပေါ်စေရန်နှင့် လျော်ကြေးဖြစ်ပေါ်မှုအား ကာကွယ်နိုင်ရန်အတွက် ရောင်းချထားပြီးသော အာမခံ ပေါ်လစီများကို ဒီဇင်ဘာ ၁၅ ရက်မှစတင်ပြီး ရပ်ဆိုင်းဖျက်သိမ်းသွားမည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်ဆိုသည့်စာတွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၅ ရက်အထိ အကျုံးဝင်သော အာမခံပေါ်လစီများ၏ ပေါ်လစီရှင်များကို အာမခံပေးသွင်းထားသည့် ပရီမယံများ၏ ၁၀၀ ရာခိုင်နှုန်းအား ပြန်လည်ပေးအပ်ခြင်း (သို့မဟုတ်) ခုနှိမ်စရာများရှိပါက ပေါ်လစီစည်းမျဉ်းစည်းကမ်းအတိုင်း ခုနှိမ်ပြီး ပြန်လည်ပေးအပ်ခြင်းကို ဆောင်ရွက်ပေးမည်ဟု ကုမ္ပဏီက ထုတ်ပြန်သည်ဆိုသည့် စာတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ကုမ္ပဏီဘက်က ဖျက်သိမ်းပြီး ထွက်ခွာရန် ဆောင်ရွက်ခြင်းတွင် အာမခံပေါ်လစီရှင်များ၏ ပျက်ကွက်မှုမဟုတ်ဘဲ ကုမ္ပဏီဘက်က ပျက်ကွက်ခြင်းဖြစ်ကြောင်း၊ အာမခံပေါ်လစီရှင်များက ပေးသွင်းငွေကို အပြည့်အဝ မပေးသွင်းနိုင်သည့် အချိန်တွင် ပေးသွင်းငွေအားလုံး ဆုံးရှုံးခြင်းများရှိသည့်အချိန်တွင် ကုမ္ပဏီဘက်က ပျက်ကွက်ချိန်တွင် မည်သည့်ပေးလျော်မှုမျှ မရှိသည့်အပြင် ပေးသွင်းငွေများအနက် ခုနှိမ်စရာရှိသည်များကို ခုနှိမ်ပြီးမှသာ ပြန်လည်ပေးအပ်မည်ဆိုသည့်အပေါ်တွင် မေးခွန်းထုတ် ဝေဖန်မှုများလည်း ရှိနေသည်။
အာမခံလုပ်ငန်းမှာ ရောင်းချရာတွင် ယုံကြည်မှုကို ရောင်းချရခြင်းဖြစ်ပြီး ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခုက လုပ်ငန်းရုပ်သိမ်းပြီး ပြန်လည်ထွက်ခွာခြင်းမှာ အာမခံလောကအတွက် ရိုက်ခတ်မှုများရှိသည်ဟု အာမခံကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။
" Chubb က ဒီမှာဆို ထိပ်တန်း ငါးခုထဲမှာပါတယ်။ Chubb၊ AIA၊ ဒိုင်အိချိ၊ Manulife တို့လိုပဲ ဈေးကွက်ထဲမှာ တန်းတစ်ခုရှိတယ်။ အခုလိုအခြေအနေဖြစ်လာတော့ လူတွေကြားထဲမှာ သို့လော သို့လောတွေ ဖြစ်လာတာပေါ့။ အာမခံလုပ်ငန်းကိုယ်စားလှယ်ဆိုတာက ယုံကြည်မှုကို ရောင်းချရတာ။ ဒီမှာက အာမခံလုပ်ငန်း Born ဖြစ်လာတာ ဆယ်နှစ်တောင် မပြည့်သေးဘူး။ အခုနောက်ပိုင်းမှာတော့ လူတွေက ယုံကြည်မှုရှိလာတာ တွေ့ရတယ်။ အခုလို ထွက်သွားတော့ အနည်းနဲ့အများတော့ ဒီလောကကို ရိုက်ခတ်တယ်။ Customer ဘက်ကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပေါ့။ ပြီးတော့ ခုနက ပြောသလိုပေါ့။ ငွေကြေးဖောင်းပွမှုနဲ့တွက်ရင်လည်း အခုချိန်မှာ ပြန်ရတဲ့ပမာဏဆိုတာက အရင်ကပမာဏနဲ့တွက်ရင် သုံးစွဲရတဲ့အပိုင်းကအစ နစ်နာတာတွေဖြစ်လာတာပေါ့။ ဒါကိုလည်း အာမခံကိုယ်စားလှယ်တစ်ယောက်အတွက် Customer က မေးလာရင် စိန်ခေါ်မှုတစ်ရပ်ပဲလို့ ဆိုရမယ်။ ကျွန်တော်တို့အတွက် ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းပဲပေါ့" ဟု အာမခံကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။
လက်ရှိအခြေအနေတွင် ယင်းကုမ္ပဏီတွင် အာမခံထားရှိသူများနှင့် ကုမ္ပဏီအကြား သဘောတူချုပ်ဆိုထားသည့် အချက်အလက်များပေါ်တွင်သာ မူတည်နေနိုင်သည်ဟု ၎င်းက ဆက်လက်သုံးသပ်သည်။
"Local ကုမ္ပဏီလေးတစ်ခုတောင် ကုမ္ပဏီဖျက်သိမ်းမယ်ဆို အဆင့်ဆင့်လုပ်ရတာတွေရှိတော့ အနည်းဆုံး လေးငါးလလောက်ကြာတယ်။ အခုက နိုင်ငံတကာ အာမခံကုမ္ပဏီဆိုတော့ သူလည်း Image တော့ အထိမခံဘူးလို့မြင်တယ်။ သူတို့လည်း စာရင်းရှင်းတာတွေ ဘာတွေနဲ့ဆိုရင် ကြာမှာပဲ။ ပြီးတော့ ဘဏ်တွေလိုပဲ။ အာမခံကုမ္ပဏီလုပ်ပြီဆိုရင် ဝန်ကြီးဌာနဘက်ကို အာမခံထားရတဲ့ ငွေကြေးရှိတယ်။ အဲ့ဒါကို အာမခံထားတဲ့သူတွေအတွက် ဘယ်လိုစီမံခန့်ခွဲမလဲ။ ပြီးတော့ ကုမ္ပဏီနဲ့ အာမခံထားတဲ့သူတွေရဲ့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ပေါ့။ အဲ့ဒါတွေလည်း ကြည့်ရမှာပေါ့" ဟု အာမခံကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။
ထို့ပြင် အာမခံထားရှိသူများကို ငွေများ ၁၀၀ ရာခိုင်နှုန်း ပြန်ထုတ်ပေးသည်ဆိုသည်မှာ ပုံရိပ်ကျဆင်းခြင်းမှ ကာကွယ်ရန်ဖြစ်သော်လည်း အာမခံထားရှိသူအနေဖြင့်မူ အကာအကွယ်မဲ့သွားခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်သည်။
အာမခံထားရှိငွေပေးသွင်းသူများအနေဖြင့် ငွေများ ပြန်ယူမည်ဆိုသည့် နည်းလမ်းထက် အခြားအာမခံ ကုမ္ပဏီတစ်ခုခုထံ လွှဲပြောင်းပေးနိုင်ခြင်းရှိ မရှိကို မေးမြန်းပြီး လွှဲပြောင်းပေးခြင်းကိုသာ ရယူသင့်သည်ဟု အာမခံကိုယ်စားလှယ်အချို့က ပြောကြားသည်။
" ငွေပြန်ယူလိုက်တာထက် သင့်ရဲ့ ပေါ်လစီကို အခြားခိုင်မာတဲ့ ကုမ္ပဏီတစ်ခုဆီ လွှဲပြောင်းပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဥပဒေအရ ကုမ္ပဏီတစ်ခု ထွက်ခွာရင် အခြားကုမ္ပဏီတစ်ခုက ဆက်ခံဖို့ စီစဉ်ပေးရတာက ပိုပြီး အစဉ်အလာရှိပါတယ်။ ငွေပြန်ယူမယ့်အစား "ငါ့ရဲ့ အာမခံသက်တမ်းနဲ့ အကျိုးခံစားခွင့်တွေကို အခြားဘယ်ကုမ္ပဏီက ဆက်လက်တာဝန်ယူပေးမလဲ" ဆိုတာကို အရင်မေးပါ။ နိုင်ငံတကာကုမ္ပဏီတစ်ခုအနေနဲ့ ပရီမီယံ ၁၀၀ ရာခိုင်နှုန်း ပြန်ပေးတယ်ဆိုတာဟာ သူတို့ဘက်က တာဝန်ကျေပြချင်တာမျိုး ဖြစ်နိုင်ပေမဲ့ အာမခံထားသူဘက်ကတော့ "အကာအကွယ်မဲ့သွားခြင်း (Loss of Protection)" ဆိုတဲ့ နစ်နာမှု ရှိနိုင်တာကို အမြဲသတိပြုသင့်ပါတယ်" ဟု အာမခံကိုယ်စားလှယ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ အမေရိကန်မှ နာမည်ကြီး အသက်အာမခံကုမ္ပဏီအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် ရှင်းလင်းအသိပေးသင့်ကြောင်း အသက်အာမခံပေးသွင်းထားသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
" နှစ် ၂၃ဝ ကျော်သက်တမ်းရှိ နိုင်ငံ ၅၀ ကျော်မှာ လုပ်ငန်းခွဲတွေရှိထားတဲ့ CHUBB အနေနဲ့ အကြောင်းကြောင်းကြောင့် လုပ်ငန်းဆက်မလုပ်နိုင်ရင်လည်း Client တွေကို တရားဝင်အသိပေးပြောကြားပြီး တာဝန်ယူမှုရှိစွာ ဆောင်ရွက်ပေးသင့်တာပေါ့။ Risk Management ဆိုတဲ့ စကားလုံးကို တွင်တွင်ပြောပြောနေတဲ့ ကုမ္ပဏီက အခုတော့ Letter Head တောင် မပါတဲ့ Plain စာရွက်ပေါ်ကနေ ထုတ်ပြန်ထားတဲ့ စာတစ်စောင်နဲ့ လုပ်ငန်းရပ်ဆိုင်းတယ်ဆိုတာကတော့ Smart ဖြစ်မနေဘူးပေါ့။ ရုပ်ပေါက်လွန်းတယ်ပေါ့ဟယ်။ အကာအကွယ်လိုချင်လို့သာ အာမခံကို ဝယ်ခဲ့တာမို့ အာမခံ Cover မရရှိတာဟာ ကျမတို့ပေါ်လစီရှင်တွေအတွက် လုံးဝ Fair မဖြစ်ဘူး" ဟု အသက်အာမခံကြေးပေးသွင်းထားသူတစ်ဦးက ပြောကြားသည်။
ယင်းကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ငွေပြန်အမ်းသည်ဆိုပါကလည်း ယခုခေတ်အခြေအနေ၏ ငွေဖောင်းပွ မှုနှုန်းနှင့်တွက်ချက်ပါက ပေါ်လစီရှင်များအတွက် နစ်နာမှုများရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် တိုက်ရိုက်ဆောင်ရွက်နေသည့် အာမခံကုမ္ပဏီများမှာ Chubb၊ AIA၊ DAI-ICHI၊ Prudential၊ Manulife ကုမ္ပဏီများဖြစ်သည်။
ပြည်ပရင်းနှီးမြုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြုပ်နှံမှု ဖက်စပ်လုပ်ကိုင်သည့် အာမခံကုမ္ပဏီများမှာ CB life၊ Capital Taiyo၊ Grand Guardian Nippon life တို့ဖြစ်သည်။
ပြည်တွင်းရင်းနှီးမြုပ်နှံမှု အာမခံကုမ္ပဏီများမှာ KBZ life၊ အောင်သစ္စာဦး၊ အောင်မြင့်မိုရ်မင်း၊ First National Insurance၊ ဧရာမြန်မာ၊ Global life၊ Young Insurance၊ A life၊ Excellence Fortune life တို့ဖြစ်ပြီး နိုင်ငံပိုင်အာမခံကုမ္ပဏီမှာ မြန်မာ့အာမခံလုပ်ငန်းတို့ဖြစ်သည်။















