မော်လမြိုင်မြို့ အပါအဝင် မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရ

မော်လမြိုင်မြို့ အပါအဝင် မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရ
Published 9 November 2025

မော်လမြိုင်မြို့ အပါအဝင် မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မွနိပြည်နယ်အတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင် ယခင်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီများ  တင်သွင်းရောင်းချနေသော်လည်း ပြီးခဲ့သည့် အောက်တိုဘာလ နောက်‌ဆုံးအပတ်အတွင်းမှစတင်ကာ မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ ရာဇာမင်းစက်သုံးဆီငိုလှောင်ကန်များမှတဆင့် ဖြန့်ဖြူးနေကြောင်း စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး "စက်သုံးဆီတင်သင်္ဘောကနေ ဆီကန်ထဲထည့်တယ်။ အဲ့ဒီဆီကန်တွေကနေ ဆီဘောက်ဆာကားတွေထဲ ဆီထည့်ချိန်ကကြာနေတော့ ဆီကားတွေက ထွက်မလာနိုင်ဘူးဖြစ်နေတာလို့ သိရတယ်။ မော်လမြိုင်မြို့ပေါ်မှာတော့ အလှည့်ကျဖြန့်နေပေမယ့် လုံလောက်မှုတော့ မရှိဘူး။ အဲ့ဒီတော့ စက်သုံးဆီတွေ ပြတ်လပ်သလိုဖြစ်နေတယ်" ဟုပြောကြားသည်။

ထို ကတုံးပေါ်ဆိပ်ကမ်းတွေလည်း စက်သုံးဆီတင်ဘောင်ဆာယာဉ်အများအပြားစောင့်ဆိုင်းနေရကြောင်းလည်း ၎င်းကဆိုသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုပြောဆိုမှုများရှိသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန်တွင် တချို့သော စက်သုံးဆီအရောင်း မရောင်းဆိုင်များ ဈေးတင်ရောင်းချနေကြကြောင်းနှင့် ပြင်ပမှောင်ခိုဈေးကွက်အတွင်း ဓါတ်ဆီတစ်လီတာလျှင် (၅၀၀၀) ကျပ်ဖြင့် ဝယ်နေကြရကြောင်း  မော်လမြိုင်မြို့ခံ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး "စက်သုံးဆီက ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတော့ ကျနော်တို့လို အမြဲတမ်းအသုံးပြုနေရသူတွေ အခက်အခဲဖြစ်ရပါတယ်။ စက်သုံးဆီရောင်းချပေးတဲ့အချိန်မှာလည်း အချိန်အကြာကြီးစောင့်ပြီးမှ အကန့်အသတ်နဲ့ ထည့်ရတယ်။ အဲ့ဒီတော့ ပြင်ပက ဆိုင်တွေမှာပဲ ကြုံသလိုဆီထည့်ရတော့ ငွေပိုကုန်တယ်" ဟု ပြောကြားသည်။

ထို့အတူ ယခုကာလသည် စပါးရိတ်သိမ်းရသည့် ကာလဖြစ်သည့်အတွက်ကြောင့် စက်သုံးဆီပြတ်လပ်‌နေ၍ လယ်သမားများ အခက်အခဲနှင့်ကြုံတွေနေရကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

"ဒီနှစ် စပါးရိတ်သိမ်းရတဲ့ကာလမှာ မိုးရွာနေတော့ စပါးတွေအချိန်မီရိတ်သိမ်းနိုင်ဖို့က စက်ယန္တရားတွေကို အသုံးပြုရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ဒါပေမယ့် စက်သုံးဆီကပြတ်နေတော့ စပါးမရိတ်နိုင်ဘူး။ မိုးထိတော့ စပါးတွလည်း ပျက်ကုန်တယ်။ ဒီနှစ်မိုးစပါးမှာ တောင်သူတွေအထိနာကုန်တယ်" ဟု ပေါင်မြို့နယ်မှ လယ်သမားတစ်ဦးကပြောကြားသည်။

၎င်းအပြင် စက်သုံးဆီများအား မြဝတီ၊ ဘုရားသုံး‌သူအစရှိသော နယ်စပ်မြို့များသို့ တင်ပို့နေသည့် အတွက်ကြောင့်လည်း မွန်ပြည်နယ်အတွင်း စက်သုံး‌ဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်းလည်း ပြောဆိုမှုများရှိ‌နေသည်။

ဘိုဘိုမြင့်

Most Read

Most Recent