ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက် ​ဆွေး​နွေး

ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက် ​ဆွေး​နွေး
Published 9 November 2025

(၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (43rd ASEANAPOL Conference) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Grand Hyatt Erawan ဟိုတယ်၌ ၂၀၂၅ ခုနစ် နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ​ဆွေး​​​နွေးခဲ့​ကြောင်း သိရသည်။

အဆိုပါညီလာခံတွင် ဖွင့်ပွဲအခမ်းအနား၌ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့၊ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Kittharath Punpetch က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Anutin Charnvirakul က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကာ

ညီလာခံသို့ အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များ၊ ဒုတိယရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးနှင့်အရာရှိများ၊ ဆွေးနွေးဘက် များဖြစ်သော ဩစတြေးလျနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တူကီယဲနိုင်ငံ၊ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အမေရိကန်အမျိုးသားထောက်လှမ်းရေးဗျူရို (Federal Bureau of Investigation-FBI) နှင့် လေ့လာဖက်များဖြစ်သော ကနေဒါနိုင်ငံ အပြည်ပြည်ဆိုင်ရာရဲချုပ်များအသင်း (International Association of Chiefs of Police-IACP)၊ ပြင်သစ်နိုင်ငံ၊ ဖီဂျီနိုင်ငံ၊ တီမောလက်စ်တီနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-CRC)၊ အီတလီနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ပင်လယ်ကွေ့နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (Gulf Cooperation Council Police-GCCPOL) တို့မှ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်များ၊ ဒုတိယရဲချုပ်များ၊ အကြီးတန်းရဲအရာရှိကြီးများနှင့်ကိုယ်စားလှယ်များစုစုပေါင်း ၂၂၀ ဦးခန့် တက်ရောက်ခဲ့​ကြောင်း သိရသည်။

ထို့ပြင် ညီလာခံကာလအတွင်း ကော်မရှင် အေ၊ ဘီ၊ စီ အစည်းအဝေးများကို သီးခြားစီကျင်းပခဲ့ပြီး အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာအဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကာ အစည်းအဝေးများ၌ မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ငွေကြေးဆိုင်ရာမှုခင်း၊ ဆိုက်ဘာမှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာမှုခင်းစသည့် မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံရဲအဖွဲ့အီလက်ထရောနစ် သတင်းအချက်အလက်စနစ် (Electronic ASEANAPOL Database System-e-ADS) အသုံးပြုမှုမြှင့်တင်ရေး၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အကူအညီပေးရေး (Mutual Assistance in Criminal Matters)၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများအကြား သင်တန်းသားများအပြန်အလှန် စေလွှတ်ရေးနှင့် အာဆီယံရဲအဖွဲ့၏ မှုခင်းဆေးသိပ္ပံကွန်ရက် (ASEAN Police Forensic Science Network- APFSN) အသုံးပြုမှုမြှင့်တင်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့​ကြောင်း သိရသည်။

ထို့အတူ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နှင့် လေ့လာဖက်နိုင်ငံ/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ရသော ပထမအကြိမ်စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ကအဖွင့်အမှာစကားပြောကြားကာ (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံပူးတွဲကြေညာချက် (42rd Joint Communique-42rd JC) အပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ အစီရင်ခံစာအကျဉ်းချုပ်ကိုဖတ်ကြားခဲ့ပြီး​​နောက် အာဆီယံ ရဲအဖွဲ့ညီလာခံ ဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့၊ ရဲချုပ်ထံသို့ အစီရင်ခံစာအကျဉ်းချုပ်နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့​ကြောင်း သိရသည်။

ယင်းအပြင် (၁၄)ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး၌ ဆွေးနွေးခဲ့သည့်အချက်များကို ထပ်မံဆွေးနွေးအတည်ပြုသည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်း၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးဖက် နိုင်ငံ/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံ၍အာဆီယံ ရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

ညီလာခံတက်​ရောက်ခဲ့သည် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးမှအလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတို့သည် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ထံသွားရောက် တွေ့ဆုံဂါရဝပြုခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

 (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံပူးတွဲကြေညာချက် (43rd Joint Communique- 43rd JC) အား အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကလက်မှတ်ရေးထိုးခဲ့ကာ 43rd JC ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲဖော်ပြမည့် အွန်လိုင်းအသုံးပြုလိမ်လည်မှု ကျူးလွန်နေသော အဖွဲ့အစည်းများအား နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာပူးတွဲကြေညာချက် (Bangkok Joint Declaration on eliminating scam centres linked to trafficking in persons for forced criminality) အတည်ပြုခဲ့​ကြောင်း သိရသည်။

Photo. MOI, IACP

Most Read

Most Recent