မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်

မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်
Published 25 November 2025

အသက် ၈၉ နှစ်အရွယ်ရှိ မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဆရာကြီးမှာ နိုဝင်ဘာ ၂၅ ရက် နံနက် ၅ နာရီ ၅၅ မိနစ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော့်ဘဝရဲ့ကျေးဇူးရှင်မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ဒီနေ့မနက် ၅ နာရီ ၅၅ မိနစ်မှာ ကွယ်လွန်သွားရှာပါပြီ" ဟု ဂုဏ်ထူးဦးအောင်ခိုင်က ပြောကြားသည်။

လက်ရှိတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို နေအိမ်တွင် ထားရှိပြီး နိုဝင်ဘာ ၂၇ ရက် နေ့လည် ၃ နာရီတွင် မြောက်ဥက္ကလာပရှိ ရေဝေးသုသာန်၌ သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဆရာကြီးကို မြန်မာတိုင်းရင်းသမားတော်ကြီး ဦးဓန၊ အမိ မူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစိန်တို့မှ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာတွင် မွေးဖွားခဲ့သည်။

မုံရွာမြို့၊ အမှတ် (၂) အထကမှ ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို တနိုင်ငံလုံး၌ တဦးတည်းသော မြန်မာစာဂုဏ်ထူးရှင်အဖြစ် အောင်မြင်ခဲ့သူဖြစ်ပြီး အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားဘဝ စာပေပြိုင်ပွဲများ၌ ပထမဆုပေါင်း ၂ဝ ကျော် ရရှိခဲ့သည်။

မြန်မာစာ အဖြေကျော် (ဆရာတင်မိုးနှင့်) ၁၉၅၈၊ဘဝကြေးမုံ စာကြေးမုံ (စာဆိုတို့၏ ဘဝနှင့်စာပေ) ၁၉၅၉၊  ဂုဏ်ထူး စာစီစာကုံးများ ၁၉၆၂၊ ညောင်းရွက်ကယ်တည့် ကလေဟန် (လုံးချင်းဝတ္ထု) (ဆရာမင်းဏီနှင့်) ၁၉၆၃၊ တော်ဝင်စာမွန် (ဦးသန်းထွန်းနှင့်) (The Royal Essays) ၁၉၆၄၊ စာယဉ်စာစီစာကုံးများ ၁၉၆၄၊ လမ်းသစ်စာစီစာကုံးများ ၁၉၆၄၊ လူရည်ချွန် စာစီစာကုံးများနှင့် နှစ်စဉ်ထုတ် အဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်း၊ သင်ရိုးကုန် စာအုပ်များ၊ အထူးထုတ်များ ၁၉၆၄၊ မြန်မာစာပေ အထွေထွေ ၁၉၆၅၊ ဂုဏ်ထူးသတ်ပုံကျမ်း ၁၉၆၆၊ ကဗျာပန်းမြိုင် ၁၉၆၆၊ ဆရာလွတ် မြန်မာစာစီစာကုံး ၁၉၆၇၊ မြန်မာ့ဇာတ်သဘင်သမိုင်း (၁၉၆၃ ခုနှစ်၊ အနုပညာစာပေ တတိယဆု) ၁၉၆၈၊  မြန်မာ့ရုပ်စုံသဘင် (အမျိုးသား စာပေဒုတိယဆု) ၁၉၆၈၊ ဆရာလွတ် မြန်မာစာစီစာကုံး ၁၉၆၈၊ မြန်မာစာဋီကာ ၁၉၆၈၊ မြန်မာ စာစီစာကုံးများ ၁၉၉၂၊ပန်းစံပယ် စာစီစာကုံးများ ၂၀၀၂၊ ရွှေဒေါင်းတောင် စာစီစာကုံးများ ၂၀၀၃၊ ရွှေပြည်တန် စာစီစာကုံးများ ၂၀၀၃နှင့် ဂုဏ်ထူးမော်ကွန်း၊ ရွှေရတု စာစီစာကုံးများ ၂၀၀၆ ထုတ်ဝေခဲ့သည်။

Most Read

Most Recent