ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ဖမ်းဆီးရမိသည့် ကျပ် ၁၃၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြှုပ်ဖျက်ဆီးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဓာတုဆေးဝါးများ တိုက်ဖျက်ရေးကို ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းအသီးသီးတို့၏ စုပေါင်းအားဖြင့် စစ်ဆင်ရေး တစ်ရပ်သဖွယ် အစဉ်အဆက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကိုလည်း နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ဒေသတွင်းအဆင့် အခမ်းအနားများဖြင့် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ် ပစ္စည်းများအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ညွှန်ကြားချက်အရ ဒေသတွင်း မီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၌ ကျင်းပပြုလုပ်ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် မူဆယ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဌ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးက မူးယစ် ဆေးဝါးများနှင့် ထိန်းချုပ် ဓာတု ဆက်စပ်ပစ္စည်းများကို မီးရှို့/မြေမြှုပ် ဖျက်ဆီးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက မီးရှို့/မြေမြှုပ်ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။
ထို့နောက် မူဆယ်မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားရှိသည့် မူးယစ်ဆေးဝါးမှု ၁၉ မှု၊ ဓာတုဆက်စပ်ပစ္စည်းအမှု ၁၀ မှု၊ စုစုပေါင်း ၂၉ မှု တို့မှ သက်သေခံပစ္စည်းများ ဖြစ် သည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၃၇၅ ပြား၊ ကတ်တမင်း ၀ ဒသမ ၁၁၇၉ ကီလို၊ HAPPY WATER ၀ ဒသမ ၇၅၁ ကီလို၊ ဘိန်းဖြူ ၁ ဒသမ ၄၁ ကီလို၊ ခတ်ခူး ၀ ဒသမ ၀၀၆ ကီလို၊ ဘိန်းဆီခဲ ၀ ဒသမ ၃၄၄၀၄ ကီလို၊ ဆေးခြောက် ၁ ဒသမ ၃၇၅ ကီလို၊ METHYLAMINE ၅၂၀ လီတာ၊ THIONYL CHLORIDE ၁၂၀၀ လီတာ၊ BENZENE ၁၀၀ လီတာ၊ အရိုးမီးသွေး ၁၈၆၂ ဒသမ ၇၉၇၅၊ SODIUM ETHOXIDE ၂၄၁၉ ဒသမ ၈၇၉၊ CAUSTIC SODA ၅၅၄၉ ဒသမ ၇၇၈ ကီလို၊ SODIUM BISULFITE ၇၃၅ ဒသမ ၉၂ ကီလို၊ POTASSIUM CHLORIDE ၄၁၈ ဒသမ ၅၉ ကီလို၊ SODIUM CHLORIDE ၃၂၉ ဒသမ ၀၄ ကီလို စုစုပေါင်းတန်ဖိုး ကျပ် ၁၃၂ ဒသမ ၁၃၂ သန်းကျော်ကို မီးရှို့ဖျက်ဆီးခြင်း၊ မြေမြှုပ်ဖျက်ဆီးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများသည် မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြှုပ်ဖျက်ဆီးခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြားကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ဓာတုဆေးဝါးများ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သည့် တိုက်ဖျက်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















