ချောင်းဆုံမြို့နယ်၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းပါ စာရွက်အား ဆုတ်ဖြဲခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦးအား ရွေးကောက်ပွဲကာကွယ်ရေးဥဒေဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက် ညနေပိုင်းအချိန်က ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံတွင် ကပ်ထားသည့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းပါ စာရွက်အား ဆုတ်ဖြဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းပါ စာရွက်အား ဆုတ်ဖြဲခဲ့သူမှာ အဆိုပါ ကွမ်ရိုက်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့် ဆိုသူဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် ၎င်းအား နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၎င်း၏ နေအိမ်၌ သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်သည့်အချိန်တွင် ဦးကျော်မြင့်သည် အရက်သောက်ထားသဖြင့် အနည်းငယ်မူးနေပြီး စာရွက်အား မဆုတ်ဖြဲခင်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ခဲဖြင့် ပစ်ပေါက်ခဲ့သေးကြောင်း သိရသည်။
ထို့ကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းပါ စာရွက်အား ဆုတ်ဖြဲခဲ့သူ ဦးကျော်မြင့်ကို ချောင်းဆုံမြို့မရဲစခန်းမှ (ပ) ၁၂၆/၂၀၂၅ ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) အရ အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။















