■ မလေးရှားရှိ စက်ရုံတစ်ရုံကို ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် ပြည်ပလုပ်သား ၃၅၆ ဦးကို ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံသား ၂၉၉ ဦးပါဝင်ကြောင်း သိရ

■ မလေးရှားရှိ စက်ရုံတစ်ရုံကို ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် ပြည်ပလုပ်သား ၃၅၆ ဦးကို ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံသား ၂၉၉ ဦးပါဝင်ကြောင်း သိရ
Published 18 December 2025

မလေးရှားရှိ စက်ရုံတစ်ရုံကို ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် ပြည်ပလုပ်သား ၃၅၆ ဦးကို ဖမ်းဆီးရမိရာ မြန်မာနိုင်ငံသား ၂၉၉ ဦးပါဝင်ကြောင်း မလေးရှားနိုင်ငံမှလာသောသတင်းများအရ သိရသည်။

ဒီဇင်ဘာ ၁၆ ရက်တွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံတစ်ရုံကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားမဝင်လုပ်ကိုင်နေသည့် ပြည်ပလုပ်သား ၃၅၆ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့်နိုင်ငံခြားသား ၃၅၆ ဦးတွင်မြန်မာအမျိုးသား ၂၄၆ ဦး၊ အမျိုးသမီး ၅၃ ဦး၊ ပါကစ္စတန်နိုင်ငံသားသုံးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၆ ဦး၊နီပေါနိုင်ငံသား တစ်ဦး၊ အိန္ဒိယနိုင်ငံသား ၂၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦး၊ နီပေါနိုင်ငံသား တစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံအမျိုးသမီး သုံးဦးပါဝင်ကြောင်း သိရသည်။

အဆိုပါစက်ရုံအား ဝင်ရောက်စစ်ဆေးရာတွင် အလုပ်ရှင်က ပြည်ပနိုင်ငံသားများကို ခန့်အပ်ရာတွင် မလေးရှားအစိုးရက သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်နေပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအချို့ကိုလည်း ချိုးဖောက်ထားကြောင်း၊ ဖမ်းဆီးခံရသည့် အလုပ်သမားများမှာလည်း တရားမဝင်ခရီးသွားစာရွက်စာတမ်းများနှင့် အလုပ်လုပ်ခွင့်လက်မှတ်များမပါဘဲ အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါဖမ်းဆီးရမိမှုတွင် ပြည်ပနိုင်ငံသားအလုပ်သမားများသာမက ဒေသခံ မလေးရှားနိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးရမိသူများကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး လတ်တလောတွင် ဂျိုဟိုးပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Most Read

Most Recent